Home သတင်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများ၏ မမျှတမှုကြောင့် ပဋိပက္ခများဖြစ်ပွားရခြင်းဖြစ် ကြောင်း ဗိုလ်မှူးချုပ်စောချစ်သူပြော

တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများ၏ မမျှတမှုကြောင့် ပဋိပက္ခများဖြစ်ပွားရခြင်းဖြစ် ကြောင်း ဗိုလ်မှူးချုပ်စောချစ်သူပြော

762
Photo: Social Media

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူ မြန်မာအစိုးရတို့၏ တိုင်းရင်းသားလူမျိုးများအပေါ် မမျှတ သောအုပ်ချုပ်မှုကြောင့် ပြည်တွင်းပဋိပက္ခများဖြစ်ပေါ်လာရကြောင်း နယ်ခြားစောင့်တပ်-BGF / ကရင်အမျိုးသားတပ်မတော်-KNA အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်စော ချစ်သူက ယနေ့ ကျင်းပသည့် အဖွဲ့၏ စစ်သင်တန်းဆင်းအခမ်းအနားတွင် ပြောသည်။

(၁၄)ကြိမ်မြောက်ကျင်းပသည့် BGF/KNA ၏ ၃ လတာ စစ်သင်တန်းပြီး မြောက်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာရှိ စစ်ရေးပြ ကွင်းတွင် ယနေ့ ဒီဇင်ဘာလ(၂၇)ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားအမှာ စကားပြောကြားရာ၌ ဗိုလ်မှူးချုပ် စောချစ်သူက ထိုသို့ပြောကြားထားခြင်းဖြစ်သည်။

“အခုအခင်းအကျင်းကို ပြောရမယ်ဆိုရင် ခင်ဗျားတို့၊ ကျနော်တို့တွေအားလုံး ဘာအပြစ်မှ မရှိဘူး။ ဗမာအချင်းချင်း အထက်ကအကြီးအကဲအချင်းချင်း ဖြစ်ပေါ်နေတဲ့ပြဿနာက ကျနော်တို့တိုင်းရင်းသားတွေအားလုံးပါ ဒုက္ခရောက်တယ်။ ကျနော်တို့တိုင်းရင်းသားတွေမှာ အပြစ်မရှိပါဘူး။ နိုင်ငံအုပ်ချုပ်တဲ့မင်း၊ ပုဂ္ဂိုလ်ကြီးတွေဟာ တိုင်းရင်းသားအားလုံးကို မျှမျှ တတ ဝက်သားစားတဲ့သူကို ဝက်သားကျွေးပါ၊ ဆိတ်သားစားတဲ့သူကိုဆိတ်သားကျွေးပါ။ သက်သတ်လွတ်စားတဲ့သူကို သက်သတ်လွတ် ကျွေးမယ်ဆိုရင် ဘယ်ရန်ငြိုးရန် စမှဖြစ် လာစရာအကြောင်းမရှိဘူး။” ဟု ဗိုလ်မှူးချုပ်စောချစ်သူက ပြောကြားသည်။

ထို့အပြင် မြန်မာပြည် တွင်းရှိနေသည့် တိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စု အောက်မှခွဲမထွက်ဘဲ ဆက်လက်ရှိနေပြီး မိမိကံကြမ္မာမိမိဖန်တီးနိုင်ရေး၊ မိမိတို့ပြည် နယ်ဖွံ့ဖြိုးရေး၊ မိမိတို့လူမျိုးကိုကာကွယ်စောင့်ရှောက်နိုင်ရေး လိုအပ်သည့် အခွင့်အရေး အတွက် လက်နက်စွဲကိုင်တော်လှန်ရမည်ဖြစ်ကြောင်းလည်း စောချစ်သူက သင်တန်းဆင်းတပ်ဖွဲ့များအား ဆက်လက်ပြောဆိုသည်။

Photo: Social Media

သင်တန်း(၃)လတာကာလအတွင်း အခြေခံစစ်သင်တန်းအပြင် လက်နက်ကြီးသင်တန်းကို ထည့်သွင်းပို့ချခဲ့ပြီး တပ်ဖွဲ့ဝင် စုစုပေါင်း ၁,၅၀၀ ကို သင်တန်းဆင်းပေးနိုင်ခဲ့သည့်အနက် အမျိုးသမီးတပ်ဖွဲ့ဝင် ၁၀၀ ခန့်ပါဝင်သည်ဟု သိရသည်။

အဆိုပါသင်တန်းဆင်းပွဲသို့ BGF/KNA မှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် စောချစ်သူအပြင်၊ ဗိုလ်မှူးစောတင်ဝင်း၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များနှင့် ဘာသာရေး ခေါင်းဆောင်အချို့တို့ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်အားလုံးသည် စစ်ကောင်စီထံမှ လစာမ ယူတော့ဘဲ ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA)အဖြစ် ပြောင်း လဲဖွဲ့စည်းမည်ဖြစ်ကြောင်း ယခုမတ်လကုန်ပိုင်းက ထုတ်ဖော်ပြောဆိုပြီးနောက် တပ်နယ်၊ တပ်ရင်းအချို့သည် KNA ဘက်တံဆိပ်စတင်တပ်ဆင်လာပြီး အခြေခံ စစ်သင်တန်းများလည်း အဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိသည်။