Home သတင်း တောင်ကလေး ကရင်နှစ်သစ်ကူးပွဲတော်တွင် အမြင့်(၄၆)ပေရှိ ကရင်အမျိုးသားအလံတော် ပုံတူရုပ်ထု ဖန်တီးပြသ

တောင်ကလေး ကရင်နှစ်သစ်ကူးပွဲတော်တွင် အမြင့်(၄၆)ပေရှိ ကရင်အမျိုးသားအလံတော် ပုံတူရုပ်ထု ဖန်တီးပြသ

2644

ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

(၃၃) ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ပွဲတော်အဖြစ် ကျင်းပမည့် ကရင်ပြည်နယ်၊ ဖားအံမြို့အနီး တောင်ကလေး (ဖလုံပညာ့ တဝေါင့်)ကျေးရွာ နှစ်သစ်ကူးကွင်းတွင် ကရင်လူမျိုးတို့၏ အမှတ် သင်္ကေ တဖြစ်သည့် အမြင့်(၄၆)ပေနှင့် အလျားပေ (၇၀)ကျော်ရှိ ကရင်အမျိုးသားအလံတော် ပုံတူရုပ်ထုကို ဖန်တီးပြသထားသည်။

ဒီဇင်ဘာ(၃၀)ရက်နေ့တွင် ကျရောက်မည့် ၂၇၆၄ ခုနှစ် ကရင်နှစ်သစ်ကူးနေ့အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ လဒုတိယအပတ်မှစ၍ ဖန်တီးပုံဖော်ခဲ့ရသော ကရင်အမျိုးသားအလံတော် ပုံတူပန်းချီ ဖွင့်ပွဲကို အခမ်းအနားအစီအစဥ်ကို ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကရင်အမျိုးသားအလံတော် ပုံတူရုပ်ထုအား ကရင်တစ်မျိုးသားလုံး အလံတော် တစ်ခုတည်းအောက်တွင် စည်းလုံးစွာရှိကြရေးကိုရည်ရွယ်၍ ဖန်တီးပြသပေးခြင်းဖြစ်သည်ဟု ဖလုံပညာ့တဝေါင့် ကရင်နှစ်သစ်ကူး‌နေ့အခမ်းအနားဖြစ်‌မြောက်‌ရေး ဦး‌ဆောင်နာယက ဆရာ‌တော် ဦးဥတ္တမက ဖွင့်ပွဲအခမ်းအနားတွင် မိန့်ကြားသည်။

ဦးဥတ္တမက “ဒီနှစ်မှာတော့ အလံတော်ပုံတူပန်းချီတစ်ခု ဖန်တီးနိုင်ခဲ့တယ်။ အကြောင်းရင်းက ကရင် လူမျိုးတွေအားလုံး စုပေါင်းခြင်း၊ ညီညွတ်ခြင်းနဲ့ ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်ဖို့ရန်အတွက် မိမိတို့ သွားမည့်ခရီးကို ‌ရောက်ရလေအောင်ဆိုပြီး ကရင်လူမျိုးများရဲ့ အလံအောက်မှာ တိုင်ပင်ဆွေးနွေးပြီး ပျော်ရွှင်ချမ်းမြေ့သောဘဝ တည်ဆောက်နိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

ထို့အပြင် ရပ်နီးရပ်ဝေးရှိ ကရင်တိုင်းရင်းသားလူမျိုးများ လေးစားတန်ဖိုးထားနိုင်ရန် ရည်ရွယ်ကာ ကျေးရွာရှိ လက်မှုပညာရှင်နှင့် ပန်းချီပညာရှင်လူငယ်များက ပုံစံမတူအောင် နှစ်စဉ်ဖန်တီးပြ သပေး ခြင်းဖြစ်သည်ဟု အဆိုပါ အလံတော် သင်္ကေတ ရုပ်ပုံ ဖြစ်မြောက်ရေးနှင့် ပတ်သက်၍ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ စောကြည်လင်းက ယခုလို ပြောသည်။

“ရည်ရွယ်ချက်မပါဘဲနဲ့ အရုပ်တွေကို ဒီတိုင်းလုပ်ချင်တိုင်း လုပ်လို့ရတာ မဟုတ်ဘူး။ ဒီနှစ် ကျနော်တို့ ကရင်အမျိုးသားတစ်ရပ်လုံးက နှစ်သက်မြတ်နိုးတဲ့ ကရင်အမျိုးသားအလံတော်ကြီး ဖြစ်လာဖို့ ပညာရှင် တွေ တော်တော်များများက ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီအချိန်မှာ ကောင်းကောင်းမွန်မွန် စိုက်ထူ နိုင်ခဲ့ပြီး ဖွင့်ပွဲကို လုပ်နိုင်ခဲ့ပါတယ်”ဟု ၎င်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ ကရင်အမျိုးသားအလံတော်ပုံတူရုပ်ထု ဖြစ်မြောက်ရန်အတွက် အချိန်(၁၉)ရက်ကြာ လုပ်‌ဆောင်ခဲ့ရသည့်အတွင်း ဝေဖန်မှုများလည်း တွေ့ကြုံခဲ့ရကြောင်း ကရင်လူငယ်ပန်းချီဆရာ စောထွန်းလင်းက ဖွင့်ပွဲအခမ်းအနားတွင် ရှင်းလင်း ပြောကြားသွားသည်။

၎င်းက “ဒီနှစ်လုပ်တဲ့အရုပ်က အချိန်အကြာဆုံးလို့ ပြောလို့ရတယ်။ အချိန်ယူပြီး လုပ်ရတဲ့ အလုပ် တစ်ခုကို ဝေဖန်ခံခဲ့ရတာတွေလည်း အများကြီးတွေ့ရပေမယ့် ကိုယ်လုပ်ရမယ့် တာဝန်ကို အကောင်းဆုံး ဖြစ်မြောက်အောင် အဓိက စဥ်းစားပြီးမှ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ လက်ရာပိုင်းဆိုင်ရာရော ၊ အတွေ့အကြုံပိုင်းဆိုင်ရာရော ပညာတွေအများကြီးရတယ်” ဟု သူ့အတွေ့အကြုံကို ပြောပြသည်။

နှစ်စဉ်နှစ်တိုင်း ကရင်နှစ်သစ်ကူးနေ့ပွဲတော်ပြုလုပ်ရာတွင် ပုံစံမတူအောင် ဖန်တီးရခြင်းသည် ကရင်နှစ် သစ်ကို ကြိုဆိုခြင်းဖြစ်သလို အနယ်နယ်အရပ်ရပ်ရှိ ကရင်လူ ပြည်သူများမှ အသိအမှတ်ပြု စိတ်ဝင် စားခြင်းဖြင့် နှစ်စဉ် ကရင်လူမျိုးတို့နှင့် သက်ဆိုင်သည့် အမှတ်အသားများကို ဖန်တီးပြု လုပ်ပေးသွားရန်ဖြစ်ကြောင်းလည်း ပွဲတာဝန်ရှိသူများက ဆိုသည်။

တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိ၏ ဩဝါဒလမ်းညွှန်မှုဖြင့် ၂၀၁၅ ခုနှစ်ကစ၍ တောင်ကလေး (ဖလုံပညာ့ တဝေါင့်)ကျေးရွာ နှစ်သစ်ကူးကွင်းအတွင်း ဒုံးစင်မြင့်၏ ညာဘက်၌ မုဆိုးရုပ်ပုံ၊ ဘယ်ဘက်၌ လက်‌ဝှေ့သမားပုံများဖြင့် စတင် ဖန်တီးပြသခဲ့သည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင် နှစ်သစ်ကွင်း၏ အလယ်ဗဟို၌ ကရင်မုဆိုးကြီးနှင့် သူ၏ ခွေးပုံ၊ ၂၀၁၉ ခုနှစ် တွင် မင်္ဂလာဆင်ရုပ်နှင့် စပါးထမ်းထားသည့် လယ်သမားကြီးပုံ၊ ၂၀၂၃ ခုနှစ်တွင် ငြိမ်းချမ်းရေးချိုး ငှက်ရုပ်စသည်ဖြင့် ကရင်လူမျိုးတို့၏အမှတ်လက္ခဏာများကို တမူထူးခြားစွာ ဖန်တီးပြသခဲ့ကြောင်း ပွဲအခမ်းအနားမှတ်တမ်းများအရ သိရသည်။