Home တွေ့ဆုံမေးမြန်းခန်း ကေအဲန်ယူ၊ ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန အတွင်းရေးမှူး ပဒိုအယ်ကလူထူးနှင့် တွေ့ဆုံခြင်း

ကေအဲန်ယူ၊ ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန အတွင်းရေးမှူး ပဒိုအယ်ကလူထူးနှင့် တွေ့ဆုံခြင်း

259

ကေအဲန်ယူ၊ ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန အတွင်းရေးမှူး ပဒိုအယ်ကလူထူးနှင့် တွေ့ဆုံခြင်း

“မဟာဗျူဟာ အစီအစဉ်ထဲမှာ …. ချမှတ်ထားတာလည်း ရှိတယ်” ပဒိုအယ်ကလူထူး

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေမတည်ငြိမ်တဲ့ မြို့ရွာတွေမှ ကျောင်းသူ၊ ကျောင်းသားများ ကရင်ပညာ ရေးဌာန လက်အောက်ခံကျောင်းများသို့ ပြောင်းရွှေ့ပညာသင်မှုအခြအနေများ၊ ကရင့်ပညာရေးဌာန၏ နိုင်ငံတကာ အဆင့်မှီ ပညာရေးစနစ်သို့ တက်လှမ်းရန် ပြင်ဆင်နေမှုများ စသည့်တို့ကို ဌာနအတွင်းရေးမှူး ပဒိုအယ်ကလူထူးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ကေအိုင်စီ။ ။ ၂၀၂၁ ခုနှစ် စစ်အာဏာရှင် အာဏာသိမ်းပြီးနောက်ပိုင်း ကော်သူးလေနယ်မြေထဲမှာရှိတဲ့ ကရင့် ပညာရေး ဌာနရဲ့ကျောင်း နဲ့ လုပ်ငန်းအခြေအနေတွေ ဘယ်လို ရှိပါသလဲ။
စောအယ်ကလူထူး ။ ။ ၂၀၂၁ ခုနှစ် စစ်အာဏာရှင် အာဏာမသိမ်းခင်အချိန်က ကိုဗစ်အချိန် မှာ မြန်မာတစ်ပြည် လုံး ကျောင်းမဖွင့်နိုင်တဲ့အချိန်မှာ ကျနော်တို့ ကော်သူးလေနယ်မှာ နယ်မြေခံ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု အောက်မှာ ကျောင်းတွေကို ဖွင့်လှစ်နိုင်တယ်။ ဖွင့်နိုင်တယ်ဆိုပေမယ့် ကျနော်တို့ ဌာနတစ်ခုတည်းလုပ်ခဲ့ကြတာ မဟုတ်ဘူး။ ကျနော်တို့ တခြားဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး နယ်မြေခံ ခေါင်းဆောင်တွေရဲ့ အကြံပြုမှုနဲ့ သူတို့ရဲ့ ဦးစီးဦးဆောင်မှုနဲ့ ကျောင်းတွေကို ဖွင့်လှစ်နိုင်ခဲ့တယ်။ ကြည့်မယ်ဆိုရင် မြန်မာပြည်ထဲမှာ ကျောင်းမဖွင့် နိုင်ဘူး။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြည့်ရင်လဲ ကော်သူးလေနယ်မြေထဲက ကျောင်းတွေမှာ ကျောင်းသူ/ ကျောင်းသားဦးရေ ၃၀ ရာခိုင်နှုန်း ၊ ၄၀ ရာခိုင်နှုန်းလောက် များတာတယ်ဆိုတာကို ပြောလို့ရတယ်။ အခြေအနေကို ကြည့်မယ်ဆိုရင် ကိုဗစ်အချိန် မြန်မာပြည်ထဲမှာ ကျောင်းမဖွင့်နိုင်ဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းမဖွင့် နိုင်ဘူး။ အဲဒါကြောင့် မြို့တွေထဲမှာနေတဲ့ ကျောင်းသူကျောင်းသားတွေ၊ တချို့ဆို စကောနဲ့ ပိုးကရင်စကား မပြော တတ်ဘူး။ တချို့တခြားလူမျိုးတွေတောင်မှ ကျနော်တို့ကျောင်းကို လာတက်တာ တွေ့ရတယ်။

ကျောင်းသူကျောင်းသား များလာတဲ့အပေါ်မှာ ရင်ဆိုင်ခဲ့ရတာတွေလည်း ရှိတယ်။ နံပါတ်တစ် – ဘာသာ စကား အခက်အခဲ၊ နံပါတ်နှစ်-အဆောက်အဦး၊ အဆောက်အဦးကလည်း ကျောင်းသူ/သား များလာတဲ့အပေါ်မှာ အဆင် မပြေဘူး။ နောက်တစ်ခုက ကျောင်းများလာတော့ ဆရာ၊ ဆရာမ အင်အား ပိုထပ်လိုလာ တယ်။ ပြီးတော့ စာရေး ကိရိယာတွေ ဖြစ်တဲ့ ပုံနှိပ်စာအုပ်ဘဲဖြစ်ဖြစ်၊ တခြားသင်ကြားရေး ပစ္စည်းတွေလည်း လိုတယ်။

တစ်ဖက်မှာလည်း ကျောင်းတွေ ရှိလာတဲ့အပေါ်မှာ အင်အားတစ်ခု ဖြစ်တယ်။ အဲဒီနောက်ဆက်တွဲအနေနဲ့ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာပြည်ရဲ့ တိုက်ပွဲတွေက လူလက်နက်ကိုင် အချင်းချင်းကို တိုက်ခိုက်ကြတာ မဟုတ်ဘူး။ ကျောင်းအဆောက်အဦးနဲ့ သင်တန်းနေရာတွေကိုလည်း ပစ်မှတ်တစ်ခုအနေနဲ့ သူတို့ ထားလာ ကြ တယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ကျနော်တို့ရဲ့ ကျောင်းသူ/ကျောင်းသား၊ ကျောင်းဆရာ/မ၊ ကျောင်း အဆောက်အဦးတွေကို လေယာဉ်ပျံနဲ့ ဗုံးကြဲ ဖျက်ဆီးမှုတွေ ရှိတယ်ဆိုတာ တွေ့ရတယ်။

ကေအိုင်စီ။ ။ လက်ရှိ စစ်ကောင်စီက ကျောင်းတွေအပေါ်၊ ရွာတွေအပေါ်မှာလေယာဉ်နဲ့ ပစ်ချတာတွေ၊ လက်နက် ကြီးနဲ့ ပစ်ချတာတွေ တော်တော်များများတွေ့ရတယ်။ အဲဒီအပေါ်မှာ ကျောင်းသူကျောင်းသားတွေ လုံလုံခြုံခြုံ သင်ယူလေ့လာနိုင်ဖို့ ကရင့်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ခရိုင်၊မြို့နယ်တွေကို ညွှန်ကြားချက်(သို့မဟုတ်) အခြေ အနေကို ရသလောက် ပြောပြပေးပါလား။
စောအယ်ကလူထူး။ ။ အခုလက်ရှိ စစ်ကောင်စီဟာ စစ်ဖြစ်တဲ့အထဲမှာ လေကြောင်းကနေ လေယာဉ်ပျံနဲ့ပစ်တာ များတယ်။ လက်နက်ကြီးနဲ့ ပစ်တာ လည်းပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ကရင့်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ခရိုင်၊မြို့နယ်အဆင့် ပညာရေးခေါင်းဆောင်တွေနဲ့ သုံးလတစ်ကြိမ် အမြဲတမ်း တွေ့ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ နေရာဒေသတစ်ခုနဲ့တစ်ခု ဖြစ်ပေါ်တည်ရှိမှုကို အထူးသဖြင့် မြို့နယ်၊ခရိုင်တွေက အသိဆုံးပါဘဲ။ ကရင့် ပညာရေး ဌာနအနေနဲ့ ကေအဲန်ယူက ထုတ်ပြန်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု အကြောင်း အသိပညာပေး စာအုပ်တွေကို ကျောင်းတွေမှာ ဖြန့်ဝေထားတယ်။

ဖြစ်လာရင် ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမလဲ။ လုံခြုံတဲ့ ဘယ်လိုနေရာမျိုးမှာ နေရမှာလဲ။ ခုနပြောသလို ပေါ့။ တချို့ကျောင်းတွေက ကျောင်းကြီးနေရာရှိသလို သူတို့ရဲ့ လုံခြုံရေးအတွက် အေ၊ ဘီ၊ စီလို့ သတ်မှတ်ထားတဲ့ ကျောင်းနေရာ တွေလည်း ရှိတယ်။ အဲဒါတွေအတွက် ကျနော်တို့ နယ်မြေခံ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းလုပ် ဆောင် ကြတယ်။ ခရိုင်၊ မြို့နယ် တွေ ပါဝင်တဲ့ သတင်းအချက်အလက်ဖြန့်ဝေခြင်းအစည်းအဝေးကိုတော့ တကြိမ် ပြီးတကြိမ် ပြုလုပ်တာ ရှိတယ်။

ကေအိုင်စီ။ ။ စစ်အာဏာမသိမ်းခင် အချိန်နဲ့ စစ်အာဏာသိမ်းပြီးအချိန် ကရင့်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန အောက်က ကျောင်းရဲ့အခြေအနေတွေက ဘယ်လို ထူးခြားမှု ရှိလဲ။ သုံးသပ်ပေးပါလား။
စောအယ်ကလူထူး။ ။ စစ်အာဏာမသိမ်းခင် ကျောင်းသူ/သားနဲ့ ကျောင်းဆရာ/မအတွက် သင်ကြား၊သင်ယူမှု တွေမှာ စိုးရိမ်ထိတ်လှန့်စရာ မရှိဘူး။ အခု လက်ရှိ ဆရာ/မ နဲ့ ကျောင်းသူကျောင်းသားတွေက စိုးရိမ်ထိတ်လန့်စရာ တွေ ရှိတယ်။ စိုးရိမ်ကြောင့်ကြစရာမရှိတော့ သင်ကြား/သင်ယူမှုက စိတ်ဝင်စားစရာ ပိုကောင်းတယ်။ အခု ကျနော်တို့ တွေ့ရတာက တခါတလေ လေယဉ်ပျံရဲ့ခြောက်လှန့်မှု၊ လက်နက်ကြီး ကြောက်လှန့်မှုတွေကြောင့် တချို့ စိတ်ဒဏ်ရာက ရှိလာပြီ။

ဥပမာ-လေယဉ်ပျံ ဘယ်တော့လာမလဲ။ လက်နက်ကြီး ဘယ်တော့ ကျမလဲ။ ဆရာ/မတွေကလည်း ချမှတ်ထားတဲ့ သင်ခန်းစာခေါင်းစဉ်တွေ ကို အားလုံးပြီးအောင် သင်နိုင်ပါ့မလား။ သူတို့ချမှတ်ထားတဲ့ သင်ခန်းစာခေါင်းစဉ်တွေ အကုန်မပြီးစီးဘူးဆိုရင် ကျောင်းသူ/သားတွေ ရရှိလိုက်တဲ့ သင်ယူမှုအဆင့်တွေက မလုံလောက်ဘူးဆိုရင် သူတို့ အတွက် စိတ်ဖိစီးမှု ဖြစ်ပြန်တယ်။ အဲဒါက အခု ကျနော်တို့ နယ်မြေဒေသတွေမှာ ရင်ဆိုင်ရတွေဖြစ်ပါတယ်။

ကေအိုင်စီ။ ။ ပြောရမယ်ဆိုရင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန ရဲ့ ရည်မှန်းချက်က နိုင်ငံတည်ဆောက်ဖို့ အဆင့်ထိ ဖြစ်တယ်။ နိုင်ငံတည်ဆောက်ဖို့အဆင့်ဆိုတော့ လက်ရှိမြန်မာနိုင်ငံနဲ့ နည်းတူ တခြားနိုင်ငံတွေနဲ့လည်း ရင်ဘောင်တန်းရမယ်။ အဲဒါကြောင့် ကရင့်ပညာရေးဌာနအနေနဲ့ အရည်အချင်းပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အဖြစ် ဆရာ/မတွေအတွက်ဘဲဖြစ်ဖြစ် ၊ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာဘဲဖြစ်ဖြစ် အခြေအနေ ဘယ်လို ရှိပါသလဲ။
စောအယ်ကလူထူး။ ။ ပညာရေးမှာ အဓိကကျောရိုးပင်မက သင်ရိုးညွှန်းတမ်းဘဲ။ သင်ရိုးညွှန်းတမ်းကို စနစ်တကျ မှန်အောင်ချနိုင်ရင် ပညာရေးက လိုသလောက် သွားလို့ရမယ်။ အဲဒါကြောင့် အထူးသဖြင့် အခု ကျနော်တို့ ပညာရေး နှင့် ယဉ်ကျေးမှုဌာနက သင်ရိုးညွှန်းတမ်း ကို Key state လို့ ခေါ်တယ်။ သင်ရိုးညွှန်းတမ်းကို ဘယ်နှစ်နှစ်တစ်ကြိမ် ပြန်မွမ်းမံရမလဲဆိုတဲ့ ချမှတ်ထားတဲ့ ပေါ်လစီတွေ ၊စည်းကမ်းတွေ လည်း ရှိတယ်။ သင်ရိုးညွှန်းတမ်းကို အခု ပြန် သုံးသပ်တယ်။ ပြန်ကြည့်တယ်။

သင်ရိုးညွှန်းတမ်းမှာပါတဲ့ အခုလက်ရှိအခြေအနေနဲ့ မကိုက်ညီတဲ့ အကြောင်းအရာတွေအတွက် ကျနော်တို့ရဲ့ လက်ရှိအခြေအနေနဲ့ ပိုကိုက်ညီတဲ့အကြောင်းအရာတချို့နဲ့ ပြန်ထည့်ပေးရတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ် တစ်ခေတ်ချင်းစီရဲ့ တိုးတက်မှုက မတူညီကြဘူး။ အထူးသဖြင့် အခြေခံပညာ သင်ရိုးညွှန်းတမ်းတွေကိုလည်း ပြန်ကြည့်တာ အဆင့်(၁)တော့ ပြီးပြီ။ အဆင့်(၂)ဘဲ ကျန်တယ်။ အဆင့်မြင့်ပညာရေးဘက်မှာဆိုရင်လည်း ခုန ပြော သလိုဘဲ။ အဆင့်မြင့်ပညာရေး သင်ရိုးညွှန်းတမ်းဘောင် တွေကို ပြန်ကြည့်ပြီး လက်ရှိခေတ်နဲ့ လျော်ညီတဲ့ အကြောင်းအရာတွေကို ပိုထပ်ထည့်လာတယ်။ နောက်တစ်ခုက ဝန်ထမ်းတွေရဲ့ အရည်အချင်းဖြစ်တယ်။

ဝန်ထမ်းတွေရဲ့ အရည်အချင်းဆိုတာ ကျောင်းဆရာ/မ တွေကစ တစ်ဆင့်ပြီးတစ်ဆင့် မြို့နယ်၊ခရိုင်၊ ဗဟိုအဆင့် အထိပေါ့။ အဲဒါကြောင့် ဝန်ထမ်းအင်အားနှင့်အရည်အသွေး များအတွက် လုပ်ငန်းစဉ်ချမှတ်ထားတယ်။ တစ်နှစ် အတွင်းမှာ ဘာအကြောင်းအရာခေါင်းစဉ်တွေ ပါသင့်လဲ ဆိုတာ တခုချင်းစီကို ချမှတ်ထားတယ်။ ကျနော်တို့ ရဲ့ မဟာဗျူဟာ အစီအစဉ်ထဲမှာ ချမှတ်ထားတာလည်း ရှိတယ်။ ကော်သူးလေကျောင်းမှာ အောင်တဲ့ ကျောင်းသား လူငယ်တွေ အနေနဲ့ တက္ကသိုလ်တက်တဲ့အခွင့်အရေး ရှိဖို့အတွက် တင်မကဘဲ တက္ကသိုလ်ဘွဲ့ရပြီးတဲ့အခါ ကရင့် ပညာရေးနဲ့ ယဉ်ကျေးမှုဌာနမှတင် မဟုတ်ဘဲ တခြား ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ ပြန်လာဝိုင်းကူ လုပ်ဖို့ အတွက် ကျနော်တို့ ရေးဆွဲထားတဲ့ မဟာဗျူဟာထဲမှာ ထည့်သွင်းထားတယ်။

ကေအိုင်စီ။ ။ အခုလို ပဋိပက္ခ ၊ အကြပ်အတည်းကာလမှာ ၂၀၂၅ ခုနှစ်အတွင်း ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန ရဲ့ ပညာရေး အောင်အောင်မြင်မြင်ဖြစ်ထွန်းအောင် ရှေ့လုပ်ငန်းစဉ်တွေ ဘာများ ချမှတ်ထားပါသလဲ။
စောအယ်ကလူထူး။ ။ ခုနပြောသလိုဘဲ။ ကျနော်တို့ရဲ့ နယ်မြေ ခရိုင်တွေထဲမှာ ကလေးတွေရဲ့ သင်ယူလေ့လာ မှုအတွက် အခက်အခဲတစ်ခုက ပုံနှိပ်စာအုပ်ဖြစ်တယ်။ ဆရာမတွေ ရဲ့ စားဝတ်နေရေးအတွက် လိုအပ်တဲ့ ကူညီ ထောက်ပံ့မှုတွေကလည်း အခက်အခဲရှိတယ်။ ကျနော်တို့ ရင်ဆိုင်ရတဲ့အခက်အခဲကတွေ က တော်တော်လေး ရှိပါ တယ်။ ဒါကြောင့် ကျနော်တို့ ကရင့်ပညာရေးနှင့် ယဉ်ကျေးမှု ဌာနက အခက်အခဲတွေကို အနီးစပ်ဆုံး ကေအဲန်ယူ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးတိုင်ပင်ဝေမျှကြတယ်။ အဲဒါတင်မကသေးဘူး။

အခြေခံ အဖွဲ့အစည်းတွေဖြစ်တဲ့ ကျနော်တို့ရဲ့ ပညာရေးနဲ့ စပ်လျင်းတဲ့ အဖွဲ့အစည်းတွေနဲ့ ဘယ်လိုလုပ် သင့်လဲ ဆိုတာ နှီးနှောတိုင်ပင်စည်းဝေးကြတာတွေလည်း ရှိပါတယ်။ ပြီးတော့ NGO, INGOတွေနဲ့လည်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် အလုပ်လုပ်ကြပါတယ်။ ဥပမာ-ကျနော်တို့ နယ်မြေထဲက တည်တည်ငြိမ်ငြိမ်မဟုတ်ဘဲ ရွှေ့ပြောင်း သင်ယူ နေရတဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို လျှော့ချနိုင်ဖို့အတွက် ကျနော်တို့ သူတို့နဲ့ ဆွေးနွေး ထားကြတယ်။

ကေအိုင်စီ။ ။ ကျနော်မမေးရသေးတဲ့ ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာနအနေနဲ့ ပြည်သူတွေကို ပြောချင်တဲ့ အကြောင်းအရာတွေ ရှိသေးပါသလား။
စောအယ်ကလူထူး။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့နယ်မြေဒေသတချို့မှာ တွေ့ရပါလိမ့်မယ်။ လူတစ် ယောက်ချင်းစီရဲ့ လုံခြုံရေးနဲ့ ပါတ်သက်ပြီး အခု စစ်ကောင်စီရဲ့ လေကြောင်း စစ်ရေး ၊ လေယာဉ်ပျံနဲ့ ခြိမ်းခြောက် တာတွေနဲ့ လက်နက်ကြီး လှမ်းပစ် ခြိမ်းခြောက်တာတွေက ဖြစ်ချင်သလိုဖြစ်၊ ပစ်ချင်သလိုပစ် နေရာတိုင်းကို ဖြစ်နိုင်တယ်။ သာမန်လူရဲ့ စကားအရ ပြောမယ်ဆိုရင် “သူ့နဖားမရှိဘူး” လို့ ပြောကြတယ်။ အဲဒါကြောင့် ကျနော်ပြောချင်တာက လက်ရှိ မှာ အဲဒီခြိမ်းခြောက်ပစ်ခတ်မှုတွေကြောင့် ကျနော်တို့ရဲ့ကျောင်းသူ ကျောင်းသား တွေ၊ လူငယ်တွေ၊ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရ၊သေကြေတာတွေ ရှိတယ်။ အထူးသဖြင့် ကျနော်ပြောချင်တာက ပညာရေးကိုတော့ တစ်ယောက်တည်း လုပ်လို့မရဘူး။

နယ်မြေခံကျောင်းသားမိဘတွေအတွက် အထူးသဖြင့် ကိုယ့်သားသမီးတွေအားလုံး တစ်ယောက်ချင်းစီရဲ့ လုံခြုံရေး အတွက် ပိုပြီး ပူးပေါင်းဆောင်ရွက်စေချင်ကြတယ်။ ကလေးတွေကို ထိန်းသိမ်း ကြည့်ရှုစောင့် ရှောက်ဖို့ အတွက် လည်း မှာချင်ပါတယ်။ ဒီလို ပဋိပက္ခအခြေအနေတွေမှာ ကလေးတွေကို ကျောင်းမပို့ချင် တဲ့မိဘတချို့ ကိုလည်း တွေ့ရ တယ်။ ကျနော်တို့အနေနဲ့ကတော့ ဘယ်လိုဘဲ ရင်ဆိုင်ရ ၊ ရင်ဆိုင်ရ ကိုယ့်သားသမီးတွေရဲ့ တိုးတက်ရာ၊ တိုးတက်ကြောင်းအတွက် အတူတူ လက်တွဲပြီး ကျောင်းပိုးကြဖို့အတွက် သူတို့ကို ပြောချင်ပါတယ်။