Home သတင်း မဲပလီစခန်းကျပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ နတ်ကြီးသို့ပြန်ဆုတ်ပြီး လမ်းပိုင်းတွင် ကင်းပုန်းချနေရာယူ

မဲပလီစခန်းကျပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ နတ်ကြီးသို့ပြန်ဆုတ်ပြီး လမ်းပိုင်းတွင် ကင်းပုန်းချနေရာယူ

246

ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ-၁ နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အခြေစိုက် မဲပလီစစ်တပ်စခန်းကျပြီးနောက် စခန်းမှတပ်ဖွဲ့ဝင်အချို့ နတ်ကြီးရွာရှိတပ်စခန်းသို့ပြန်ဆုတ်၍ နတ်ကြီးမှဘီးလင်းမြို့သို့သွားသည့် လမ်းပိုင်းအချို့တွင် ကင်းပုန်းဝပ်နေရာယူထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်က ဆိုသည်။

တစ်လကြာ တိုက်ခိုက်သိမ်းယူနိုင်ရန် ကြိုးပမ်းခဲ့ရသည့် မဲပလီစခန်းကို ဖေဖော်ဝါရီ(၁)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်က အပြီးသတ် ရရှိခဲ့ပြီးနောက် ထိုစခန်းမှ အရာရှိအဆင့်အပါအဝင် စစ်သုံ့ပန်း(၂၀)ကျော်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စခန်းအား တိုက်ခိုက်သိမ်းပိုက်စဥ် ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ နတ်ကြီး ရွာအခြေစိုက်ထားသည့် ၎င်းတို့တပ်စခန်းများသို့ ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိတွင်လည်း နတ်ကြီးစခန်းသို့ရိက္ခာလာချပေးခြင်းတို့ စစ်ကောင်စီဘက်က လုပ်ဆောင်လျက်ရှိသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်နှင့်ဒေသခံအချို့ကဆိုသည်။

ဘီးလင်းဒေသခံတစ်ဦးက “မဲပလီတိုက်ပွဲက တိုက်ပွဲဖြစ်လို့ဒဏ်ရာရတဲ့သူတွေကို နတ်ကြီးကိုပြန်ခေါ်တယ်လေ။ အဲဒီကိုပဲပြန်ဆုတ်ကြတာ။ နတ်ကြီးမှာလည်းစစ်စခန်းက အခိုင်အမာ ဆောက်ထားတယ်။ တော်လှန်ရေး တပ်ဘက်ကလည်း ထောက်ပို့မလုပ်နိုင်အောင် လမ်းတွေပိတ်ထားတာရှိတယ်။ စစ်တပ်ဘက်က ပိတ်တာတွေလည်းရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသူများတွင် မဲပလီစခန်းဗျူဟာမှူးနှင့်အရာရှိအချို့ပါဝင်လျက်ရှိပြီး ၎င်းတို့နှင့် ကျန်ရှိတပ်ဖွဲ့ဝင်များအား KNLA ပူးပေါင်းတပ်ဖွဲ့များက လိုက်လံရှင်းလင်းလျက်ရှိကြောင်း စခန်းသိမ်းတိုက်ပွဲအတွင်းပါဝင်တိုက်ခိုက်ခဲ့သည့် အမှတ်(၂၇) စစ်ဗျူဟာ အမှတ်(၂)စစ်ဒေသခွဲ ၏ ပြန်ကြားရေး သတင်းပေ့ချ်ဖေ့ဘွတ်(ခ်)မှ ယနေ့ရက်စွဲဖြင့် ဖော်ပြသည်။

နတ်ကြီးရွာ၌ စစ်ကောင်စီတပ်စခန်းအပြင် နယ်ခြားစောင့်တပ်-BGF တပ်စခန်းတစ်ခုလည်းရှိ၍ နတ်ကြီးမှ ဘီး လင်းမြို့ဘက်သို့ဆင်းလာပါက စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၃ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့်နေရာဖြစ်သည်။

မဲပလီစခန်းကျပြီးနောက်တွင် အဆိုပါ ခမရ-၃ မှတပ်ဖွဲ့ဝင်များကလည်း နတ်ကြီးမှ ဘီးလင်းကြား လမ်းပိုင်းတစ်လျှောက် ကင်းပုန်းဝပ်ချထားမှုများရှိသလိုယာယီစစ်ရေးဂိတ်အချို့ထားရှိသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “မဲပလီကျပြီးတော့ ခမရ-၃ ကိုကာတဲ့အနေနဲ့ တညင်းကုန်းအရှေ့ဘက်မှာ ယာယီစစ်ဆေးရေးဂိတ်တွေလာလုပ်ထားတာရှိတယ်။ ခမရ-၃ ဆိုတာ ဘီးလင်းဈေးကပ်ရပ်ရှိတဲ့တပ်ရင်းပေါ့။ နတ်ကြီးဘက်တက်တဲ့တောင်ကြောလမ်းပဲ။ နတ်ကြီးကပြန်ဆုတ်မယ်ဆိုရင် ဝင်နားစရာဆိုလို့ ခမရ-၃ က အနီးဆုံးပဲ။ အဲဒီတော့ သူ့ကိုကာတဲ့ပုံစံနဲ့ ကင်းပုန်းတွေဝပ်ထားတာ” ဟု ၎င်းက ပြောသည်။

မဲပလီတိုက်ပွဲကြောင့် တညင်းကုန်းကျေးရွာလုံးကျွတ်အပါအဝင် စခန်းအနီးအနားမှရွာမှ ကျေးရွာပေါင်း(၁၂)ရွာ၊ လူပေါင်း(၂,၀၀၀)ကျော် ဘေးလွတ်ရာသို့ ယနေ့အထိတိုင် တိမ်းရှောင်နေထိုင်ရပြီး စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့်နေရာထိုင်ခင်းလိုအပ်ချက်များရှိနေသည်ဟု စစ်ရှောင်အရေးအကူအညီပေးနေသူတို့က ပြောသည်။

ထို့အပြင် စခန်းသိမ်းကာလအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်း သုံးတိုက်ခိုက်မှုများရှိနေ၍ နယ်မြေမငြိမ်မသက်မှုကြောင့် လုံခြုံရေးစိုးရိမ်စရာအနေအထားဖြင့် နေထိုင်ရကြောင်းလည်း ဒေသခံတို့ထံမှသိရသည်။