Home သတင်း စက်သုံးဆီဖြတ်မည့် သတင်းကြောင့် မြဝတီမြို့ရှိ ဆီဆိုင်များတွင် ဆီစုဝယ်သူ များပြားနေ

စက်သုံးဆီဖြတ်မည့် သတင်းကြောင့် မြဝတီမြို့ရှိ ဆီဆိုင်များတွင် ဆီစုဝယ်သူ များပြားနေ

191

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဘက်ကို သွယ်တန်းပို့လွှတ်ရောင်းချနေသည့် ထိုင်းလျှပ်စစ်မီးနှင့် စက်သုံးဆီများ ထိုင်းအာဏာပိုင်များဘက်က ဖြတ်တောက်လိုက်၍ ယနေ့ ဖေဖော်ဝါရီ ၅ ရက်၊ နံနက်ပိုင်းတွင် စက်သုံး ဆီပြတ် လပ်သွားမည်စိုးရိမ်ကြသောဒေသခံများသည် မြဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် အလုအယက်အများအပြား လာရောက်ဝယ်ယူ နေကြကြောင်း သိရှိရသည်။

“မနက် မိုးလင်းကတည်းက ရွာဘက်တွေက ဟိုက်ဂျက်ကားတွေ ပေပါတွေတင်ပြီး ရွာဘက်တွေက လာတက် ဝယ်ကြတာ။ မြို့က ဆိုင်ကယ်သမား ကားသမားတွေလည်း ထွက်ပြီး ပုံးတွေတင်ပြီး ဝယ်ကြတာ ဆိုတော့ ဆီဆိုင်တွေ ပြည့်ကြပ်ကုန်ရော၊ ထိုင်းဘက်က ဆီပိတ်မီးပိတ်တာမှာက မီးပိတ်တာ လူထုမထိပေမယ့် ဆီပိတ်တာကတာ့ လူထုပါထိမယ့် သဘောရှိတယ်ဗျ” ဟု မြဝတီ မြိုခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စက်သုံးဆီ ဝယ်ယူစုဆောင်းမှုကြောင့် လတ်တလောတွင် ဆီပြတ်လပ်မှုမကြုံ ရသေးသော်လည်း ထိုင်းနိုင်ငံဘက်မှ လောင်စာဆီတင်သွင်းခွင့်ကို လုံးဝ ရပ်ဆိုင်းလိုက်ပါက မြဝတီမြို့တင်မကဘဲ ပြည်တွင်း လောင်စာဆီ စီးဆင်းမှုပါ ခက်ခဲသွားနိုင်ကြောင်း စက်သုံးဆီဆိုင်လုပ်ငန်းနှင့်နီးစပ်သူတစ်ဦးကလည်း ပြောသည်။

၎င်းက “ဆီကဆိုင်တွေမှာ ဆီကြိုစုထား တာမျိုး၊ အောက်ကိုပို့မယ့် ဆီတွေပါ ရောင်းကုန်ပြီဆိုရင်တော့ ဖားအံတို့၊ မော်လမြိုင်တို့၊ ရန်ကုန်တို့ကို ဆင်းမယ့်ဆီတွေပါ ပြတ်ကုန်မယ်။ ဆီကားက တံတား၂ ကလည်း ပိတ် ၊ အောက် ဂိတ်(BGF)ဂိတ်တွေပါ ကမ်းကူးခွင့် ပိတ်ချပြီဆိုရင် ပြည်တွင်းပါဆီပြတ်မယ့်သဘောဆက်ဖြစ်လာနိုင်တယ် ” လို့ ဟု ပြောသည်။

ယခု လက်ရှိအချိန်ထိ မြဝတီ၊ ရွှေကုက္ကို၊ ဝေါလေနှင့် မယ်ထော်သလေး ဒေသခံများ လောင်စာဆီ ဝယ်ယူရန် ဆီဆိုင်များတွင် ဆီအလုအယက် ဝယ်ယူစုဆောင်းနေကြသည့် သတင်းဓါတ်ပုံများ၊ ရုပ်သံများမှာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့မြင်နေရသည်။