Home သတင်း ထားဝယ် ရောင်းမော်ကျေးရွာ၌ နေအိမ်များကို စစ်ကောင်စီစစ်ကြောင်း မီးရှို့နေ

ထားဝယ် ရောင်းမော်ကျေးရွာ၌ နေအိမ်များကို စစ်ကောင်စီစစ်ကြောင်း မီးရှို့နေ

106
Photo: Social Media

ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာသို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရွာရှိနေအိမ်များကို မီးရှို့နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ထားဝယ်မြို့နယ်၊ ရွှေဂူတံတား စစ်ကောင်စီဂိတ်စခန်းကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက် မီးရှို့ပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်မှ တဆင့် စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကူ စစ်ကြောင်းသည် ရောင်းမော်ရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီ ၃၁ ရက်နေ့မှစတင်ပြီး ရောင်းမော်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ် များကို မီးရိူ့ဖျက်ဆီးမှုများကိုဆက်တိုက် လုပ်ဆောင်လျက်ရှိသည်ဟု လောင်းလုံးမြို့နယ်မှ တော်လှန်ရေး တပ်၊ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ရှဲဒိုးက အတည်ပြုပြောဆိုသည်။

“စစ်ကောင်စီစစ်ကူ စစ်ကြောင်းက ရေဖြူးဘက်ကစစ်ကြောင်းဖြစ်တယ်။ အဲ့ကနေတစ်ဆင့် လောင်းလုံးမြို့ နယ်ထဲကိုဝင်ပြီးတော့ ရွှေဂူတံတားဂိတ်နဲ့ စခန်းကုန်းသိမ်းခံရလို့ အဲ့ဘက်ကိုစစ်ကူအနေနဲ့ သွားတယ်” ဟု ကေအိုင်စီသို့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြောသည်။

လက်ရှိစစ်ကောင်စီ စစ်ကြောင်းသည် ရောင်းမော်ကျေးရွာအတွင်း တပ်စွဲထားသည့်အတွက် အနီးရှိဆေးဖြတ် ကုန်းရွာ၊ ကင်းရှေ့ရွာများမှ ဒေသခံများမှာနီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ထားဝယ်သို့ တိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“အခုကတော့ မြို့က အသိအိမ်မှာ နေနေရတယ်။ ထားဝယ်မြို့ပေါ်ကရပ်ကွက်မှာလည်း ဘယ်နေ့ရှောင်ရမလဲ မသိဘူး။ အခုဖြစ်တာက အိမ်နဲ့လည်းနီးတယ်ဆိုတော့ စိတ်ပူရတယ်။ ကလေးကလည်းငယ်သေးတော့ စိတ်ပူနေရ တယ်။ အခုလည်းရပ်ကွက်ရုံးက mytel ကဒ်သုံးတဲ့သူတွေလာပါဆိုပြီးခေါ်နေသေးတယ်” ဟု သူမက ကေအိုင်စီ သို့ ပြောဆိုသည်။

ထို့အပြင် သရက်ချောင်းမြို့နယ်အလယ်ပိုင်း၊ တောင်ပျောက်တိုက်နယ် အတွင်းရှိ ချောင်းဝပြင်ရွာ၊ သရက်ပင်အိုင် ရွာ၊ ရေချိုချောင်းရွာ နှင့် ဂုံညှင်းဆိပ်ရွာများအတွင်းသို့ ပြီးခဲ့သည့် ဇန်နဝါရီလ၂၈ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၊ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သရက်ချောင်းမြို့နယ်ရှိ စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။