ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီမြို့နယ် ထုံမခါကျေးရွာအတွင်းသို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် ဖေဖော်ဝါရီ ၃ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်အချိန်တွင် ဗုံး(၂)လုံး ကြဲချ မြိတ်ခရိုင်တပ်ရင်း(၂)မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးကြီးက ပြောဆိုသည်။
အဆိုပါ ကျေးရွာ၌ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်း မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းထိုးရန် လမ်းကြောင်းရှင်းလို၍ ယခုလို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ရဲဘော်မျိုးကြီးက ယခုလို သုံးသပ်ပြောသည်။
“မနေ့က နေ့လည်အချိန်မှာ စစ်တပ်ကလာပြီးတော့ ဗုံး(၂)လုံးလာကြဲသွားတယ်။ စစ်တပ်က စစ်ကြောင်းထိုး တော့ မယ်ဆိုရင် အရင်ဆုံးလမ်းကြောင်းရှင်းတဲ့သဘောနဲ့ ဗုံးကြဲလေ့ရှိတယ် ။ အဲ့တာကြောင့် အခြေနေကိုတော့ စောင့်ကြည့် နေ တုန်းပါပဲ” ဟု ၎င်းက ကေအိုင်စီသို့ ဇန်နဝါရီ ၅ ရက်နေ့တွင် ပြောဆိုသည်။
ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံများထိခိုက်သေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုအခြေအနေအသေးစိတ်များကို စုံစမ်းလျက်ရှိနေပြီး အဆိုပါကျေးရွာအနီးရှိ ဒေသခံများအနေဖြင့်လည်း နီးစပ်ရာနေရာများသို့ လတ်တလော ချိန်တွင် ရှောင်တိမ်းလျက်ရှိသည်ဟု ထုံခါကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။
၎င်းက “တချို့ကတော့ နောက်တစ်ခေါက်ပြန်လာမှာကို စိုးရိမ်တယ်။ အဲ့တာကြောင့် တခြားလွှတ်လောက်မယ်ထင်တဲ့ နေရာတွေကို ရွှေ့ပြောင်းတာတွေလည်း ရှိတယ်။ တချို့တွေကျတော့လည်း မြို့ပေါ်နေရာကို ပြောင်းကြတယ်။ အခြေနေကောင်းရင် ပြန်လာတယ်။ စစ်တပ်က တော်လှန်ရေး အားကောင်းတယ်လို့ ထင်တဲ့နေရာအများစုကို လေယာဉ်နဲ့မကြာခဏ ဗုံးကြဲတာတွေရှိတယ်”ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီတပ်မှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးကြဲခံရ၍ ဒေသခံအမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိသွားခဲ့ပြီး နီးစပ်ရာဆေးရုံ၌ ဆေးကုသမှုခံယူနေသည်ဟု သိရသည်။
ထို့အပြင် တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာတွင်လည်း ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ စစ်ကောင်စီစစ်ကြောင်းအား ရွာထဲတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှ ပြည်သူပိုင်နေအိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။