ဗျူဟာကျ အမှတ်- ၈ ပြည်ထောင်စုလမ်းပိုင်း ပြန်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးပမ်းလာ
ဒီဇင်ဘာ ၁၆ ရက် ၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မော်လမြိုင်-ရေး-ထားဝယ် အမှတ်-၈၊ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်ကြောင်း သုံးကြောင်းခွဲပြီးဆက်တိုက် စစ်ကြောင်းထိုးနေသည်ဟု ဒေသတွင်းအခြေစိုက် တောလှန်ရေးတပ်ဖွဲ့ များက ပြောသည်။
အဆိုပါ လမ်းမကြီးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ အပါအဝင် ဒေသအ ခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အမှတ်-၈၊ ပြည်ထောင်စုလမ်းမကြီး၏ ၈၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရေးအတွက် ယခုနှစ် ဇွန်လအတွင်း အင် အား ၃,၀၀၀ ခန့်ဖြင့် အလုံးအရင်း စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်ဟု မွန်ပြည်တော်လှန်ရေးတပ် -MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“အမှတ်-၈၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရေးမြို့နယ် ကိုးမိုင်ကျေးရွာကနေ ကလိန်အောင်အထိကို အင်အား ၂,၀၀၀ နဲ့ ၃,၀၀၀ ကြား အင်အားတွေဖြည့်ထားတယ်လို့ သတင်းရ ထားတာတွေရှိတယ်။ အခုလမ်းပိုင်းက ရန်သူ အတွက် စီးပွားရေးအရရော၊ စစ်ရေးအရရော အင်မတန်မှ အရေးကြီးတဲ့ လမ်းပိုင်းဖြစ်တယ်။ တနင်္သာရီ-ရေး တောင်ဘက်နဲ့ ပြည်မကြီးကို အဓိက ဆက်သွယ်ထားတဲ့လမ်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ယခုနှစ် ဇွန်လ ပထမအပတ်မှ စတင်ပြီး စစ်ကောင်စီ၏ ကလိန်အောင် အခြေစိုက် စစ်ကောင်စီ ခြေမြန် တပ်ရင်း (ခမရ-၄၀၈)၊ (ခမရ-၄၀၉) နှင့် (ခမရ-၄၁၀)တပ်ဖွဲ့ဝင်များက လမ်းမကြီးကို အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ရန် လက်နက်ကြီးပစ်ခတ်၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သေးသည်။
အဆိုပါ နှစ်ဖက်ထိတွေ့ တိုက်ပွဲများတွင်လည်း စစ်ကောင်စီဘက်က ၃၀ ဦးကျော် သေဆုံးခဲ့သည်ဟု မြေပြင်ရှိ တော်လှန်ရေးအဖွဲ့ဝင်များက အတည်ပြု ပြောဆိုသည်။
၎င်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေကြောင်းမှ အင်အား ဆက် တိုက် ဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ယခု ပွင့်လင်းရာသီကာလအတွင်း လက်လွတ်ထားရသည့် နယ်မြေ အများစုကို ထိန်းချုပ်နိုင်ရန်အတွက် ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းကို အောက် တိုဘာ ၁၄ ရက်နေ့မှစတင်ပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ပုလောမြို့နယ် ပြည်ထောင်စုလမ်းမပေါ်ရှိ ကြဲရွာ၊ တပိုရွာ၊ အပါအဝင် ဒေသတချို့အား တော်လှန်ရေး တပ်ဖွဲ့ဝင်များဘက်မှ ပြန်လည် လက်လွှတ်ခဲ့ရသည်။
ပုလော ပကဖ တပ်ရင်း(၁)မှပြန်ကြားရေးတာဝန်ခံက “စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ အတွက် အင်အားခြင်းမမျှတာရယ်၊ လက်နက်ခြင်းမမျှတဲ့အတွက် ခဏပြန်ပြီး ဆုတ်ခွာလာရတဲ့အခြေနေမှာတော့ ရှိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အထက်ပါတိုက်ပွဲများသည် ယခုနှစ်အတွင်း ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ် နိုင်ရန်အတွက် နည်းမျိုးစုံဖြင့်ကြိုးစားခဲ့သည့် စစ်ရေးလှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်သည်။
လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့စုံရှိသည့်လမ်း
အဆိုပါ အမှတ်-၈ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လက်နက်ကိုင် တောလှန်ရေးတပ်ဖွဲ့စုံတို့က လှုပ်ရှား ထိန်းချုပ်ထားသည်။ မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတွင် ဒေါနစစ်ကြောင်း၊ ထားဝယ်ခရိုင်တပ်ရင်းအမှတ်(၁) ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC လက်အောက်ရှိ မွန်ပြည် တော်လှန်ရေးတပ်- MSRF နှင့် ကျောင်းသားတပ်မတော် -ABSDF တပ်ရင်း(၁)အပြင် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လလယ်ပိုင်းမှ စတင်ကာ လမ်းမကြီးကို လုံခြုံရေးယူ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် နယ်မြေလုံခြုံရေးအတွက် အဆိုပါ စစ်ဆေးမှုများကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဖြစ်သည့် ကလိန် အောင်မြို့အခြေစိုက် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SBL) ၊ ကော်သူးလေအာမီ(KTLA)၊ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) တို့မှလည်း နေရာရွှေ့ပြောင်း ဂိတ်ချစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ အမှတ်-၈ လမ်းမကြီးသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ -၆ နယ်မြေ၊ ဒူးပလာယာ ခရိုင်နှင့်တပ်မဟာ-၄၊ ဘိတ်-ထားဝယ်ခရိုင်တို့ကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးတစ်ခုလည်း ဖြစ်သည်။
ထို့အပြင် ရေဖြူမြို့နယ် အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေလုံခြုံရေးအရ စစ်ဆေးဂိတ်ဖွင့်ထား သည့် နေရာနှင့် စစ်ကောင်စီတပ် အခြေစိုက်တပ်ရင်းများရှိသည့် ခြေမြန်တပ်ရင်း (ခမရ-၄၀၈)၊ (ခမရ-၄၀၉) နှင့် (ခမရ-၄၁၀) တပ်ရင်း နေရာများနှင့် (၆)မိုင်ခန့်သာကွာဝေးသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနှင့်အတူ အကောင်အထည်ဖော်ရန် ပြင်ဆင်နေမှု
စီမံကိန်းလုပ်ငန်းများ ရပ်တန့်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနိုင်ငံမှ ကုမ္ပဏီများနှင့် ပူးတွဲဆက် အကောင်အထည်ဖော်ရန် ပြောဆို မှုများရှိသည်ဟု စစ်ကောင်စီက ၂၀၂၄ ခုနှစ် မတ်လတွင် ပြောဆိုခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီက ယခုနှစ်ကုန်ပိုင်တွင် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် တပ်အင်အားအမြောက် အများဖြင့် နယ်မြေရှင်းလင်းမှုများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးသပ် ပြောဆိုကြသည်။
“စစ်ကောင်စီက ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားကိုငှားလိုက်ပြီးဆိုတဲ့နောက်ပိုင်းမှာ နယ်မြေရှင်းလင်းမှုတွေကို အတော်အတန် လုပ်ဆောင်လာတာတွေ့ရတယ်။ ကျနော်တို့ မွန်ပြည်တော်လှန်ရေးတပ်တွေ လှုပ်ရှားတဲ့ရေးဘက် မှာတော့ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေမရှိပေမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းဘက်မှာတော့ နယ်မြေရှင်း လင်းမှု တွေ အတော်အတန်လုပ်ဆောင်လာတာတော့ တွေ့ရတယ်” ဟု-MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောဆို သည်။
ဆက်လက်၍ ယခုလပိုင်းအတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဇုံအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသ တွင်းရှိ တောလှန်ရေးတပ်များဘက်က အတည်ပြုပြောသည်။
လက်ရှိ အမှတ်- ၈ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်အနေဖြင့် သွားလာ၍ မရသည့် အခြေအနေ ရှိနေပြီး တနင်္သာရီတိုင်းအတွင်းသို့ စစ်အင်အားဖြည့်တင်းရာတွင်လည်း ရေကြောင်းလမ်းကိုသာ အဓိက အားပြုနေ ရသည့် အခြေအနေဖြစ်နေသည်။
လမ်းမကြီးပေါ်တွင် တော်လှန်ရေးအင်အားစုများက မိုဘိုင်းဂိတ်ချ စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသလို စစ် ကောင်စီက ၎င်းတို့ ထိန်းချုပ်သည့် မြို့ပေါ်သို့ အဝင်၊ အထွက်နေရာများတွင်လည်း ဂိတ်ဖွင့်စစ်ဆေးမှုများရှိသည် ဟု ဒေသခံများက ပြောဆိုသည်။
ယခု နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်ခေါ်ယူပြီး သင်တန်းဆင်းများကိုလည်း တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ အင်အားပို့ဆောင်မှုအများအပြားပြုလုပ်နေသည်။ အမှတ်- ၈ ပြည်ထောင်စု လမ်းပိုင်းတလျှောက် အပြည့်အဝ ထိန်းချုပ်နိုင်ရန် ဆက်ကြိုးပမ်းလာဖွယ်ရှိပြီး တိုက်ပွဲများ ပြင်ထန်းလာနိုင်သည် ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံတို့က သုံးသပ်ပြောဆိုသည်။