သောသီတောအူး ဌာနေလူမျိုးစုဥယျာဉ် သမိုင်းသစ်မှတ်တမ်း
နန့်ဆန်းထီ
(ဒီဇင်ဘာ ၁၇၊ ၂၀၂၄ )
အချိန်အားဖြင့် နံနက်(၆)နာရီကျော်ဖြစ်သော်လည်း ဒီဇင်ဘာလ ဆောင်းတွင်းကာလဖြစ်၍ နေမထွက်လာသေးသောကြောင့် ပတ်ဝန်းကျင်ကို ကောင်းကောင်းမမြင်ရ။
ပင်ကြီးပင်ငယ်အသွယ်သွယ်အတွင်းမှ ကရင်ဘာသာစကားအသီးသီးဖြင့် စကားပြော ဆိုသံ များနှင့် ပတ်ဝန်းကျင်၌ ငှက်အော်မြည်သံ၊ ချောင်းရေတသွင်သွင်စီးဆင်းသံသာ ကြားနေရသည်။
ဝါးပင်များကြားမှ နေရောင်တစ်စွန်းတစ်စတိုးဝင်လာသည့်အခါတွင်မူ တောင်စောင်းမြေ သား လမ်းအတိုင်း တောင်ပေါ်သို့ တရွေ့ရွေ့တက်သွားနေသော ကရင်ရိုးရာအင်္ကျီ ဝတ်စုံ ဆင်မြန်း ထားကြသည့်သူများကို ထင်ထင်ရှားရှားတွေ့မြင်ရတော့သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၂)ထိန်း ချုပ်သည့် တောအူး(တောင်ငူ)ခရိုင်၊ ထောတထူ(ထန်းတပင်)မြို့နယ်၊ ကော်မူထီးရှီး၊ မိုနေ ပွာလူမျိုးစု၏နယ်မြေ တောင်ပေါ်ဒေသသို့ရောက်ရှိနေသော အရောင်သွေးစုံလင်လှသည့် ထို လူအုပ်စုကြီးမှာ သောသီတောအူးဌာနေလူမျိုးစုများ ဥယျာဥ် အတည်ပြု ကြေငြာခြင်းပွဲအတွက် စုဝေးရောက်လာကြခြင်းဖြစ်သည်။
ထိုနေ့၊ ထိုအချိန်အခါသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်ကုန်ပိုင်းအထိ (၆)နှစ်တာကာလလုံးလုံး သောသီတောအူးဌာနေလူမျိုးစုများ ဥယျာဥ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု များ အရာထင်ပီပြင်လာရသည့် မှတ်တမ်းတင်နေ့တစ်နေ့ဖြစ်သလို ကရင်မျိုးနွယ်စုဝင် များဖြစ်ကြသည့် ပကူး၊ မိုနေပွာ၊ ဘွဲ၊ ပိုး၊ စကော၊ ကညောဝါး(ကရင်ဖြူ) စသည်တို့အပြင် ကယန်း၊ ပအိုဝ်းနှင့်ဗမာလူမျိုးများလည်း စည်းဝေးဆုံတွေ့ကြသည့် နေ့ရက်အချိန်အခါသမယလည်း ဖြစ်၏။
မိုနေပွာနယ်မြေ၊ ပလေးဆာလိုရွာနေ ဌာနေအမျိုးသမီးတစ်ဦးက “ဒီပွဲမှာ မမြင်ဖူးတဲ့ ယဥ်ကျေးမှုတွေကို မြင်တွေ့ရတဲ့အတွက်အရမ်းပျော်တယ်။ ကျမတို့ ကရင်လူမျိူးစုတွေ အများကြီးရှိတယ်ဆိုတာ သိတယ်ဆိုပေမယ့် တော်ရုံနဲ့ မသိကြ ဘူးလေ။ နောက်ကျရင် ဘွဲဖြစ်စေ၊ မိုနေပွာဖြစ်စေ ကရင်လူမျိုးစုတစ်စုတည်းက ဖြစ်တယ်ဆိုတာ သိသွားတဲ့အတွက် ဒီပွဲလုပ်တာအရမ်းအကျိုးရှိတယ်။ ကိုယ့်ရဲ့နယ်မြေတိုး တက်ဖို့ အတူတကွပူးပေါင်းလုပ် ဆောင်သွားဖို့အတွက်လည်း အကျိုးကျေးဇူးရှိတာပေါ့။” ဟု သူမ၏ ပွဲတက်လာရသည့် ခံစားချက်ကို ပြောပြသည်။
သောသီတောအူးလူမျိုးစုများဥယျာဥ်အကြောင်း အသေးစိတ်ဖော်ပြထားသည့် မှတ်တမ်း စာပေများအရ တောအူးခရိုင်၏တော၊ တောင်များကို လွှမ်းခြုံဖုံးလွှမ်း၍ ဒေးလို (သောက်ရေခပ်ချောင်း)၊ ယော်လို(မြစ်ငန်ချောင်း)၊ ကလေးလို(ကျီးချောင်း)၊ ပရဲလို(စစ် တောင်းမြစ်)၊ ဖလေးလို(ယောက်သဝချောင်း)၊ ပရှောလို (ကမ်းနီချောင်း) နှင့်ကချောလို(နန်းချိုချောင်း)၊ အစရှိသည်တို့၏ ရေကိုသောက်သုံးသည့် သောသီတော အူးဌာနေလူမျိုးစုများဥယျာဥ်သည် ဧကအားဖြင့် ၁ သန်း ၄ သိန်းကျော် ကျယ်ဝန်း သည်ဟုလည်း သိရသည်။
ယင်းတွင် ဌာနေလူမျိုးစုများ၏ကျေးရွာပေါင်း သုံးရာကျော်ရှိ၍ ဌာနေလူမျိုးစုပေါင်း တစ် သိန်းတစ်သောင်းကျော် စုရုံးနေထိုင်ကြသည်ဟုလည်း မှတ်တမ်းများက ဆိုသည်။
ဥယျာဥ်တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာသည့်အခမ်းအနားအား ယော်လိုထီးကလိုး (မြစ်ငန်ချောင်း) ဖြတ်သန်းစီးဆင်းသည့် တောင်ပေါ်ဒေသတစ်နေရာတွင် ဒီဇင်ဘာလ(၁၀) ရက်မှ (၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းလည်းဖြစ်ပြီး အခမ်းအနားပြုလုပ်မည့်ခန်းမ နေရာအား တောင်ထိပ်တွင် ပြင်ဆင်ထားသည်။
ထို့ကြောင့် အခမ်းအနားသို့လာရောက်ကြသည့် ဌာနေလူမျိုးစုများ၊ ကေအဲန်ယူ ခေါင်း ဆောင်အချို့နှင့် အရပ်ဖက်ကရင်အဖွဲ့အစည်းမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်နီးဝေးမှ လာရောက်ကြသည့် ဧည့်သည်တော်များသည် မိမိတို့ကိုနေရာချထားပေးသော တောင်စောင်း တစ်လျှောက် ယာယီဝါးတဲများမှတဆင့် ခန်းမရှိရာသို့ အစီအစဥ်မစခင် နံနက်၈နာရီခွဲအမီ နေရာယူထားကြရန် သွားရောက်နေကြသည်။
ခန်းမသို့ ဝင်လာရာလမ်းတစ်လျှောက်ကိုလည်း သောသီတောအူးဌာနေ လူမျိုးစုများဥယျာဥ် အကြောင်း အသေးစိတ်ရေးသားထားသည့် ပိုစတာများဖြင့်ချိတ်ဆွဲပြသထားကိုတွေ့ရှိရ သည်။ လာရောက်ကြသည့် လူမျိုးစု၊ ဧည့်သည် တော်များ ကျန်းမာရေးအတွက် ဆရာ၊ ဆရာမ အင်အား အနည်းငယ်ပါဝင် အားဖြည့် ထားသော ဆေးပေးခန်းငယ်မှတဆင့် ခန်းမသို့ ဖြတ်သန်းသွားရမည်ဖြစ်သည်။
ယင်းမှလက်ယာဘက်ခြမ်းတွင် သောသီတောအူးဌာနေလူမျိုးစုများဥယျာဥ်နှင့် ပတ်သက် သည့် လက်ကမ်းစာစောင်များ၊ မှတ်တမ်းစာအုပ်များကို ကရင်ဘာသာဖြင့်တစ်မျိုး၊ မြန်မာ ဘာသာဖြင့်တစ်မျိုး ပေးဝေရရှိနိုင်သည့်နေရာတွင် လုပ်အားပေး ကရင်လူငယ်များက တာဝန်ယူဝေပေးနေကြသည်။
လက်ဝဲဘက်ခြမ်းတွင်မူ အခမ်းအနားတစ်ခုလုံး၏ ပြယုဒ်ဟုလည်း ဆိုနိုင်သည့် ဝါးဖြင့် ဆောက်လုပ်ပြသထားသော ကရင်လူမျိုးစုတို့နှင့်သက်ဆိုင်သည့် ပြခန်းငယ်များကို တွေ့မြင်ရမည်။ ထီးတာဆွေဟု ဆိုင်းဘုတ်ချိတ်ဆွဲပြသထားသည့် ပြခန်းငယ်အတွင်း ပိုးကရင်လူမျိုးတို့၏ ဝတ်စားဆင်ယင်မှုများ၊ လူနေမှုဘဝနှင့်သက်ဆိုင်သည့် အသုံးအဆောင်ပစ္စည်းများကိုလည်း ခင်းကျင်းပြသထားသည်။
အလားတူ မိုနေပွာ၊ ပကူး၊ ဘွဲ၊ ကညောဝါး၊ ဂေဘား၊ တောသူး(ပအိုဝ်း) စသည့်သက်ဆိုင်ရာ လူမျိုးစုအလိုက် ဆင်ယင်ဝတ်စားကြသည့် ရိုးရာဝတ်ဆုံများ၊ တီးမှုတ်ရာတွင် အသုံးပြုသည့် တူရိယာပစ္စည်းများကိုလည်း ပြခန်းတစ်ခုချင်းအလိုက် ချိတ်ဆွဲပြသထားသည်။
အခမ်းအနားတက်ရောက်လာသည့် လူမျိုးစုတို့ကလည်း ပြခန်းများအလိုက် လိုက်လံ ကြည့် ရှု၍ ပွဲမစခင် အပြန်အလှန်ဓာတ်ပုံရိုက်ကူးနေကြသလို အရောင်စုံလှသည့် မိမိတို့၏ ရိုးရာ ဝတ်စုံများကို ဂုဏ်ယူစွာဝတ်စားဆင်ယင်လာကြသည်ကိုတွေ့ရသည်။
ထို့နောက် အခမ်းအနားစတင်ရမည့် အချိန်ရောက်ရှိလာစဥ် ခန်းမဆောင်အတွင်း ဧည့်ပရိ သတ်များနေရာမယူခင်တွင် ဌာနေလူမျိုးစုခေါင်းဆောင်အချို့မှ ဦးဆောင်ကာ မိမိတို့ ယုံကြည်ကိုးကွယ်မှုအတိုင်း ဆုတောင်းပူဇော်ခြင်းကို ဦးစွာပြုလုပ်ခဲ့သည်။ ထို့နောက် မောင်းနှင့် ဖားစည်တို့ကို တီးခတ်ချိန်၌ ပွဲလာပရိသတ်မှာ နှစ်ဦးတစ်တွဲဖြင့် သတ်မှတ် ထားသောနေရာများတွင် ဝင်ရောက်နေရာယူကြပြီး အခမ်းအနားကို စတင်တော့သည်။
ရှေးယခင်ကတည်းက လူမျိုးစုများပြားစုံလင်စွာနေထိုင်လျက်ရှိသည့် တောအူးခရိုင်အတွင်း ယဥ်ကျေးမှုနှင့်အယူဝါဒများ ကွဲပြားသော်လည်း သဘာဝတရားနှင့် လူသားတို့ အပြန် အလှန်မှီခိုနေထိုင်ကြရမည်ဟူသော အယူအဆနှင့်နေထိုင်မှုများက ဌာနေလူထုအသိုင်း အဝိုင်းကို နီးစပ်စည်းလုံးစေပါသည်။ ထို့ကြောင့် သောသီတောအူး ဌာနေလူမျိုးစုများ ဥယျာဥ်ဖြစ်မြောက်ရေး ကြိုးပမ်းမှုလုပ်ငန်းစဥ်များအတွင်း နယ်နိမိတ်တိုင်း တာခြင်းနှင့်မှတ် တမ်းပြုစုခြင်း လုပ်ငန်းအဖွဲ့များအပါအဝင် ဒေသခံလူထုပါဝင်ခွင့်ရှိသည့် အုပ်ချုပ်ရေးစနစ်ကို ဖွဲ့စည်း ထူထောင်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။
၎င်းအပြင် သောသီတောအူးဌာနေလူမျိုးစုများဥယျာဥ်၏ အခြေခံဥပဒေမူကြမ်းရေးဆွဲရာတွင် ပြည်သူလူထုသဘောထားပါဝင်သည့် အခြေခံဥပဒေကို ထောက်ခံကြောင်း (သို့မဟုတ်) ကန့်ကွက်ကြောင်း ဆန္ဒပြခံယူပွဲများကို ဥယျာဥ်အတွင်း နေရာအနှံ့အပြားပြုလုပ်ခဲ့ပြီး အသက် ၁၈နှစ်နှင့်အထက် ထောက်ခံမဲပေးသူ (၉၂)ရာခိုင်နှုန်း၏ မဲပေးထောက်ခံမှုကို ရရှိခဲ့ သည်ဟု ဥယျာဥ်ဖြစ်မြောက်ရေးတာဝန်ရှိသူတို့က ဆိုသည်။
ဥပဒေမူကြမ်းအားအတည်ပြုပြီးနောက် ထိုဥပဒေအရ ဌာနေလူမျိုးစုကျေးရွာအုပ်စု တစ်စု လျှင် ကျား(၁)ဦး၊ မ(၁)ဦးဖြင့် ကိုယ်စားလှယ်(၃၆)ဦး၊ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စား လှယ်(၁၄)ဦး၊ တောအူးခရိုင်မှကိုယ်စားလှယ် (၃၇)ဦး စုစုပေါင်း (၉၉)ဦး ပါဝင်သော ဥယျာဥ်၏အထွေထွေညီလာခံတစ်ခုကို ဖွဲ့စည်းထားကြောင်းလည်း သိရသည်။
ထိုသို့ဖြင့် အာဏာခွဲဝေမှုနှင့် ကျားမတန်းတူပါဝင်ခွင့်၊ ကိုယ်စားပြုခွင့်ရှိသည့် ဆုံးဖြတ်ချက် ချရာလုပ်ငန်းစဥ်များအားလုံးတွင် ဌာနေလူထုများအစဥ်တစိုက်ပါဝင်စေခြင်းဖြင့် ဥယျာဥ် တစ်ခုလုံးအတွက် ဗဟိုချုပ်ကိုင်မှုကိုလျှော့ချရာလည်းရောက်သည်ဟု သောသီတောအူး ဌာနေလူမျိုးစုများ သတ်မှတ်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်တစ်ခုကို တာဝန်ရှိသူများက ဆိုသည်။
“နဂိုကတည်းကတော့ သူတို့တွေက ကိုယ့်ဒေသထဲမှာနေတဲ့သူတွေပဲ။ နေရာဒေသကွဲလွဲ တာကလွဲရင် သူတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ကရင်လို့ခံယူသလို တစ်ခုတည်းသော ကရင်အလံအောက်မှာ ဘာပဲလုပ်လုပ် အတူတကွ ပါဝင်ကြတယ်။ ဒါကြောင့်လည်း ဒီလို အခမ်းအနားမှာရော ကော်မတီထဲမှာရော ကိုယ်စားလှယ်အနေနဲ့ မျိုး နွယ်စုအားလုံး ပါဝင်ကြတယ်။ ပြီးတော့ ဒီအခမ်းအနားမှာ သူတို့တင်မကဘဲ ကိုယ့်ဧရိယာထဲမှာရှိနေတဲ့ ပအိုဝ်းတို့လို၊ ကယားတို့လို၊ ဗမာတို့လို အခြားညီအစ်ကိုအဖွဲ့တွေကို ဖိတ်ခေါ်ရခြင်း ဖြစ်တယ်” ဟု ဥယျာဥ်၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အဖူးစောဒီထူးက ပြောသည်။
(၃)ရက်တာ ပြုလပ်ခဲ့သည့် သောသီတောအူးဥယျာဥ်ဖွင့်ပွဲကို တက်ရောက်လာကြသည့် ဌာနေလူမျိုးစုများသည် ပွဲတက်ရောက်သူများအနေဖြင့်သာ တက်ရောက်လာကြခြင်း မဟုတ်ဘဲ မိမိတို့၏သက်ဆိုင်ရာလူမျိုးစု၏ ရိုးရာတေးသီချင်းများ၊ အကများအား ဂုဏ်ယူစွာဖျော်ဖြေခဲ့ကြခြင်းလည်းဖြစ်သည်။
တက်ရောက်လာကြသည့် ကေအဲန်ယူခေါင်းဆောင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အမှာစကားပြောကြားခြင်းနှင့် သောသီတောအူးဌာနေလူမျိုးစုများ ဥယျာဥ်နှင့်ပတ်သက်သည့် ရည်မှန်းချက်၊ မျှော်မှန်းချက်များကို ရှင်းလင်းတင်ပြသည့် အစီအစဥ်များပြီးနောက် ဌာနေကရင်လူမျိုးစုများသာမက ညီအစ်ကိုလူမျိုးစုများမှ မိမိတို့သက်ဆိုင်ရာ တင်ဆက်မှု များဖြင့် အခမ်းအနား ပထမရက်၏ ညပိုင်းအစီအစဥ်ကို ပြီးပြည့်စုံစေခဲ့သည်။
ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ပျဥ်းမနားတောင်တန်းဒေသ၌ နေထိုင်ကြသည့် ကရင် လူမျိုးစုအနွယ်ဝင် ကညောဝါး(ကရင်ဖြူ)လူမျိုးစုမှ လူငယ်များမှလည်း ၎င်းတို့၏ လူမျိုးအ ကြောင်း၊ လုပ်ကိုင်စားသောက်မှုနှင့် လူနေမှုဓလေ့များကို ဝေမျှပေးသည့် အစီအစဥ် ကိုလည်း ဗဟုသုတရဖွယ် ကြားသိရသည်။
“ကျနော်တို့ကတော့ စီးပွားဖြစ်အနေနဲ့ ငရုပ်၊ ဖာလာ၊ ကွမ်းရွက်၊ ကွမ်းသီးကို အဓိက လုပ်ကိုင်တယ်။ ဝတ်စားဆင်ယင်မှုအနေနဲ့လည်း အရင်ဘိုးဘွားတွေရဲ့ထိန်းသိမ်းမှုက နည်းပါးလို့ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့တယ်။ ဒီတော့ ခေတ်နဲ့အညီ ကျနော်တို့ ပြန်ပြင် ဝတ်ဆင်လာတာက အဖြူနဲ့အနက်ပေါ့။ အဖြူကတော့ ရိုးသားခြင်းပါ၊ အနက် ကတော့ ကြောက်ရွံ့ခြင်းပေါ့။ ယဥ်ကျေးမှုကတော့ ကြက်ရိုး ဗေဒင်တို့ဘာတို့ကြည့် ပါတယ်။ ရိုးရာတေးဂီတ၊ စာပေနဲ့ ဘာသာစကားကတော့ လုံးဝမရှိတော့အောင် ပျောက်ကွယ်ခဲ့ပါပြီ။” ဟု ကညောဝါးလူမျိုး လူငယ်တစ်ဦးက အခမ်းအနားတွင် ဝေငှသွားသည်။
မြန်မာအစိုးရ၏ ဌာနေလူမျိုးစုတို့နေထိုင်သည့် နယ်မြေများနှင့် ဌာနေလူထုအပေါ် အကြမ်း ဖက်မှုကျူးလွန်ခြင်းများသည် ယခု၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ စတင်ခဲ့ခြင်းမဟုတ်ဘဲ စစ်အာဏာရှင်စနစ် အဆက်ဆက်ကြီးစိုးခဲ့သည့် ၁၉၆၀ ခုနှစ်နောက်ပိုင်း နေဝင်းအစိုးရ လက် ထက်တွင် မြန်မာစစ်တပ်၏ထိုးစစ်ဆင်မှုနှင့်နေအိမ်မီးရှို့ခံရမှုများကို တောအူးခရိုင်ရှိ ဌာနေလူမျိုးစုများ စတင်တွေ့ကြုံခံစားခဲ့ကြရခြင်းဖြစ်သည်။
ထိုမှတောက်လျှောက်ဆိုသလို စစ်ရာဇဝတ်မှုများကို မြန်မာစစ်တပ်ကကျူး လွန်ခဲ့ကြ သည့်အပြင် ၁၉၇၅ ခုနှစ်တွင်ကြုံတွေ့ခဲ့ရသည့် စစ်တပ်၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးဆင်နွှဲ မှုများ၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် သီးနှံအဖျက်ပိုးများ၊ မုန်တိုင်းဖြစ်ပွားခြင်းတို့ ကြောင့် ဌာနေဒေသခံများမှာ သစ်တောများ အတွင်း၊ ဂူများအတွင်း ခိုအောင်းနေ ထိုင်ရခြင်းနှင့် စားနပ်ရိက္ခာလျှို့ ဝှက်စုဆောင်းရခြင်းတို့ကို လုပ်ဆောင်ခဲ့ရသည်။
အလားတူ မြန်မာနိုင်ငံ၏ရွှေရည်စိမ်ဒီမိုကရေစီကာလဖြစ်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုမတိုင်ခင် ကာလကြားတွင် သတ်မှတ်လိုက်သည့် နိုင်ငံတစ်ဝှမ်းရှိ မြေလွတ်မြေရိုင်း ၃၀ ရာခိုင်နှုန်းကျော်တွင် တိုင်းရင်းသားပြည်နယ်ခုနှစ်ခု၏နယ်မြေ အများအပြားပါဝင်ပြီး တောအူးခရိုင်အတွင်း မြန်မာစစ်တပ်စခန်းများဆောက်လုပ်ရန် မြေယာသိမ်းဆည်းရေးကို လုပ်ဆောင်ခဲ့သည်။
ထို့အပြင် အစိုးရနှင့်ဖက်စပ်စီးပွားရေးလုပ်ငန်းများ၏ ဌာနေလူမျိုးစုနယ်မြေချဲ့ ထွင်ခြင်းတို့ကြောင့် လူမျိုးစုပိုင် ဘိုးဘွားပိုင်နယ်မြေများနှင့်လူထုအကြား အပြန် အလှန်မှီခိုမှုကို အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟုလည်း သောသီတောအူးဌာနေ လူမျိုးစုများဆိုင်ရာ အစီရင်ခံစာများက ဆိုသည်။
ယင်းကြောင့်ပင် သဘာဝဂေဟစနစ်နှင့်ဌာနေလူမျိုးစုတို့၏ရိုးရာယဥ်ကျေးမှုများကို ကာကွယ် ထိန်းသိမ်းရန်ဟူ၍ သောသီတောအူးဌာနေလူမျိုးစုများဥယျာဥ်ကို သတ်မှတ် အတည်ပြု ရခြင်းဖြစ်ကြောင်း ဥယျာဥ်ဖြစ်မြောက်ရေး ထုတ်ပြန်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဌာနေလူမျိုးစုများကိုယ်တိုင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့်ရခဲ့သော သောသီတောအူး ဥယျာဉ် တရားဝင် ကြေငြာလိုက်ခြင်းသည် ဌာနေလူမျိုးစုများပေါင်းစုံရာ၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိရာ၊ ယဥ်ကျေးမှု အချင်းချင်း ဖလှယ်ရာ၊ လက်တွဲပူးပေါင်းမှုများ ပိုမိုခိုင်မြဲရာ သမိုင်းမှတ်တမ်းသစ်တစ်ခုကို မှတ်ကျောက်တင်လိုက်ခြင်းဖြစ်သည်။