အကြောင်းမဲ့ အသိုက်ဖျက်ဆီးခံရတဲ့ ထုံးဘိုလေးရွာ
နန်းဝေဖြိုးဇာ (ဒီဇင်ဘာ ၁၈၊ ၂၀၂၄)
“စစ်တပ်က ရွာကို ဝင်လာပြီးမီးလာရှို့တော့မယ် ပြေးကြတော့ တစ်ယောက်နဲ့တစ်ယောက်၊ ဖုန်းဆက် သတိပေးကြတော့ တစ်ရွာလုံးက ထွက်ပြေးရတယ်။ မိုးလဲချုပ်ခါနီးနီးတောင်ကုန်း ပေါ်ကနေရွာထဲကို တက်ကြည့်တော့ တစ်ရွာလုံးမီးလောင်သွားတာကို ထင်ထင်ရှားရှား မြင်နေရတယ်”လို့ ထုံးဘိုလေး (ကော်ကျာသဲ)ကျေးရွာဒေသခံ တစ်ဦးက လွန်ခဲ့တဲ့ ၃ နှစ်က သူ့ရဲ့ကျေးရွာ မီးလောင်သွားတဲ့ အခြေအနေကို ပြန်ပြောင်း ပြောပြပါတယ်။
အဲ့ဒီ့ဖြစ်စဉ်က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်၂၅ ရက်နေ့မှာ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဒူး သထူခရိုင် တပ်မဟာ(၁) သထုံမြို့နယ်၊ ဝီယော်ကျေးရွာအုပ်စုမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLAနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထုံးဘိုလေးကျေး ရွာထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်လာပြီး ရွာမှာရှိတဲ့ လူနေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတာတဲ့ အချိန်ဖြစ်ပါတယ်။
ထုံးဘိုလေးကျေးရွာဟာ ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမကြီးဘေးမှာရှိပြီး ကရင်လူမျိုး အများစုနေထိုင်တဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး အိမ်ခြေပေါင်း ၁၀၀ ကျော်နဲ့လူဦးရေ ၁,၀၀၀ ကျော်နေထိုင် ပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီ မီးရှို့ဖျက်ဆီး မီးလောင်ပြာကျသွားတဲ့ လူနေအိမ်ပေါင်း ၇၃ လုံးအထိ ရှိခဲ့ပါတယ်။
ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမကဘဲ နယ်ခြားစောင့်တပ်-BGF အချို့ နဲ့ ပေါင်းပြီး အင်အား ၃၀၀ ခန့်နဲ့ ထုံးဘိုလေးကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။
တစ်ရွာလုံးနီးပါး ထွက်ပြေးသွားတဲ့ ရွာထဲမှာ လူနေအိမ်တွေအပြင် ကျေးရွာရဲ့ ဘာသာရေး အဆောက်အဦး၊ ဘုန်းကြီးကျောင်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတဦးက အခုလို ပြန်ပြောပါ သေးတယ်။
“သူတို့မီးရှို့တာက ညနေ ၅နာရီဝန်းကျင်အချိန်မှာစတယ်။ ကိုယ့်ရွာကို အဝေးကနေ သွားတက် ကြည့်တော့ နေအိမ်တွေ မီးလောင်နေတဲ့ မီးခိုးတွေအကုန်မြင်ရတာပေါ့။ ကားလမ်း မဘေးတစ်လျှောက် နေအိမ်တွေ အကုန် မီးလောင်တယ်။ အဲဒီည တစ်ညလုံးမီးရှို့တယ်။ နောက်နေ့မနက်လဲ သူတို့ မီးထပ်ရှို့သေးတယ်။ ဒီဘေးနားတွေပေါ့ ဒီတစ်လျှောက်မှာ သူတို့အကုန်ရှို့တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းပါ ဆက်ပြီးရှို့တယ်” လို့ ဒေသခံတစ်ဦးက မီးရှို့တဲ့နေရာကိုညွှန်ပြပြီး ပြောပါတယ်။
အခု ဖြစ်စဉ်မှာ တစ်ရွာလုံးနီးပါး ထွက်ပြေးပေမဲ့ ထွက်ပြေးဖို့အချိန်မမီတော့တဲ့ ဒေသခံတချို့ကိုတော့ စစ်စီက ဖမ်းဆီးနှိပ်စက် တာကိုခံရပါတယ်။ ဖမ်းခံရတဲ့သူတွေကို စစ်ဆေးမေးမြန်းပြီးနှိပ်စက်တာမကဘဲ နောက်ဆုံး သတ်ပစ်လိုက်တာလည်း ရှိခဲ့ပါသေးတယ်။
ထိုအထဲမှာ ဘုန်းကြီးဖြစ်တဲ့အတွက် မသတ်လောက်ဘူးထင်ပြီး ရွာဘုန်းကြီးကျောင်းထဲမှာ ကျန်နေတဲ့ ဘုန်းကြီး တစ်ပါးနဲ့ ဒကာနှစ်ဦးတို့ကိုပါအကုန်ပစ်သတ်ခံရပြီး မီးရှို့ခံရတဲ့ ဘုန်းကြီးကျောင်းထဲမှာပဲ မီးရှို့သွားတယ်လို့ အခြေအနေကို သိရှိတဲ့ရွာသားတွေက ပြောပြပါတယ်။
ထုံးဘိုလေးကျေးရွာ မီးရှို့မခံရသေးခင်က ရွာအနီးမှာ KNLA၊ တော်လှန်ရေးတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးကို KNLA ဘက်က ဖမ်းဆီးလိုက်ပါတယ်။ အဖမ်းခံ ရသူတွေကို ပြန်မလွတ်ရင် ဘုန်းကြီးကျောင်းပါမကျန် ထုံးဘိုလေး ကျေးရွာတစ်ရွာလုံးမီးရှို့ ဖျက်ဆီးမယ်ဆိုပြီး အဲဒီဒေသမှာရှိတဲ့ ခြေမြန်တပ်ရင်း (ခမရ-၉) တပ်ရင်းမှူးက ခြိမ်းခြောက်ပြောဆိုခဲ့တာရှိတယ်ဆိုပြီး ကေအဲန်ယူဘက်က သတင်းထုတ်ပြန် ပြောဆိုထားပါတယ်။
ထိုထုံးဘိုလေးကျေးရွာထဲကို စစ်ကြောင်းမထိုးလာခင်တစ်ရက်မှာ အဲဒီကျေးရွာအနီးနားဝန်းကျင်မှာ စစ်ကောင်စီ တပ်က လက်နက်ကြီး အလုံးပေါင်း ၁၀၀ ကျော်ခန့် ပစ်ပြီးမှ ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်တယ် လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“စစ်တပ်တွေက တစ်သုတ်ပြီးတစ်သုတ် ရွာထဲဝင်လာတဲ့အချိန်မှာ ကျမကရွာထဲမှာဘဲရှိနေသေးတယ်။ ကျမကို တွေ့တော့ အမိုး..အမိုး….သူတို့နောက် တစ်ချက်လိုက်ခေါ်တော့ အဲဒီအချိန်မှာ ကျမကို သတ်တော့မလား ခြေတုန်လက်တုန် ဖြစ်သွားတယ်။ အရမ်းကြောက်တယ်။ ကျမတို့ကိုခေါ်ပြီး ဘုန်းကြီးကျောင်းမှာစုခိုင်းတယ်။ အဲဒီမှာ ကလေးလူကြီး အမျိုးသမီး၊ အမျိုးသား အကုန်ပါတယ်။ နာရီပိုင်းလောက်ပဲ အမျိုးသမီးနဲ့ကလေးတွေကို တော့ပြန် လွတ်လိုက်တယ်။ အမျိုးသားတွေပဲ သူတို့ဆက်ဖမ်းပြီးစစ်ဆေးတာတွေလုပ်နေတယ်” လို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အသက်ဘေးက လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ပြန်လွတ်ပေးတဲ့နောက်မှာ အသက် ၈၀ ကျော် လမ်းမလျှောက်နိုင်တော့တဲ့ ဖခင်အိုနဲ့ မိခင်အိုတို့ကို ခေါ်ပြီး အိမ်ထဲကပစ္စည်းကို ယူလို့မမီတော့ဘဲ ရွာပြင်ဘက်ကို သူမတို့ တိမ်းရှောင်ခဲ့ပါတယ်။ နောက်နေ့ မနက်ရောက်ချိန်မှာ စစ်ကောင်စီမီးရှို့သွားတဲ့ အိမ်တွေထဲက သူမတို့ အိမ်ပါမပါ တောင်ပေါ်ကနေ တက်ကြည့် လိုက်ချိန်မှာတော့ သူမအိမ်မတွေ့တော့တာကြောင့် အရူးတစ်ယောက်လို ဖြစ်သွားရတယ်လို့ သူမက အခုလို ဖွင့်ဟပြောပါတယ်။
“တောင်ပေါ်ကနေလှမ်းကြည့်တော့ အိမ်ကဘုန်းကြီးကျောင်းနဲ့နီးတော့ စေတီပဲမြင်ရတော့တယ် ၊ အိမ်တွေက မမြင်ရတော့ဘူးဆိုဘူး။ မီးခိုးငွေ့တွေနဲ့ပဲတွေ့ရတော့။ အိမ်မီးရှို့ခံလိုက်ရပြီးဆိုတာ အတည်ပြုလိုက်ရတယ်။ တကယ်ပဲမီးရှို့သွားတာအကုန် ဘာမှကိုမကျန်တော့တာ အိမ်ရယ်၊ လယ်ထွန်စက်ရယ်၊ ဆိုင်ကယ်၊ စပါးကျီ ထဲက စပါးအတင်း ၄၀၀ ခန့်ရယ် အကုန်မီးရှို့ခံလိုက်ရတော့ ဘဝက ဘာမှမကျန်တော့ဘူး” လို့ မိဘနှစ်ပါးကို လုပ်ကိုင်ရှာကျွေးနေတဲ့ အသက် ၄၀ ကျော် လူလွတ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီမီးရှို့လို့ ထုံးဘိုလေးကျေးရွာမှာ လူနေအိမ် ၇၀ ကျော်မီးလောင်ပြာကျသွားတဲ့ အထဲမှာ အများစုဟာ နှစ်ထပ်တိုက်၊ တိုက်ပု၊ သစ်သားအိမ်ကြီးတွေ ဖြစ်ပါတယ်။
ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၂ ရက်ကြာ တပ်စွဲနေထိုင်ပြီး ထိုနှစ်ရက်အတွင်းမှာ လူနေအိမ် ၇၀ လုံး ကျော်ကို အချိန်ယူ မီးရှို့တဲ့အပြင် တချို့လူနေအိမ်တွေက ပစ္စည်း၊ ခိုးယူ ဖျက်ဆီး ခံသွားတာလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြန်ပြောင်း ပြောပြပါတယ်။
ထုံးဘိုလေးကျေးရွာမှာ အခုလို အိမ်နဲ့ ဘုန်းကြီးကျောင်းတွေကို မီးရှို့ပြီး ဘုန်းကြီးတစ်ပါးနဲ့ ဒကာနှစ်ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အဲဒီဒေသမှာအခြေစိုက်တဲ့ တပ်မ (၄၄) လက်အောက်ခံ တပ်ရင်းတွေဖြစ်တယ်လို့ ဒေသခံဘက်က ဆိုပါတယ်။
စစ်ကောင်စီ ရွာက ပြန်ထွက်ခွာတဲ့အချိန်မှာ ဒေသခံရွာသားတွေက နေအိမ်ပြန်လာကြည့်ပြီး နေအိမ် မီးရှို့ခံရတဲ့ အိမ်ပိုင်ရှင်တချို့ကတော့ အရူးမီးဝိုင်းလိုဖြစ်သွားရကာ တချို့က နေအိမ်ရှေ့မှာ ထိုင်ငိုတဲ့သူကငို တချို့ကစိတ် လွတ်ပြီး အရူးတစ်ယောက်လိုဖြစ်သွားရတဲသူတွေလည်း ရှိခဲ့ပါသေးတယ်။
“ကျနော်တို့က ယောက်ကျားတွေဖြစ်တော့ ကိုယ့်အိမ်မီးရှို့ခံရတာ စိတ်ထိခိုက်ပေမယ့်လည်း ကိုယ့်စိတ် ကိုယ် ထိန်းလို့ရသေးတယ်။ တချို့အမျိုးသမီးတွေဆိုရင် စိတ်ဒဏ်ရာရပြီး အခုထိ စိတ်မမှန် တော့တဲ့အမျိုးသမီးတွေ ရှိတယ်” လို့ နေအိမ်မီးရှို့ခံရတဲ့ အမျိုးသားက တစ်ဦးက ပြောပါတယ်။
မီးရှို့ခံရတဲ့ နေအိမ်တွေထဲမှာ ကာလပေါက်စျေး သိန်းထောင်ချီရှိတဲ့တိုက်အိမ်တွေလည်း ပါသလို သိန်းရာကျော် တန်းဖိုးရှိတဲ့ နေအိမ်လည်း အများအပြားမီးရှို့ခံရပါတယ်။ တန်ဖိုးကြီး တန်းဖိုးနည်း အားလုံးလက်ရှိအချိန်မှာ ဝါးထရံနေအိမ်နဲ့ သာခြံထဲမှာ ပြန်ဆောက်ပြီး နေကြရတယ်။
လူနေအိမ်တစ်လုံး ဖြစ်လာဖို့က ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက် အခက်အခဲမရှိသလို ငွေမတတ်နိုင်တဲ့ သာမန်လူတွေအတွက်ကတော့ တစ်သက်စာ ကြိုးစားရှာဖွေ စုစောင်းလာပြီးမှ ရတဲ့နေအိမ်မို့လို့ ဒီတစ်သက် ပြန်ရှာဖွေဖို့ မလွယ်တော့ဘူးလို့ အိမ်မီးရှို့ခံရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျမတို့နေအိမ်က အခုဆိုရင် တန်ဖိုးက သိန်းနှစ်ထောင် အထက်ရှိတယ်။ အဖေက အခုအသက် ၈၀ ကျော်ပြီး သူတစ်သက် ရှာဖွေ ဆောက်ခဲ့တဲ့ အိမ်၊ သစ်တွေက အကောင်းတွေ အဲဒီသစ်တွေဆိုရင် အခုလွယ်လွယ်နဲ့ ရှာလို့ မရတော့ဘူး။ အခုအဖေက အရမ်းအသက်ကြီးသွားပြီး၊ ဘာမှမလုပ်နိုင်တော့ မိုးရွာရင် ခေါင်မိုးယိုတဲ့ တဲနဲ့ပဲ နေရ တော့တယ်” လို့ ပြောပါတယ်။
အခုလို မီးရှို့ခံရပြီးတဲ့နောက် ရွာထဲကို စိတ်ချလက်ချ ပြန်မနေရဲကြသလို ရွာသား ထက်ဝက် ကျော်လောက်ပဲ ရွာမှာ ပြန်နေထိုင်တယ်လို့ ရွာသားတွေက ပြောပါတယ်။
“တစ်ခြားရွာတွေမှာလည်း သွားရှောင်တာအချိန်ကြာရင် လုပ်ကိုင်စားသောက်လို့လဲ မတတ်တော့ဘူး။ နေအိမ်မီးရှို့ ခံရပေမယ့်လည်း ကိုယ့်ရွာမှာပဲ တတ်နိုင်တဲ့အလုပ် ပြန်လာလုပ်ပြီး နေတယ်။ နောက်ပိုင်း စစ်တပ် စစ်ကြောင်း ပြန်ဝင်တာတော့မရှိဘူး။ ဒါပေမယ့် စစ်ကြောင်းပြန်ထိုးခဲ့ရင်တော့ ကျနော်တို့တစ်ရွာလုံးက ပြန်ပြီးထွက်ပြေးရုံပဲပေါ့” လို့ ထုံးဘိုလေးရွာသားတစ်ယောက်က ဆိုပါတယ်။
ကေအဲန်ယူ ဒူးသထူ(သထုံ)ခရိုင်မှာ တစ်နေရာမဟုတ် တစ်နေရာ တိုက်ပွဲငယ်တွေ နေ့တိုင်းနီးပါးရှိသလို ကျိုက်ထို မြို့နယ်နဲ့ သထုံမြို့နယ် ဒေသခံပြည်သူတွေဟာ စစ်ရှောင်နေရတာ အများဆုံးဖြစ်တယ်လို့ ခရိုင်တာဝန်ရှိသူ က ပြောပါတယ်။
ထိုထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေဟာ တစ်ခြားခရိုင်တွေထက် တိမ်းရှောင်ဖို့ တောတောင်တွေ နည်းနေတာကြောင့် အများစုဟာ တစ်လနှစ်လ ရှောင်နေလိုက်ပြီး ရွာအနည်းငယ် တည်ငြိမ်လာရင် မိမိတို့ရဲ့ ကျေးရွာတွေထဲမှာဘဲ ပြန်လာနေကြတာ များတယ်လို့ ဒူးသထူးခရိုင်၊ ဥက္ကဌပဒိုစောစိုးမြင့်က ပြောပါတယ်။
ထုံးဘိုလေးကျေးရွာ နေအိမ်မီးရှို့ ဖျက်ဆီးခံရပြီးနောက်မှာ စစ်ရှောင်ပြီး ရွာပြန်လာနေထိုင်စ အချိန်တုန်းကလည်း အဝတ်အထည် စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအခက်အခဲရှိလို့ အကူအညီလိုနေသူ တွေအတွက် အကူအညီလာပေးတဲ့ အလှူရှင်တွေကိုလည်း သထုံမြို့ ဝင်းပအခြေစိုက် စစ်ကောင်စီ အမှတ်(၉) ခြေမြန်တပ်ရင်းက သိမ်းယူ တားဆီး တာတွေလည်း ရှိခဲ့ဖူးပါတယ်။
အဲဒီဒေသခံတွေဟာ အခုချိန်ထိ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲ များစွာကြုံနေရသလို နေအိမ်မီးရှို့ ဖျက်ဆီး ခံရတဲ့အတွက် နေအိမ်အသစ်ပြန်မဆောက်နိုင်တော့ဘဲ ပိုင်ဆိုင်မှု ပစ္စည်းအား လုံးဆုံးရှုံးနေရတာကြောင့် တစ်ကနေ ပြန်စနိုင်ဖို့က ရွာကလူငယ်တွေကို မိဘတွေက အဝေးမှာ သွားအလုပ်လုပ်ခိုင်းရတာလည်း ရှိပါတယ်။
လယ်မြေ၊ ခြံမြေရှိပေမယ့်လည်း စိုက်စားပျိုးစားဖို့အတွက်က အထောက်အကူပစ္စည်းတွေ၊ ပျိုးဖို့စပါးမျိုးစေ့တွေ လယ်ထွန်စက်တွေကအစ မီးရှို့ ဖျက်ဆီးခံရတာကြောင့် ၂ နှစ်ကျော်ကြာအထိ ရွာသားတွေဟာ စပါး ပြန်မစိုက် နိုင်သေးလို ကျီးလန့်စာစား နေထိုင်ရတယ်လို့ လည်းဆိုပါတယ်။
ကားလမ်းမကြီးဘေးမှာ ကျွဲကောပင်၊ သံပရာပင်၊ ကြက်မောက်ပင်တွေ စိမ်းစိုဝေဆာနေတဲ့ ကိုယ်ပိုင်ခြံ ဝင်းထဲက လှလှပပဆောက်ထားခဲ့တဲ့ နှစ်ထပ်တိုက်အိမ်တွေ၊ တစ်ထပ်သစ်အိမ်ကြီးတွေဟာ အခုတော့ မီးလောင်ပြာကျပြီး တစ်ဝက်တစ်ပျက်အိမ်တိုင်တွေ၊ မီးလောင်ကျိုးပဲ့တဲ့ အိမ်နံရံအုတ်ဟိုတစ်စ ဒီတစ်စသာ ကျန်ရှိနေပါတော့တယ်။
မီးလောင်ပျက်စီးသွားတဲ့ အိမ်ရဲ့နံဘေးမှာ တဲသာသာအစားထိုး ပြန်ဆောက်ထားတဲ့ တောင်ထန်းရွက်နဲ့ မိုးထားတဲ့ တဲလေးတွေသာ တွေ့ရတော့သလို တဲထဲမှာ နေထိုင်တဲ့ ထုံးဘိုလေးရွာသားတွေဟာ ရင်နင့်စရာ အဖြစ်ကို မျိုသိမ့်ရင်း ဘဝသစ်ပြန်စဖို့ ကြိုးစားရုန်းကန်နေကြပါတယ်။