Home သတင်း ကရင်မှ အင်္ဂလိပ်၊ အင်္ဂလိပ်မှ ကရင်ဘာသာစကားသို့ အပြန်အလှန် အဓိပ္ပါယ်ဖွင့်နိုင်သည့် အဘိဓာန် KNU စမ်းသပ် မိတ်ဆက်

ကရင်မှ အင်္ဂလိပ်၊ အင်္ဂလိပ်မှ ကရင်ဘာသာစကားသို့ အပြန်အလှန် အဓိပ္ပါယ်ဖွင့်နိုင်သည့် အဘိဓာန် KNU စမ်းသပ် မိတ်ဆက်

1004

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စကော ကရင်ဘာသာစကားမှ အင်္ဂလိပ်ဘာသာစကားသို့ အင်္ဂလိပ်မှ စကောကရင်ဘာသာစကားသို့ အပြန်အလှန် အဓိပ္ပါယ်ဖွင့်ဆို ဘာသာပြန်နိုင်သည့် Karen Dictionary (Beta version) ကို မိတ်ဆက်ကြောင်း ကရင်အမျိုး သားအစည်းအရုံး-ကေအဲန်ယူ ဗဟိုက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာလ(၂၄)ရက်နေ့က ကြေညာသည်။

Karen Dictionary ကို လာမည့်မျိုးဆက်သစ်များအတွက် ကရင်ဘာသာစကား ထိန်းသိမ်းစောင့်ရှောက်ရန်၊ ခေတ်မီနည်းပညာမှတဆင့် ကမ္ဘာလုံးအနှံ့သို့မိမိတို့ကရင်ဘာသာစကား ပျံ့နှံ့ရောက်ရှိရန်၊ မိမိတို့ယဥ် ကျေးမှုကို ဂရုပြုမိစေရန်နှင့် ဘာသာစကားသင်ယူမှုကိုအထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် စတင်ခဲ့ခြင်းဖြစ် သည်ဟုလည်း ၎င်း၏လူမှုကွန်ရက်ပေ့ချ်တွင် ဖော်ပြချက်အရ သိရသည်။

ကေအဲန်ယူ ဦးဆောင်ပြီး ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန(KECD), Karen Teacher Working Group (KTWG), Karen Economic Committee Secretariat (KECS)နှင့် အခြား ကရင်လူငယ်၊ ပညာရှင်များ စုပေါင်း ဖန်တီးထားသည့် အဆိုပါ အဘိဓာန်ကို Android, iOS, Windows နှင့် macOS အတွက်သာမက www.karendictionary.org ၏ ဝက်ဆိုဒ်စာမျက်နှာဖြင့်လည်း လက်ရှိအသုံးပြုနိုင်ပြီဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အသုံးပြုသူများအနေဖြင့် ဒေါင်းလုပ်ရယူပြီး တစ်လကြာသည်အထိ သုံးစွဲ၍ရသော အတွေ့အကြုံပေါ် အကြံပြုချက်များကိုလည်း Karen Dictionary ၏ ဖေ့ဘွတ်ခ်စာမျက်နှာ (သို့မဟုတ်) ဝက်ဘ်ဆိုဒ်တို့တွင် ပေးပို့နိုင်ကြောင်း ကေအဲန်ယူ(ဗဟို)က ဖော်ပြသည်။

ဆက်လက်၍ အသုံးပြုသူများအနေဖြင့် ဒေါင်းလုပ်ရယူပြီး တစ်လအတွင်း သုံးစွဲ၍ရသော အတွေ့အကြုံပေါ် အကြံပြုချက်များကိုလည်း Karen Dictionary ၏ ဖေ့ဘွတ်ခ်စာမျက်နှာ (သို့မဟုတ်) ဝက်ဘ်ဆိုဒ်တို့တွင် ပေးပို့နိုင်ကြောင်း၊ အရှေ့ပိုးကရင် နှင့် အနောက်ပိုးကရင်ဘာသာစကားဘာသာတို့ကို အသုံးပြု၍ ရအောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ(ဗဟို)က ဖော်ပြသည်။

အဆိုပါ အဘိဓာန် စမ်းသပ်မိတ်ဆက်မှုနှင့်ပတ်သက်၍လည်း နည်းပညာဖြင့်ရင်းနှီးကျွမ်းဝင်မှုရှိသည့် ကရင်အသိုင်းအဝိုင်းကြား မှတ်ချက်ကောင်းများထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လပိုင်းကလည်း ကရင်အမျိုးသားများအကြား ကွန်ပျူတာနှင့်ဖုန်းမှတဆင့် ကရင်ဘာသာစကားကို လွယ်ကူစွာ ရေးသားပေးပို့အသုံးပြုနိုင်သည့် ကော်သူးလေယူနီကုဒ်စနစ်ကို ကေအဲန်ယူမှအိုင်တီပညာရှင်များက မိတ်ဆက်ခဲ့သေးသည်။