Home သတင်း တနင်္သာရီတွင် စစ်ကောင်စီ စစ်ကြောင်းထိုး ထုံမခါရွာအနီး တိုက်ပွဲဖြစ်ပွားနေ

တနင်္သာရီတွင် စစ်ကောင်စီ စစ်ကြောင်းထိုး ထုံမခါရွာအနီး တိုက်ပွဲဖြစ်ပွားနေ

427

ဖေဖော်ဝါရီ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ် ကျေးရွာများသို့ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ထုံမခါကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ ထုံမခါကျေးရွာနှင့်အနီးသို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၄ ရက်နေ့မှစ၍ သုံးရက်ဆက်တိုက် ဗုံးကြဲ တိုက် ခိုက် ပြီးနောက် ညောင်ပင်ကွင်းရွာ အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၅၆၁)တပ်ရင်း၊ တပ်ဖွဲ့ဝင်များ က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်၊ မြိတ်ခရိုင်တပ်ရင်း(၂)မှ ပြောရေး ဆိုခွင့်ရှိသူက ယခုလို ပြောသည်။

“စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့အရင် လမ်းကြောင်းရှင်းတဲ့သဘောပါ။ ပြီးရင် မြေပြင်ကနေပြီးတော့ စစ်ကြောင်း ထိုးတယ်။ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုတွေရှိတယ်။ ပြီးတော့ လေကြောင်းလာကြဲတဲ့နေရာတွေက တိုက်ပွဲ ဖြစ်တဲ့နေရာတွေကို အဓိကလာကြဲတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တို့ ထုံမခါရွာ အနီးတဝိုက်၌ ပြီးခဲ့သည့် လေးရက်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ထို့အပြင် ထံမခါကျေးရွာရှိ နေအိမ် ၆ လုံးထက်မနည်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့မှုများ ပြုလုပ်နေပြီး ဒေသခံ တို့ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အခုကတော့လေယာဉ်လာရင် လွှတ်တဲ့နေရာတွေကို ရှောင်နေရတယ်။ အခုလက်ရှိမှာ ရွာထဲကဘုန်းကြီး ကျောင်းနေရာတွေမှာ စစ်တပ်ကတပ်စွဲထားတယ်လို့ သတင်းကြားတယ်။ အိမ်တွေကတော့ မီးရိူ့နေတာတွေ လည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်မှလက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၆၈,၀၀၀ ကျော်အထိ ရှိနေသည်ဟု ဒေသတွင်းသုတေသနအဖွဲ့ ဖြစ်သည့် FE5 Thanintharyi ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။