ဖေဖော်ဝါရီ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ ရေနံ ရောင်းချသည့် စင်ကာပူရေနံ ကုမ္ပဏီ Interra Resources Ltd ကို စင်ကာပူစတော့အိတ်ချိန်း၌ ဇန်နဝါရီလကုန်ပိုင်းတွင် ရှယ်ယာရောင်းဝယ်ခွင့် ရပ်ဆိုင်း လိုက်သည်ဟု Finance Uncovered အင်တာနက်စာမျက်နှာ၌ ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာ ရာဇ၀တ်မှုနှင့် အကျင့်ပျက်ခြစားမှုများကို စုံစမ်းဖော်ထုတ်ရေးသားနေသည့် Finance Uncovered နှင့် မြန်မာနိုင်ငံအရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice for Myanmar တို့က အင်တာရာ ကုမ္ပဏီ သည် မြန်မာစစ်တပ်သို့ ရေနံစည်သန်းပေါင်းများစွာ ပံ့ပိုးပေးခဲ့ကြောင်း ထုတ်ဖော်ခဲ့ပြီးနောက် ရှယ်ယာရောင်းဝယ်ခွင့် ရပ်ဆိုင်း လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုလို စင်ကာပူ စတော့အိတ်ချိန်း၌ ရှယ်ယာရောင်းဝယ်ခွင့် ရပ်ဆိုင်းခံရသည့် အင်တာရာကုမ္ပဏီသည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီထံ ရေနံ စည်ပေါင်း ၂.၃ သန်း၊ အမေရိကန်ဒေါ်လာ ၁၅၀ သန်းကျော်ရောင်းချခဲ့သည်ဟု သိရသည်။
ထိုရေနံစည်များကို စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အောက်ရှိ ရေနံ သန့်စင်စက်ရုံများ၌ သန့်စင်ကာ လေယာဉ်ဆီနှင့် ဒီဇယ်ဆီများ ထုတ်လုပ်နေခြင်းဖြစ်သည်။
ထို့အပြင် Interra နှင့် ဖက်စပ်လုပ်ကိုင်နေသည့် Goldpetrol Joint Operating Company Inc သည် စစ်ကောင်စီနှင့် လုပ်ငန်း လုပ်ဆောင်မှုများရှိနေသလို Finance Uncovered နှင့် Justice for Myanmar တို့၏ တွက်ချက်မှုများအရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး လောင်စာဆီ ထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းခန့် လုပ်ငန်းလုပ်ဆောင်ခဲ့သည်ဟု အဆိုပါသတင်း၌ ဖော်ပြထား သည်။
အဆိုပါ အင်တာရာကုမ္ပဏီအနေဖြင့် စစ်ကောင်စီသို့ ရေနံ ရောင်းချရခြင်းသည် ကုန်သွယ်ရေးဆိုင်ရာ စာချုပ်၊ ချုပ်ဆိုထား၍ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာသို့ ရေနံဆက်ရောင်းချရနေခြင်း ဖြစ်သည်ဟု ပြောသည်။
ယခုလို စင်ကာပူစတော့အိတ်ချိန်း၌ ရှယ်ယာရောင်းဝယ်ခွင့် ဆိုင်းငံ့ခံလိုက်ခြင်းသည် အင်တာရာကုမ္ပဏီဘက်က တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မဆိုလိုကြောင်း၊ စင်ကာပူစတော့အိတ်ချိန်း၌ ဖော်ပြထားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပါက ကုန်သွယ်မှုကို ရုတ်သိမ်းရန် တောင်းဆိုသွားမည်ဟု ကုမ္ပဏီဘက်က ပြောဆိုခဲ့သည်။
Source: Finance Uncovered



















