Home တွေ့ဆုံမေးမြန်းခန်း ကျားဖြန့် ငွေလိမ်ဂိုဏ်းနှိမ်နင်းရေး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကျားဖြန့် ငွေလိမ်ဂိုဏ်းနှိမ်နင်းရေး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့် တွေ့ဆုံမေးမြန်းခြင်း

345

“စစ်အုပ်စုက ကြားခံထားပေးတဲ့အတွက် သူမရှိတော့ဘူးဆိုရင် ကျားဖြန့်လုပ်ငန်းအားလုံး ပပျောက်အောင် ကျနော်တို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံတကာတို့ ပူးပေါင်းပြီး တိုက်ဖျက်မယ်ဆိုရင် အောင်မြင်မှာပါ။”

ကျားဖြန့် ငွေလိမ်ဂိုဏ်းနှိမ်နင်းရေး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့် တွေ့ဆုံမေးမြန်းခြင်း

ထိုင်း-ကရင်နယ်စပ်တလျှောက် ကြီးထွားနေသည့် ကျားဖြန့် ငွေလိမ်ဂိုဏ်းကိစ္စနှင့်ပတ်သက်ပြီး ကေအဲန်ယူ၏ အမြင်သဘောထား၊ ကျားဖြန့်နှိမ်နင်းရေးတွင် ပူးပေါင်းလုပ်ဆောင်မှုရှိမရှိနှင့် ကျားဖြန့် အမြစ်ပြတ်ရေး လုပ်‌ဆောင်ရမည့် အကြံပေးသုံးသပ်ချက်များကို ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးနှင့် တွေ့ဆုံမေးမြန်းထားသည်။

မေး။ လတ်တလော ကရင်ပြည်နယ်အတွင်း၊ အထူးသဖြင့် DKBA၊ BGF နယ်မြေအတွင်းမှာ ကျားဖြန့်ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းအပေါ် ကေအဲန်ယူက ဘယ်လိုစောင့်ကြည့်မှုတွေ လုပ်နေလဲ။
ဖြေ။ တရုတ်စကားလုံးဆိုတဲ့ ကျားဖြန့်ကို မကောင်းတဲ့ လောင်းကစားမှု၊ လူကုန်ကူးမှု အစရှိတဲ့ ခေါင်းစဥ် အောက်မှာ ကြားနေရတယ်။ ကေအဲန်ယူအနေနဲ့ ဒီမကောင်းတဲ့အရာကို ဘယ်သောအခါမှ အားမပေးဘူး။ ကျနော်တို့ရဲ့ မူဝါဒပေါ်လစီအရ ရာဇဝတ်မှုနဲ့ ကျင့်ထုံးမှုဥပဒေထဲမှာ ဒီအရာတွေကို ပိတ်ပင်ပြီး ကျနော်တို့ နယ်မြေထဲက ဖြစ်‌ပေါ်ခဲ့တာတွေကိုလည်း အပြစ်ပေးအရေးယူလုပ်တာတွေ ရှိတယ်။ ဒါကြောင့် သူတို့နှိမ်နင်းနေတဲ့ ကိစ္စဟာ လုပ်သင့်တဲ့အရာတစ်ခုပါ ။ ကရင်ပြည်နယ် ဒါမှမဟုတ် ကော်သူးလေ ဒေသထဲမှာလည်း ဖြစ်နေတဲ့အတွက် ဒါမျိုးတွေ မရှိသင့်ဘူးလို့ မြင်ပါတယ်။

မေး။ ကျားဖြန့် နှိမ်နင်းရေးမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ KNU က ပူးပေါင်း လုပ်ဆောင်တာတွေ ဘယ်လိုရှိပါလဲ။ ထိုင်းနဲ့ ပူးပေါင်း လုပ်ဆောင်တာတွေ ရှိလား ။
ဖြေ။ နိုင်ငံတကာက လူတွေ ကျားဖြန့်လုပ်ငန်းကို လိမ်ခံထိပြီး ရောက်လာကြတဲ့အပေါ်မှာ အရင်တုန်းက ပြန် ကယ်ထုတ်ဖူးတဲ့ လုပ်ငန်းစဥ်တွေ ကျနော်တို့ရဲ့ နိုင်ငံခြားရေးဌာနက ဝိုင်းဝန်းကူညီပေးခဲ့ဖူးတယ်လို့ ကျနော်တို့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပဒိုစောတောနီက အသိပေးပြောဆိုခဲ့တာတွေ ရှိပါတယ်။ လောလောဆယ် နှိမ်နင်းတဲ့အပိုင်းကို ရောက်တဲ့အခါကျတော့ ထိုင်းနိုင်ငံသော်လည်းကောင်း၊ တရုတ်နိုင်ငံသော်လည်းကောင်း ဖမ်းဆီးခံရတဲ့ ကျန်နိုင်ငံသားတွေရဲ့ အစိုးရတွေလည်း ကျနော်တို့ကို တရားဝင် ချိတ်ဆက်ကူညီပေးဖို့ လာပြော တာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့မှာ အချိန်မရွေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပေးဖို့ သဘောထားတွေ ရှိပါတယ်။

မေး။ လက်ရှိ ကျားဖြန့် နှိမ်နင်းရေး လုပ်ငန်းတွေမှာ DKBA နဲ့ BGF တို့ရဲ့ လှုပ်ရှား‌မှုတွေက ထင်သာမြင်သာ တွေ့နေရတယ် ။ KNU ဘက်က ဘာတွေ ပူးပေါင်း လုပ်ဆောင်နေလဲ ။
ဖြေ။ DKBA ဖြစ်ဖြစ်၊ BGF ဖြစ်ဖြစ် တစ်ခုခု လုပ်‌ဆောင်ပေးဖို့ လာရောက်ပြောဆို အကူအညီတောင်းတာတော့ မရှိသေးဘူး။ ဒါပေမယ့် စောစောက ပြောထားသလို လိုအပ်လို့ အကူအညီတောင်းလာမယ်ဆိုရင် ကျနော်တို့အနေနဲ့ ကူညီပေးဖို့ အသင့်ပဲဆိုတာ ပြောချင်ပါတယ်။

မေး ။ ကျားဖြန့် လုပ်ငန်းနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး KNU နဲ့ စကစ စကားပြောတာတွေ ၊ ပူးပေါင်းလုပ်ဆောင်ဖို့ ညှိနှိုင်းတာတွေ ရှိလား ။ ဘယ်လို အခြေအနေရှိလဲ ။
ဖြေ ။ ဒီကိစ္စ စဖြစ်တာက ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်က ဖြစ်ပေါ်လာတဲ့ လုပ်ငန်းစဥ်တစ်ခုပါ။ လုပ်ပိုင်ခွင့်ကလည်း အဲ့ကနေပဲ ဆင်းသက်လာတယ်။ အဲဒီတုန်းက ဘယ်အစိုးရပဲဖြစ်ဖြစ် ကျားဖြန့်ရယ်လို့ ရည်ရွယ်ပြီးတော့ ဖွင့်တာတော့ မဟုတ်ဘူးလို့ ကျနော်တို့ နားလည်ထားတယ်။ ဒါပေမယ့် ဒီကျားဖြန့်ငွေလိမ်ဂိုဏ်း သို့မဟုတ် လူကုန်ကူးမှုလုပ်နေတာတွေက ဒီအစိုးရဆက်ဆက်က ပေးထားတဲ့ လုပ်ပိုင်ခွင့်အတွင်း ဒီကိစ္စတွေ ပေါ်ပေါက်လာတယ်ဆိုတာကို သတင်းတွေထွက်လာတဲ့အချိန်မှ သူတို့ လုပ်ဆောင်နေတာကို ကျနော်တို့ သိခဲ့ရတယ်။

သူတို့ စတင်တဲ့အရာလို့ ကျနော်တို့ ဒီလိုပဲ နားလည်တယ်။ အဲဒါကြောင့် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာလည်း ကျနော်တို့မှာ မရှိဘူး။ အထူးသဖြင့် နွေဦးတော်လှန်ရေးမှာဆိုရင် ပိုပြီး အဆက် သွယ်ပြတ်တောက်ကာ ဒီအာဏာသိမ်းတဲ့ စစ်ကောင်စီကို ပြတ်ပြတ်သားသား ပြန်လည်တော်လှန်တဲ့ လုပ်ငန်းစဥ်တွေကိုပဲ ကျနော်တို့ တစိုက်မတ်မတ် ဆောင်ရွက်တဲ့အတွက်ကြောင့် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ့ဆုံညှိနှိုင်းမှုဆိုတာ မရှိပါဘူး။

မေး ။ ဒီကျားဖြန့်ငွေလိမ်လုပ်ငန်းက ကရင်အမျိုးသားရေး အကျိုးစီးပွား၊ လုံခြုံရေးအတွက် ဘယ်လောက် ခြိမ်းခြောက်မှု ဖြစ်နေလဲ။
ဖြေ ။ လုံခြုံရေးပိုင်းကနေ ကြည့်ရင် ဒီလုပ်ငန်းကနေတဆင့် ဝင်ရောက်လာတဲ့ လူထုလူတန်းစားတွေကို မသိရှိနိုင်ဘူး။ ကျနော်တို့ရဲ့ ကရင်အမျိုးသားလုံခြုံရေးလည်း အရမ်းကိုထိခိုက်ပါတယ်။ ကျနော်တို့ သွားရောက် စိစစ်လို့လည်း မရဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သတ်မှတ်ထားတဲ့ နယ်မြေဆိုပေမယ့် ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေမဟုတ်တဲ့အတွက် ဒီလုံခြုံရေးကို သွားရောက်စုံစမ်းစစ်ဆေးဖို့ မဖြစ်နိုင်တဲ့ အနေ အထားကြောင့် တဖက်မှာ စစ်အုပ်စုဘက်က ကာဗာပေးထားတဲ့ အရာတွေလည်း ရှိနေတော့ ကျနော်တို့ ဒေသလုံခြုံရေးကို အရမ်းစိုးရိမ်မှုတွေ ဖြစ်တယ်။ ကျနော်တို့ကလည်း ဒါကို မလိုလားပါဘူး။

အကျိုးစီးပွားဘက် ကြည့်မယ်ဆိုရင် ကျနော်တို့ ကရင်လူထုရဲ့ အကျင့်စာရိတ္တတွေ ပျက်စီးသလို အဲဒီလုပ်ငန်းမှတဆင့် ပဋိပက္ခတွေလည်း အများကြီး ရှိတယ်။ မြေယာနဲ့ ပတ်သက်တာလည်း အခက်အခဲတွေ ရှိကြတယ်။ ပြည်သူလူထုလည်း ဒုက္ခရောက်ကြတယ်။ အဲဒီမှာ မူးယစ်ဆေးဝါးပြဿနာတွေလည်း ရှိတယ်။ လူငယ်ပိုင်းရဲ့ အကျင့်စာရိတ္တပျက်ပြားမှုနဲ့ လူမှုရေးစတဲ့ မကောင်းတဲ့ ရလဒ်အကျိုးဆက်တွေကို အမျိုးသမီး၊ ကလေးလူငယ်တွေသာမက ကရင်တစ်မျိုးသားလုံးကို ထိခိုက်မှုတွေ ဖြစ်စေတဲ့အတွက် ကျနော်တို့အနေနဲ့ လက်မခံနိုင်တာကိုလည်း နဂိုကတည်းက ပြောထားပြီးသားလည်း ဖြစ်တယ်။ ငွေကြေးရှိတဲ့လူတွေသွားရင်လည်း နောက်ဆုံး အရှုံးရလဒ်နဲ့ပဲ ပြန်လာပြီးတော့ စီးပွားရေးကျဆင်းသွားတာလည်း ရှိတယ်။ စီးပွားရေးအရ ထိခိုက်နစ်နာမှုတွေ ပေါ့နော်။ နိုင်ငံရေးအရကတော့ ဒီနယ်မြေ ဒီဒေသမှာ ဒီလိုလုပ်ငန်းမျိုးတွေ ရှိနေတယ် ဆိုတာကို လုံးဝမဖြစ်သင့်တာပါ။ ကျနော်တို့ ပုံရိပ်တွေကိုလည်း ထိခိုက်တဲ့အပြင် နောက်ဆုံး လုံခြုံရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး နဲ့ ပညာရေးတွေကိုလည်း ထိခိုက်နိုင်တဲ့ ဆိုးဝါးတဲ့ အကျိုးရလဒ်တွေ ရရှိစေတယ်။

မေး ။ ဒီလုပ်ငန်းကို ကရင်ပြည်မှာ အမြစ်ပြတ် တိုက်ဖျက်ဖို့က ဘယ်လို လုပ်ဆောင်ရမလဲ။
ဖြေ ။ ကျနော်တို့က ဒါကို နဂိုကတည်းက လက်မခံဘူး။ အန္တရာယ်ရှိတယ်။ လုံခြုံ‌ရေး၊ နိုင်ငံရေး၊စီးပွားရေး အရ အားလုံးကို ထိခိုက်မှုရှိတယ်။ ဒီထိခိုက်မှုရှိတဲ့အပေါ်မှာ တိုက်ဖျက်ဖို့ အရင်ကတည်းက ဆန္ဒရှိတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ တိုက်ရိုက်နယ်မြေမဟုတ်တော့ တကယ်လက်တွေ့ ဆောင်ရွက်ရရင် ကြုံရမယ့် အခက်အခဲ တွေအများကြီး ရှိမယ်။ ဒီပါဝင်ပတ်သက်နေတဲ့ လူအစုအဖွဲ့တွေက စိတ်ဆန္ဒမရှိဘူးဆိုရင် ကျနော်တို့က ဝင်ရောက် ပူးပေါင်းလို့လည်း အောင်မြင်မှာ မဟုတ်ဘူး။ တဖက် နိုင်ငံသားတွေ ဖြစ်တဲ့ တရုတ်တို့ ထိုင်းတို့ ကျန်တဲ့ အဖမ်းဆီး ခံရတဲ့ နိုင်ငံတော်‌တော်များများက အစိုးရတွေ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင်လည်း ကျနော်တို့ ဘယ်လိုမှ အမြစ်ပြတ်လုပ်လို့ မရဘူး။ ဒါကြောင့် ဒီနိုင်ငံတွေအာလုံးက ပါဝင်ပြီး ကျနော်တို့ ကေအဲန်ယူအနေနဲ့ ပူးပေါင်း ဆောင်ရွက်လို့ရတဲ့ အရာတွေအားလုံးကို လုပ်ဆောင်မယ်လို့ ကျနော်တို့ ထုတ်ပြန်ကြေညာထားပြီးသား ဖြစ်ပါတယ်။ အားလုံးညီညွတ်မှ အမြစ်ပြတ်ချေမှုန်းလို့ရမယ်လို့ အဓိက ပြောချင်ပါတယ်။

မေး ။ ဒီကျားဖြန့်လုပ်ငန်း တိုက်ဖျက်မှုကို ထိထိရောက်ရောက် လုပ်မယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ ။ ဒီလုပ်ငန်းကို စစ်အုပ်စုက ကြားခံထားပေးတဲ့အတွက် သူတို့မရှိတော့ဘူးဆိုရင် ဒီလုပ်ငန်းအားလုံးကို အမြစ် ပြတ်အောင် ကျနော်တို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံတကာတို့ ပူးပေါင်းပြီး တိုက်ဖျက်မယ်ဆိုရင် အောင်မြင်မှာပါ။ အဓိကက စစ်အုပ်စုကပဲ လက်နက်သဖွယ် ဒါကို အသုံးပြုပြီး ဒို့ကရင်လူမျိုးတွေက နိုင်ငံတ ကာရှေ့မှာ ဒါလုပ်‌‌ဆောင်ပါတယ်ဆိုတဲ့ စွဲချက်ဖြစ်အောင် တွန်းပို့တာပါ။ သူတို့သာ မရှိဘူးဆိုရင် ဒါတွေအားလုံးကို အလွယ်တကူနဲ့ တိုက်ဖျက်လို့ရမယ်လို့ ယုံကြည်ပါတယ်။

မေး ။ ကျားဖြန့်ကိစ္စနှိမ်နင်းရေး ကိစ္စကြောင့် ထိုင်းဘက်ခြမ်းတွင်လည်း ပိတ်ဆို့မှုတွေ ဖြစ်လာပြီး ဒီဘက်ထိခိုက်မှုရှိလာခြင်းအပေါ် တဖက်က တောင်ပိုင်းဒေသ၏ တော်လှန်ရေးလှုပ်ရှားမှုအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ ယူဆပါသလဲ။
ဖြေ ။ ကျနော်တို့အနေနဲ့ နဂိုကတည်းက စိုးရိမ်ချက်ရှိတာက ဒီကျားဖြန့်ကို အကြောင်းပြပြီး တော်လှန်ရေး ခရီးလမ်းကို အနှောင့်အယှက်ဖြစ်စေတာပဲ။ နိုင်ငံတကာတွေရဲ့ လုပ်ငန်းစဥ်တွေ ပါလာမယ်ဆိုတာလည်း သတိထားမိပါတယ်။ အဲဒီ လုပ်ငန်းစဥ်ထဲမှာ စောစောက ပြောထားတဲ့ နိုင်ငံတကာရဲ့ ပါဝင်မှုကနေ စစ်ကောင်စီက အသုံးချသွားပြီးတော့ ကျနော်တို့ တော်လှန်ရေးကိုပါ တစ်ခါထဲချေမှုန်းသွားဖို့ သူ့တို့ ရည်ရွယ်ချက်ရှိတာကို မြင်နေရတယ်။ ဒါကြောင့် ကျနော်တို့ သတိနဲ့ ဒီကျားဖြန့်လုပ်ငန်းစဥ်ကို နှိမ်နင်းတဲ့နေရာမှာ သူတို့ အမှန် တကယ်လှုပ်ရှားနေတဲ့ နယ်မြေဧရိယာ တိတိကျကျကို နိုင်ငံတကာထံ သတင်းစကားပါးလို့လည်း ရသလို ကျားဖြန့်နဲ့ မပတ်သက်တဲ့နေရာလို့ ဆိုပြီး ပေးလို့ရတယ်။ ။

ဒီလိုလုပ်မှသာလျှင် ကျားဖြန့်ကိုနှိမ်နင်းပြီးတော့မှ တော်လှန်ရေးပါ နှိမ်နင်းသွားဖို့ ရောသမမွှေသွားမယ်ဆိုတဲ့ စစ်အုပ်စုဘက်က အကြံအစည်တွေကိုလည်း ကျနော်တို့ နိုင်ငံတကာကို အသိပေးဖို့ စဥ်းစားထားတယ်။ ဒီလို ကာဗာလုပ်ခြင်းအားဖြင့် နွေဦးတော်လှန်ရေးကိုလည်း မထိခိုက်အောင် ‌သတင်းအချက်အလက်တွေ ဒီထက်မက ကျနော်တို့ ဖလှယ်နိုင်အောင် နိုင်ငံတကာကျားဖြန့်နှိမ်နင်းရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ လိုအပ်တာတွေလည်း ကျနော်တို့ ပြင်ဆင်ထားပါတယ်။

မေး ။ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသော ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးအမြတ်ထုတ်မှု မခံအောင် ဘယ်လို အကြံပြုစကားပါးချင်သလဲ။
ဖြေ ။ အကြံပြုချင်တာက စစ်ကောင်စီ အစဖော်ထားတဲ့ ဒီကိစ္စကို ကျနော်တို့က နိုင်ငံတကာတွေနဲ့ ကိုယ့်ကရင် ပညာရှင် အစုအဖွဲ့တွေနဲ့ ဆက်သွယ်ညှိနှိုင်းတိုင်ပင်ပြီးမှ ဘယ်လိုရုန်းထွက်သင့်လဲဆိုတာမျိုးနဲ့ လုပ်ဆောင်ရ မယ်လို့ မြင်ပါတယ်။ ဖြည့်စွက်ပြောချင်တာကတော့ နောက်ဆုံးမှာ ဒီအရာကို ဘယ်သူဖန်တီးသလဲ။ ဒီဖန်တီးတဲ့လူကပဲ နိုင်ငံတကာရှေ့မှောက်မှာ ပြန်ရင်ဆိုင်ရမယ်လို့လည်း ယုံကြည်ပါတယ်။