ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂ ၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ နယ်ခြားစောင့်တပ်-BGF နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နယ်မြေ မြဝတီမြို့ရှိ ကျောင်းသားလူငယ်များ ဂိမ်းဆိုင်များနှင့်လောင်းကစားရုံ(အာဝါဒေးဝိုင်း)များကို ခုတုံးလုပ်၍ မူးယစ်ဆေးဝါးသုံးစွဲမှုမဖြစ်စေရန် ပိတ်သိမ်းခိုင်းခြင်းဖြစ်ကြောင်း DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ပြောသည်။
DKBA တပ်ဖွဲ့ဝင်များနှင့်မိသားစုများ သက်သာချောင်ချိရေးအတွက် မြဝတီနှင့်အနီးတဝိုက်တွင် တာဝန်ခံဖွင့် ထားသည့် ဂိမ်းဆိုင်နှင့်အာဝါဒေးဝိုင်းများအား ဇန်နဝါရီလ ၃၁ ရက်နေ့ကကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ပိတ်သိမ်းခိုင်းလိုက်သည့် ထုတ်ပြန်ချက်ကို ယင်းနေ့စွဲဖြင့် DKBA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
DKBA အနေဖြင့် မြဝတီမြို့နယ်ရှိကျောင်းသားလူငယ်များ ဂိမ်းရုံနှင့်အာဝါဒေးဝိုင်းများ၌ မြင်းဆေး ဟုအရပ် ခေါ်သည့် မူးယစ်ဆေးတစ်မျိုးကို အလွယ်တကူ သွားရောက်သုံးစွဲ၍ရနေသောကြောင့် BGF တပ်မှတာဝန်ရှိသူများနှင့်စည်းဝေးဆွေးနွေးပြီး ထိုသို့ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ဒုဗိုလ်ချုပ်ကြီး စောရွှေဝကပြောသည်။
“အဓိက ကလေးတွေပေါ့။ ဂိမ်းရုံမှာသွားပြီး မြင်းဆေးတွေသုံးတယ်။ ဒါကြောင့် BGF နဲ့ပူးပေါင်းပြီး ပိတ်ဖို့သဘောတူကြတာ၊ သူတို့လည်းသဘောတူတော့ ဂိမ်းရုံတွေကိုသွားဖြုတ်တာရှိတယ်။ ဒါကိုအမြဲလိုက်နာရမှာပါ။ မလိုက်နာရင်တော့ဖမ်းဆီးပြီးအချုပ်ထဲထည့်ပါမယ်။ အမိန့်ထုတ်ရဲ့သားနဲ့မလိုက်နာရင် အရေးယူခံရပါမယ်။” ဟု ဗိုလ်ရွှေဝက ကေအိုင်စီသို့ ပြောသည်။
ထုတ်ပြန်ချက်ထုတ်ပြီးနောက်ပိုင်း ယနေ့အထိ DKBA အနေဖြင့် မြဝတီအနီးတဝိုက်မှ DKBA တပ်ဖွဲ့ဝင်၊ တပ်မိသားစုနှင့်ဆက်နွယ်သည့် ဂိမ်းဆိုင်ပေါင်းအလုံး(၆၀)ဝန်းကျင်ကို ပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း DKBA က ဆိုသည်။
သို့သော် မြဝတီမြို့ခံအချို့၏ပြောဆိုချက်အရမူ ယနေ့အထိ မြဝတီမြို့အတွင်းနှင့်အပြင်ဘက် တစ်ချို့ နေရာများတွင် ငါးပစ်ဂိမ်းနှင့်အွန်လိုင်းလောင်းကစားရုံများရှိနေသေးပြီး တချို့လက်နက်ကိုင်များကပင် ဂိမ်းရုံစောင့်အဖြစ် တာဝန်ယူထားကြသည်ဟု သိရသည်။
မြဝတီမြို့နေအမျိုးသားတစ်ဦးကလည်း “DKBA ဆက်ဆံရေးရုံးရှိတဲ့လမ်းကြားထဲမှာတောင် ဂိမ်းဆိုင်တွေရှိတယ်။ အဲဒီဆိုင်တွေတောင် အခုထိဖွင့်နေသေးတာပဲ။ မြို့ထဲမှာလည်း များတယ်။ တချို့ရုံတွေဆို လက်နက်ကိုင်တွေကရုံစောင့်လုပ်ပေးတာ။” ဟု ကေအိုင်စီသို့ ပြောသည်။
DKBA ဘက်က ထုတ်ပြန်ချက်တွင် အကြောင်းကြားစာအား DKBA စစ်ဘက်ဆိုင်ရာခေါင်းဆောင်များအား လိပ်မူပေးပို့ပေးထားခြင်းဖြစ်သလို မြို့နေကျောင်းသားလူငယ်များ ဂိမ်းဆိုင်နှင့်အာဝါဒေးများကြောင့် အကျင့်စာရိတ္တမပျက်ပြားရေး တဖြည်းဖြည်းချင်းတင်းကြပ်ဆောင်ရွက်သွားမည်ဟုလည်း DKBA ၏ ဒု-စစ်ဦးစီးချုပ်က ဆိုသည်။
ယခုတစ်ခေါက် အကြောင်းကြား စာထုတ်ပြန်ပြီးသည့်နောက် ဂိမ်းရုံအချို့အား BGF ဘက်က သွားရောက်ပိတ်သိမ်းလိုက်သည်ဟု သိရသော်လည်း အတည်ပြုနေဆဲဖြစ်သည်။
လက်နက်ကိုင်တချို့ပါဝင်ပတ်သက်နေသည့် ဂိမ်းဆိုင်၊ လောင်းကစားရုံများတွင် စိတ်ကြွမူးယစ်ဆေးဝါးများ အလွယ်တကူ ဝယ်ယူရောင်းချနေသဖြင့် လူငယ်များသုံးစွဲနေနိုင်ခြင်းနှင့်ပတ်သက်ပြီး မြို့ခံပြည်သူများက သက်ဆိုင်ရာအာဏာပိုင်သို့ တိုင်ကြားမှု ယခင်ကရှိခဲ့သည်။ ထိုအခါတိုင်း အာဏာပိုင်တို့က တချို့ဂိမ်းရုံများအား ပိတ်သိမ်းမှုပြုလုပ်လေ့ရှိသော်လည်း လက်ရှိအချိန်ထိမူ တိမ်ကောပပျောက်သွားခြင်းမရှိဟု မြို့ခံတို့ကဆိုသည်။
ပြီးခဲ့သည့် ဇွန်လပိုင်းကလည်း BGF က မြဝတီမြို့ရှိ လောင်းကစားရုံများ ပိတ်သိမ်းရေးအသိပေးမှုပြုလုပ်ကာ မြို့ပေါ်အချို့ရပ်ကွက်ရှိ ဂိမ်းဆိုင်များကို သွားရောက်စီးနင်းဖမ်းဆီးပြခဲ့သေးသည်။ မြဝတီတွင် ဖွင့်လှစ်သည့် လောင်းကစားရုံအများစုမှာ သက်ဆိုင်ရာအာဏာပိုင်တို့ထံသို့ အခွန်ငွေ ဆယ်နှင့်ချီပေးဆောင်၍ တရားဝင်ဖွင့် လှစ်ခွင့်ရသောဆိုင်များဖြစ်ပြီး ယင်းတို့မှလည်း အကျိုးစီးပွားအများအပြားရရှိသည်ဟု သိရသည်။