Home သတင်း စစ်ဘေးရှောင်များအတွက် ဘတ်နှစ်သန်းတန်ဖိုးရှိ အကူအညီများပေးအပ်ခဲ့ကြောင်း KPSN ထုတ်ပြန်

စစ်ဘေးရှောင်များအတွက် ဘတ်နှစ်သန်းတန်ဖိုးရှိ အကူအညီများပေးအပ်ခဲ့ကြောင်း KPSN ထုတ်ပြန်

700
Photo: KPSN

ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ခရိုင်(၄)ခုတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် စစ်ရှောင် ပြည်သူများအား ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဘတ်နှစ်သန်းတန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN က ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ကေအဲန်ယူ၏ ထိန်းချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင် (၉)သိန်းခန့်ရှိသည့်အနက် အရေးပေါ်အကူအညီလိုအပ်နေသည့် ခရိုင်(၄) ခုအတွက် စားနပ်ရိက္ခာ အကူအညီများနှင့်ငွေကြေး အထောက်အပံ့များကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ခရိုင် (၇) ခုထဲမှာ ပြန်ကြည့်ရင် စစ်ဘေးရှောင်က (၉)သိန်းလောက်ရှိနေသေးတယ်။ တိုက်ပွဲက ပုံမှန် ဆက်ရှိနေသေးတော့ ရွာကို မပြန်နိုင်ကြသေးတဲ့အတွက် အကူအညီတွေ ဆက်လိုအပ်နေ သေးတဲ့အပေါ်မှာ ဘယ်နေရာကတော့ဖြင့် အဓိက ပိုလိုအပ်နေသလဲဆိုတာကို ခရိုင်မှူးတွေနဲ့ ဆွေး နွေးပြီး သူတို့ ပြောလာတဲ့ နေရာကို သူတို့ ရဲ့ အကူအညီနဲ့ သွားကူညီဖြစ်ခဲ့ကြပါတယ်” ဟု ပြောသည်။

KPSN အနေဖြင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေများဖြစ်သည့် ဒူးသထူ(သထုံ)ခရိုင်၊ ဒူးပလာယာခရိုင်၊ ညောင်လေးပင်ခရိုင် နှင့် မူတြော်(ဖာပွန်) ခရိုင် (၄)ခုအတွင်းရှိ စစ်ရှောင်နေရဆဲ စစ်ဘေးရှောင် (၅,၀၀၀) ကျော်အတွက် ခရိုင်အလိုက် လိုအပ်ချက်များအပေါ်မူတည်၍ အကူအညီများ ပေးပို့လှူဒါန်ခဲ့ကြောင်း KPSN က ပြောသည်။

ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ စစ်ဘေးရှောင်လူဦးရေ (၆၆၂)ဦး အိမ်ထောင်စု အားဖြင့် ၁၂၀ ခန့်ကို ဘတ်ငွေ(၅)သိန်း တန်ဖိုးရှိငွေကြေး အကူအညီများကို ပေးအပ်ခဲ့ပြီး ဒူးပလာ ယာခရိုင်၊ ကျုံဒိုး မြို့နယ်အတွင်းရှိ ရေပူကြီး ကျေးရွာအုပ်စုမှ ဒေသခံ စစ်ဘေးရှောင် (၁,၆၄၁) ဦး အိမ်ထောင်စုအားဖြင့် (၅၃၇) စုကို ဘတ်ငွေ (၃) သိန်းတန်ဖိုးရှိ စားနပ်ရိက္ခာ အကူအညီများကို ပေးအပ်ခဲ့ကြောင်း KPSNက ထုတ်ပြန်ထားသည်။

Photo: KPSN

ထို့အပြင် စစ်ရှောင်အများဆုံးရှိရာ ညောင်လေးပင်ခရိုင်အတွင်းရှိ အကူအညီ အဓိက လိုအပ်နေသည့် ကျေးရွာ (၄)ရွာမှ စစ်ဘေးရှောင် (၂,၅၆၀)ဦးအတွက် ဘတ်ငွေ(၅) သိန်းတန်ဖိုးရှိ အရေးပေါ် စား နပ်ရိက္ခာ အကူအညီများကို ပေးအပ်ခဲ့ကြောင်း KPSN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခုလို ကူညီထောက်ပံ့မှုများကို ကရင်လူမှုအသိုင်းအဝိုင်းအပြင် နိုင်ငံတကာရောက် ကရင် အမျိုး သားများ၊ ဘုရားကျောင်းနှင့် KPSN ကွန်ရက်အဖွဲ့ဝင် အဖွဲ့အစည်းများ၏ စုပေါင်းလှူဒါန်းသည့် အလှူငွေများဖြင့် အကူအညီပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

KPSN ၏ နောက်ဆုံးထုတ်ပြန်ထားသည့် နိုဝင်ဘာလ အစီရင်ခံစာတွင် ကေအဲန်ယူ ထိန်းချုပ်ရာ နယ်မြေ များအတွင်း စစ်ဘေးရှောင် ဦးရေ ၁ သန်းကျော်ခန့် မြင့်တက်လာသည်။ ၎င်းတို့အတွက် အဓိက လိုအပ် သည့် ဆန်စားနပ်ရိက္ခာမှာ လာမည့်နှစ်၂၀၂၅ ခုနှစ်တွင် စစ်ရှောင် တစ်ဦးချင်းအတွက် (၆)လစာ ဆန်ထောက်ပံ့မှုပေးရန် အမေရိကန် ဒေါ်လာ(၁၁၄) သန်း လိုအပ်နေကြောင်း တွက်ချက်တင်ပြထားသည်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကေအဲန်ယူ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ပြီး နယ်မြေချဲ့ထွင်မှုများ ပြုလုပ်လာနိုင်ခဲ့သည်။

ထိုသို့ စခန်းသိမ်းတိုက်ပွဲများကြောင့် မြေပြင်စစ်ရေးအရေးနိမ့်သည့် စစ်ကောင်စီဘက်က လေကြောင်း နှင့် လက်နက်ကြီးပစ်ကူကို အားထား၍ ပြန်လည် တုံ့ပြန်တိုက်ခိုက်မှုများကြောင့် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများ ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့ပြီး သိန်းနှင့်ချီ၍ စစ်ရှောင် နေကြရဆဲဖြစ်သည်ဟု စစ်ရှောင်အရေးကူညီသူများက ပြောသည်။