Home သတင်း ကျားဖြန့်လုပ်ငန်းများ ပူးတွဲတိုက်ဖျက်ရေးအတွက် အဆင်သင့်ရှိနေကြောင်း NUG ပြော

ကျားဖြန့်လုပ်ငန်းများ ပူးတွဲတိုက်ဖျက်ရေးအတွက် အဆင်သင့်ရှိနေကြောင်း NUG ပြော

910

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီဒေသတွင်ဖြစ်ပေါ်နေသည့် ကျားဖြန့်ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ပူးတွဲ တိုက် ဖျက်ရေးအတွက် အဆင်သင့်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထုတ်လွှင့်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဥ်မှတဆင့် ပြောသည်။

ကရင့်လက်နက်ကိုင်တပ်များ ထိန်းချုပ်နယ်မြေအတွင်းရှိနေသည့်ကျားဖြန့်လုပ်ငန်းများအား တရုတ်နှင့်ထိုင်း နိုင်ငံက ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုအပေါ် NUG အနေဖြင့် ကြိုဆိုလျက်ရှိသလို ကျားဖြန့်လုပ်ငန်းများ ပူးတွဲတိုက်ဖျက်ရေးအတွက် အသင့်ရှိနေသည်ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။

“ကျနော်တို့အနေနဲ့ ဒီကျားဖြန့်လုပ်ငန်းတွေကို ပူးတွဲတိုက်ဖျက်ဖို့အဆင်သင့်ရှိတယ်ဆိုတာ ထပ်လောင်း ပြောချင်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့အကြမ်းဖက်လုပ်ငန်းတွေ၊ ကျားဖြန့်တွေကို အမြစ်ဖြတ်ဖို့ဆိုရင် သူတို့‌ရဲ့ရေသောက်မြစ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့လိုတယ်ဆိုတာ အိမ်နီး ချင်းနဲ့နိုင်ငံတကာက သိရှိနားလည်ပြီး ပူးတွဲတိုက်ဖျက်ဖို့လိုပါတယ်။” ဟု ဦးကျော်ဇော်က အစီအစဥ်အတွင်း ထည့်သွင်းပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများအနက် အတတ်ကြွဆုံးနိုင်ငံဖြစ်သလို ကျားဖြန့်လုပ်ငန်းများသည်လည်း အိမ်နီးချင်းနိုင်ငံများ၏လုံခြုံရေးအထိ ခြိမ်းခြောက်မှုဖြစ်စေကြောင်း ဖေဖော်ဝါရီ လ(၁၅)ရက်နေ့က ကျင်းပခဲ့သည့် ဂျာမနီနိုင်ငံ၊ မြူနီမြို့ဆွေးနွေးပွဲတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုခဲ့သေးသည်။

ထိုင်းနှင့်တရုတ်နိုင်ငံသည် နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကိစ္စ လူသိပိုများလာသည့်နောက်ပိုင်းတွင် နယ်စပ်လက်နက်ကိုင်တပ်များအား ဖိအားပေးမှုများလုပ်ဆောင်ကာ ကျားဖြန့် အမြစ်ပြတ်ရှင်း လင်းရေးနှင့် ပတ်သက်ပြီး တက်ကြွလျင်မြန်စွာ ဆောင်ရွက်လျက်ရှိသည်ကို မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာကြသည်။

နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်အချို့အပေါ်တွင်လည်း ကျားဖြန့်လုပ်ကိုင်မှု သံသယဖြင့် တရားစွဲ ဆိုရန် စီစဥ်သည်အထိ ထိုင်းအစိုးရဘက်က ဖိအားပေးလာသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီနှင့် ထိုင်းအာဏာပိုင်များ တွေ့ဆုံဆွေးနွေးမှုပြုလုပ်၍ ကျားဖြန့်လုပ်ငန်းများရှင်းလင်းရေး ဆွေးနွေးခဲ့ကြသေးသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးနှင့်အဖွဲ့က ထိုင်းနိုင်ငံမှတဆင့်မြန်မာနိုင်ငံသို့ဝင်ရောက်လာသလို ထိုင်းအာဏာပိုင်များအပါအဝင် မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ နယ်စပ်တစ်နေရာတွင် သုံးနိုင်ငံအစည်းအဝေး ကျင်းပခဲ့သည်။

ကျားဖြန့်ကိစ္စနှင့်ပတ်သက်၍ ထိုင်းနှင့်တရုတ်က နယ်စပ်လက်နက်ကိုင်တပ်များအပါအဝင် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့များနှင့်တွေ့ဆုံမှုအချို့ရှိခဲ့သော်လည်း NUG နှင့် တိုက်ရိုက်ပြောဆိုခြင်းကိုမူ ယနေ့အထိ ပြုလုပ်ဆောင်ရွက်ခြင်းမရှိသေးပေ။