Home တွေ့ဆုံမေးမြန်းခန်း ကေအဲန်ယူ၊ ဒူးသထူ (သထုံ) ခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကေအဲန်ယူ၊ ဒူးသထူ (သထုံ) ခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

269

ကေအဲန်ယူ၊ ဒူးသထူ (သထုံ) ခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

—————
“ နယ်မြေပြန်တိုးချဲ့နိုင်တာပြည်သူလူထုက အဓိကပဲ။ ပြည်သူတွေ မကူညီရင် နယ်မြေတိုးချဲ့လာနိုင်မှာ မဟုတ်ဘူး။…..” ပဒိုစောစိုးမြင့်

ယခင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၁)/ဒူးသထူ(သထုံ) ခရိုင်ကို ကျိုက်ထို၊ ဘီးလင်း၊ သထုံ နှင့် ဖားအံ စသည့် မြို့နယ် လေးခုဖြင့် ဖွဲ့စည်းထားသော်လည်း ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် ခရိုင်အတွင်း အုပ်ချုပ်ရေး ယန္တရားတိုးချဲ့နိုင်ခဲ့ပြီး မော်စကို မြို့နယ်အသစ်တစ်ခု ထပ်မံဖွဲ့စည်းမှုအခြေအနေ။

ဒူးသထူခရိုင်အတွင်း ကေအဲန်ယူ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှု အခြေအနေ။ စစ်ဘေး ရှောင်များအခြေအနေ။ ခေတ်ပညာတတ် ပြည်တွင်း၊ ပြည်ပလူငယ်များကို အုပ်ချုပ်ရေးကဏ္ဍတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားမှု နှင့် ခရိုင်အတွင်း ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ လုပ်ဆောင်နေမှု စသည်တို့နှင့် ပတ်သက်၍ ခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်နှင့် သီးသန့်တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး။ ။ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ကေအဲန်ယူ၊ ဒူးသထူ (သထုံ) ခရိုင်/တပ်မဟာ ၁ နယ်မြေမှာ အုပ်ချုပ်ရေး ယန္တရား အခြေအနေက ပြောင်းလဲမှုဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ၂၀၂ ၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ကျနော်တို့ ဒူးသထူ ခရိုင်ရုံးကို ပြောင်းရွှေ့ရတာရှိတယ်။ နောက်ပြီး အုပ်ချုပ်ရေးအပိုင်း ပြန်ပြီးကြပ်လိုက်တာရှိတယ်။ ကော်မတီ တွေဖွဲ့ပြီးတော့ ခရိုင်အဆင့်မှာဆို ကော်မတီ ၈ ခုရှိတယ်။ အဲဒီကော်မတီ ၈ ခုထဲမှာ ကော်မတီအ သေးတွေ ပြန်ဖွဲ့ထားတာရှိသေးတယ်။ မြို့နယ်နဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းလုပ်တာရှိတယ်။ အခုကအုပ်ချုပ်ရေးနယ်ပယ်တိုးချဲ့လာတယ်။ ပြီးတော့ မော်စကိုမြို့ နယ်ဆိုရင် ဖြတ် လေးဖြတ် ခေတ်ကတည်းက ချန်ထားခဲ့ရတာ အထူးဒေသအနေနဲ့ပဲ ထားတယ်။ အခု မြို့နယ် တစ်ခုအနေနဲ့ ပြန်ဖွဲ့နိုင် သွားပြီး။

ပြီးတော့ ကားလမ်းမကြီးဘေး(ရန်ကုန်-မော်လမြိုင်လမ်း) အထိ အုပ်ချုပ်ရေး ပြန်တိုးချဲ့လာနိုင်တယ်။ ဒူးသထူခရိုင်မှာဆိုရင် ဘီးလင်း၊ သထုံ၊ ကျိုက်ထိုနဲ့ ဖားအံ ၄ မြို့နယ်ရှိတယ်။ အခုက မော်စကိုမြို့နယ် ပြန်တိုးလာတယ်၊ မြို့နယ် ၅ ခုရှိသွားတာပေါ့။ အုပ်ချုပ်မှုအပိုင်းက သူ့ကဏ္ဍနဲ့သူ သွားတယ်။ တရားစီရင်ရေးအပိုင်း၊ သစ်တော ထိန်းသိမ်းရေး စတဲ့ဌာန အလိုက်ပေါ့။ အခုချိန်မှာ ဌာနဆိုင်ရာ တွေမှာတော့ ပူးပေါင်းပါဝင်တဲ့သူ အဲလောက် မများ ဘူးဆိုတော့ လိုအပ်ချက်တွေရှိတယ်။

ပြည်သူထဲဆင်းပြီး သက်ဆိုင်ရာ၊ ဌာနဆိုင်ရာတွေက စည်းရုံးရေးတွေ၊ သင်တန်းတွေ ဆင်းပေးတာတွေ ရှိတယ်။ မြို့နယ်တစ်ခုပြီး တစ်ခုပေါ့။ နောက်တစ်ခုက ထောက်ပံ့ရေးအပိုင်းက CIDKP (—) တို့ ပါဝင် လုပ်ဆောင်တာရှိတယ်။ သောက်သုံးရေ ရရှိဖို့၊ ပြီးတော့ ပြန်လည်ထူထောင်ရေးတို့ နောက်ပြီး မိခင်တွေ သက်ကြီးရွယ်အိုတွေ ထောက်ပံ့တာတို့ ရှိတယ်။ ကျန်းမာရေးဌာနဘက်ကလည်း ကျန်းမာရေးအပိုင်း လုပ်ဆောင်တာရှိတယ်။ KECD(ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန) ဆိုရင်လည်း ပညာရေးအပိုင်း ကျောင်းဆရာတွေ မွေးထုတ်တာတို့ အမျိုးမျိုးပေါ့နော်၊ အခုကနည်းနည်း အားကောင်းလာတယ် လို့ ပြောလို့ရတယ်။

မေး။ ။ အုပ်ချုပ်ရေးနယ်ပယ်တိုးချဲ့လာတဲ့အချိန်မှာ ပူးပေါင်းလာတဲ့သူတွေလည်း အရင်ကထက် များလာတော့ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်တဲ့အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။ ။ အဓိက ဗဟိုက ချမှတ်တဲ့အတိုင်း ပူးပေါင်းလုပ်ဆောင်တာဖြစ်တဲ့အတွက် အရမ်းကြီးတော့ အခက်အခဲမရှိဘူး။ ဗဟိုက ချမှတ်ထားတဲ့အတိုင်း ခရိုင်အဆင့်ဦးဆောင်ပြီး မြို့နယ်ကလူတွေနဲ့ ပူးပေါင်း လုပ်ဆောင်တာ ရှိတယ်။ မြို့နယ်တစ်မြို့နယ်ပြီး တစ်မြို့နယ် ကွင်းဆင်းတယ်။ လူထုအခြေအနေ ဘယ်လိုရှိလဲ လေ့လာတယ်။ လူထုထဲမှာဆိုရင် အတွေ့အကြုံ တတ်သိပညာရှင် အများကြီးရှိတယ်။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ သွားရတယ်။

ကျနော်တို့ဆို ပြည်သူက တင်မြှောက်ထားတာဖြစ်တယ်။ ပြည်သူလူထုကို ဦးဆောင်လုပ်ပေးရတယ်။ ကိုယ့်ကိုယ် ပြည်သူရဲ့ ကျေးကျွန်လို့ဘဲ သတ်မှတ်တယ်။ ပြည်သူအတွက် လုပ်ပေးတဲ့အခါမှာ မပြည့်စုံ တာတွေလည်း ရှိတယ်။ တော်လှန်ရေး နှစ် ၇၀ ကျော်အတွင်းမှာ ပြည်သူလူထု ထောက်ပံ့မှုမရှိရင် ကျနော်တို့ KNU ဆိုတာကလည်း အခုချိန်ထိ ရှင်သန်ရပ်တည်လာနိုင်မှာမဟုတ်ဘူး။ ကျနော်တို့ နယ်မြေပြန်တိုးချဲ့နိုင်တာကလည်း ပြည်သူလူထု အဓိကပဲ။ ပြည်သူတွေ မကူညီရင် နယ်မြေတိုးချဲ့လာနိုင်မှာ မဟုတ်ဘူး။

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူတွေက ကျနော်တို့ အုပ်ချုပ်မှုကို လက်ခံလာတာ ရှိလာတယ် ၊ တချို့တော့ အမြင်မတူတာ ရှိတယ်။ ကျနော်တို့လည်း ချောချောမွေ့မွေ့ ချက်ချင်းတော့ မသွားနိုင် သေးတာလည်း ရှိတယ်။ မြို့နဲ့နီးတဲ့ နေရာဆိုရင် အုပ်ချုပ်ရေးမှူးကို ခန့်လိုက်တယ်။ ကျနော်တို့ ကေအဲန်ယူပေါ်လစီကို လက်ခံလိုက်နာချင်တဲ့လူတွေက ကျနော်တို့နဲ့အတူတူသွားမယ်။ လက်မခံနိုင်တဲ့ သူတွေကလည်း လက်မခံနိုင်တဲ့ အတိုင်းပဲပေါ့ ဒီလိုပဲ ဆက်ပြီးသွားနေရတယ်။

မေး။ ။ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ တပ်မဟာ(၁)/ဒူးသထူခရိုင်မှာဆိုရင်လည်း နေရာတော် တော်များများမှာ တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေ ပြန်ဖြစ်လာတာရှိတယ်။ အဲဒီအပေါ် အုပ်ချုပ်ရေးအပိုင်း ဆောင်ရွက်တဲ့အခါမှာ စိန်ခေါ်မှုတွေ က ဘာတွေတွေ့နေရလဲ။
ဖြေ။ ။ အဓိကတော့ အခုရာသီဥတုပြောင်းလဲမှု သဘာဝဘေးဒဏ်ကြောင့် ပြည်သူတွေရဲ့ စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီး ဆုံးရှုံးမှု များတယ်။ ကျနော်တို့ ခရိုင်မှာဆိုရင် စပါးပျက်စီးတာ တော်တော်ခံရတယ်။ အရင်နှစ်ရေကြီးတာကြောင့် စပါးတွေသေတယ်။ ဒီနှစ်လည်း အဲလိုပဲရေကြီးလို့ စပါးသေတယ်။ လူတစ်ယောက်မှာ အစားအသောက်က အရေးကြီးဆုံးပဲ၊ အစားအသောက်လုံလောက်မှုမရှိရင် ကျန်တာဆက်လုပ်ဖို့အဆင်မပြေဘူး။ လာမယ့်နှစ်မှာ ဘယ်လိုလာမလဲတော့မသိဘူး။

နောက်တစ်ခုက တိုက်ပွဲတွေကြောင့်ပေါ့နော်။ ကျနော်တို့နယ်မြေမှာ တိုက်ပွဲနေ့တိုင်း ရှိတယ်။ စစ်ကောင်စီတပ်က လူထုကို ပစ်မှတ်ထားပစ်ရမယ်ဆိုရင် သူတို့က ရွာထဲကိုပစ်တာပဲ။ အဲလိုပစ်တော့ လူထုတွေက ကျနော်တို့ အုပ်ချုပ်ရေးနယ်မြေဖြစ်လို့ စစ်ကောင်စီတပ်က သူတို့နေရာကိုပစ်တယ်ဆိုပြီး အဲလိုအထင်မှားအောင် လုပ်တာတွေလည်း ရှိတယ်။ ဒါပေမယ့် ပြည်သူလူထုဘက်ကတော့ သိတယ်။

ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ် ပစ်မှတ်ထားပစ်တာများတယ်။ ပြီးတော့ သထုံမြို့နယ် မှာလည်း များတယ်။ တိုက်ပွဲဖြစ်ရင်လူထုတွေက ပြေးရတယ်။ စပါးစိုက်ချိန် မစိုက်ရ၊ ရိတ်ရမယ့် အချိန်လည်း မရိတ်ရ အဲလိုတွေ ကြုံတွေ့နေရတယ်။

မေး။ ။ စစ်ကောင်စီဘက်ကရော ဒီဒေသထဲမှာ အုပ်ချုပ်ရေး ယန္တရားအပိုင်း ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျနော်တို့နယ်မြေထဲမှာ သူတို့ အုပ်ချုပ်ရေးယန္တရား လုံးဝ မလုပ်နိုင်ဘူးလို့ ပြောလို့ရတယ်။ နောက်ပြီး အခုသူတို့လုပ်တဲ့ စစ်မှုမထမ်းမနေရ ဆိုရင်လည်း ကျနော်တို့ ထိန်းချုပ်ဒေသမှာဆိုရင် လုံးဝ လာလုပ်လို့မရဘူး။ ကျနော်တို့နယ်မြေထဲမှာတော့ သူတို့ လုံးဝ အုပ်ချုပ်ရေးအပိုင်း လာလုပ်လို့ မရတော့ဘူး။ ဘာလို့လဲဆိုရင် အုပ်ချုပ်ရေးမှူးတွေကို ကျနော်တို့ ပြောပြီးသား စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်ရင် သူတို့ လုံခြုံရေးအတွက် တာဝန်မယူနိုင်ဘူးဆိုပြီး ပြောထားတာရှိတယ်။

အုပ်ချုပ်ရေးမှူးတွေဆိုရင်လည်း သူတို့နဲ့ ပူးပေါင်းလုပ်တာ မရှိတော့တာ တွေ့ရတယ်။ မြို့နဲ့အရမ်းနီးတဲ့ နေရာတွေ မှာဆိုရင် ကျနော်တို့လည်း အားလုံးမလွှမ်းခြုံနိုင်ဘူးဆိုတော့ အဲဒီမှာ စစ်ကောင်စီ အုပ်ချုပ်ရေး လည်ပတ်နိုင်တာ ရှိသေးတယ်။ တချို့အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီကို မလွန်ဆန်နိုင်ဘူး။ မလုပ်မဖြစ်လုပ်ရမယ်ဆိုရင် သူတို့က ရှောင်လိုက်တာရှိတယ်။

နောက်တစ်ခုက နှစ်ဖက် ရောနှောအုပ်ချုပ် နယ်မြေတွေပေါ့။ စစ်ကောင်စီဘက်ကလည်း အုပ်ချုပ်ရေး ရောက်တယ်။ ကျနော်တို့ဘက်လည်း အုပ်ချုပ်ရေး ရောက်တယ်ဆိုရင် နှစ်ဖက်ဆက်ဆံနိုင်တဲ့ အုပ်ချုပ်ရေးမှူးကို ခန့်လိုက်ရတာတွေရှိတယ်။ စစ်ကောင်စီ သန်းခေါင်စာရင်း ကိစ္စကို လုံးဝပူး ပေါင်းဆောင်ရွက်မှုမလုပ်ဖို့ ကျနော်တို့ကတော့ ပြောပြီးသား။ ကားလမ်းမကြီး အရှေ့ဘက်ရွာတွေမှာတော့ ပူးပေါင်းလုပ်ဆောင်တာမရှိဘူး။ ဒါပေမယ့် ကားလမ်းအနောက်ဘက်ရွာတချို့ကတော့ လုပ်တာရှိသေးတယ်။

မေး။ ။ နောက်ပြီး တပ်မဟာ(၁)/ဒူးသထူခရိုင်မှာ စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ ဗိုလ်ဘိဦး ဆောင်တဲ့ DKBA ခွဲထွက် အဖွဲ့လှုပ်ရှားမှုတွေရှိလာတဲ့အပေါ် နယ်မြေအုပ်ချုပ်ရေးအပိုင်းက ဘယ်လို အကျိုးသက်ရောက်မှုရှိလဲ။
ဖြေ။ ။ ကျနော်တို့သဘောထားက DKBA ခွဲထွက် ဆိုတာကလည်း ကရင်ပဲ ၁၉၉၄ ခုနှစ်ကလည်းက ကွဲလာတာ။ အခု သူတို့ ဒီမှာ ဘယ်လို လုပ်နေတာတွေရှိလဲဆိုတာ ကျနော်လည်း မသိဘူး။ တစ်ဆင့်ကြားတာက သူတို့က စစ်ကောင်စီနဲ့ပေါင်းရင်ပေါင်းမယ်။ ကေအဲန်ယူနဲ့တော့ မပေါင်းဘူးဆိုပြီး တစ်ဆင့်ခံကြားထားတာ ရှိတယ်။ သူတို့နဲ့က တိုက်ရိုက် ဆက်သွယ်ပတ်သက်မှု မရှိဘူး။

နယ်မြေထဲက သူတို့ လှုပ်ရှားနေထိုင်တဲ့ ရွာတွေမှာဆိုရင် ကျနော်တို့ အုပ်ချုပ်ရေးဝင်တဲ့အခါမှာ အခက်အခဲ ရှိတယ်။ အမှန်ဆို ကရင်အချင်းချင်းပဲ ပူးပေါင်းလုပ်ဆောင်ရင် ရပါတယ်။ အခု ဗမာတွေ အချင်းချင်းတောင် ဗမာအုပ်စိုးတဲ့ စစ်ကောင်စီကို ပြန်တိုက်နေသေးတာပဲ။ သူတို့ စစ်ကောင်စီနဲ့ ဘာကြောင့် ပူးပေါင်းလုပ်ဆောင်နေလဲတော့ မပြောတတ်ဘူး။ အခု သူတို့နဲ့ကျနော်တို့ အဆက်အသွယ်မှုမရှိဘူး။

မေး။ ။ ဒူးသထူ(သထုံ)ခရိုင်မှာ စစ်ဘေးရှောင်ပြည်သူတွေ အများကြီးရှိတယ်။ ခရိုင်အတွင်း စစ်ရှောင်တွေရဲ့ အ‌ခြေအနေကိုလည်း ရှင်းပြပေးပါအုံး။
ဖြေ။ ။ စစ်ရှောင်တွေက တစ်နိုင်ငံလုံးရှိတယ်။ ဒါပေမယ့် ပြေးတဲ့ပုံစံတော့မတူဘူး။ ဘယ်လိုပြောရ မလဲဆိုတော့ “သူပြန်ရင်ငါရောက် သူလာရင်ငါပျောက်” စစ်ကောင်စီတပ်တွေ လာပြီးဆိုရင် အကုန်ပြေးတယ်၊ ပြန်ဆိုရင် ရွာကိုပြန်လာတယ်။ အရေအတွက်က တိတိကျကျ ပြောလို့မရဘူး။ ခရိုင်တစ်ခုလုံးမှာ စစ်ရှောင်ရှိတယ်။ စစ်တပ်ဝင်ပြီးဆိုရင် တချို့က လပိုင်းလောက်ပြေးသွားတယ်။ အကြာကြီးတော့ ပြေးလို့မရဘူး။

ဘာဖြစ်လဲဆိုရင် ကျနော်တို့ခရိုင်က ပြေးဖို့ နေရာ အများကြီးမရှိဘူး။ တစ်ခြားရွာမှာ အခြေစိုက်ပြီး စိုက်စားပျိုးစားဖို့အတွက်လည်း အဆင်မပြေဘူး၊ အဲဒါကြောင့် ပြေးပြီးရွာထဲပြန်လာတယ်။ ပြေးတဲ့အချိန်မှာ ကူညီထောက်ပံ့မှုတွေတော့ရှိတယ်။ အကူအညီက တစ်ခါထဲလာတာတော့မဟုတ်ဘူး။ ကူညီပေးတဲ့အဖွဲတွေက CIDKP၊ KWO တို့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့တို့ အဖွဲ့တော် တော်များများကူညီတာရှိတယ်။ တချို့ကတော့ အဖွဲ့သေးသေးတွေရှိတယ်။ တချို့ဆို ၅ သိန်း ၆ သိန်း ပေးတယ်။ အဲဒါကို နေအိမ်ဘယ်နှစ်လုံးကူညီပေးနိုင်လဲ။ ကူညီပြီးရင် သူတို့ဆီကို report ပြန်တင်တယ် ။ နိုင်ငံတတကာအကူအညီနေနဲ့က စစ်ကောင်စီဘက် ကတစ်ဆင့် လာရင်တော့ ကျနော်တို့ဆီက စစ်ရှောင် ဆီကို မရောက်ဘူး။ စစ်ရှောင်မဟုတ်တဲ့ စစ်ကောင်စီနဲ့အတူတွဲလုပ်တဲ့ လက်နက်ကိုင်တချို့ မိသားစုဝင်ဆီကိုပဲ ရောက်သွားတယ်။

ကျနော်တို့ဆီလာရင်တော့ ဗဟိုကို အရင်သွားခိုင်းတယ်။ ဗဟိုကနေတစ်ဆင့် သက်ဆိုင်ရာ ခရိုင်အလိုက် ပြန်ပြီး ဝေတယ်။ အဲလိုအဆင့်ဆင့် သွားနေပါတယ်။ ကျနော်တို့ ဆီကို တိုက်ရိုက်လာလို့ရတယ်၊ ဒါပေမယ့် ကျနော်တို့မှာ ဗဟို ရှိတယ်။ ဗဟိုက ဦးဆောင်တာဖြစ်တဲ့အတွက် ဗဟိုကနေပဲ တစ်ဆင့် သွားမယ်။

နိုင်ငံတကာကိုတော့ စစ်ကောင်စီနဲ့မပူးပေါင်းနဲ့လို့ မပြောလိုဘူး။ ဒါပေမယ့် စစ်ကောင်စီနဲ့ပူး ပေါင်းလုပ်ရင် EROတွေနဲ့လည်း ပူးပေါင်းလုပ်သင့်တယ်၊ လုပ်ဆောင်ရမယ်လို့ ပြောချင်တယ်။

မေး။ ။ ဒူးသထူ(သထုံ)ခရိုင်မှာ စနစ်ကျအောင် ဆက်ဖော်ဆောင်မယ့် အုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်ပြီး လူထုတွေကို ဘာတွေ အသိပေး ပြောချင်တာရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ မျှော်လင့်တာက ပြည်တွင်း၊ ပြည်ပ လူငယ်တွေ ပူးပေါင်းပါဝင်မှုကို မျှော်လင့်တယ်။ တချို့လူငယ်တွေကို မြင်နေရတာက သူတို့ပြန်လာရင် သူတို့ကို နေရာပေးမလားလို့ တချို့ မေးတာရှိ တယ်။ ကျနော်တို့ ပြောချင်တာက နေရာပေးတယ်ဆိုတာ ရုပ်ရည်ကြည့်ပြီး နေရာပေးတာ မဟုတ်ဘူး၊ လုပ်ရည်ကိုင်ရည် နဲ့ခံယူချက်ကို ကြည့်ပြီးတော့ နေရာပေးတယ်။ လုပ်နိုင်စွမ်းရှိရင် အသိမှတ်ပြုနေရာပေးရမှာပဲ။

လူငယ်တွေက လုပ်နိုင်တယ်ဆိုတာသိပါတယ်။ ကာယအားအင်ဖြစ်ဖြစ် ဉာဏ ပိုင်းအတွေးအခေါ်ပိုင်းဖြစ်ဖြစ် စတာတွေ အားသာတယ်။ ကျနော်တို့ကတော့ အသက်၅၀၊ ၆၀ ကျော်ပြီး ကျနော်တို့ လူငယ်တွေနဲ့ မနှိုင်းယှဉ်ချင်ဘူး။ သူတို့ကို လာပူးပေါင်းစေချင်တယ်။ အမြဲဖိတ်ခေါ်နေတယ်။ အခု ကျတော်တို့ လုပ်ဆောင်နေတာတွေကို တချိန်ကျရင် လူငယ်တွေ ပြန်ပြီး လက်ဆင့်ကမ်း တာဝန်ယူလုပ်ဆောင်ရမယ်။ ကျရာတာဝန်တွေကို လုပ်ချင်လုပ်၊ လုပ်နိုင်တဲ့အပိုင်းကို လုပ်ချင် ရင်လည်းလုပ် တက်နိုင်သလောက် လာပြီးပူးပေါင်းလုပ်ဆောင်စေချင်တယ်။

အုပ်ချုပ်ရေးအပိုင်းလား၊ တိုက်ခိုက်ရေးအပိုင်းမှာလား ဘယ်အပိုင်းလုပ်နိုင်လဲ။ လုပ်နိုင်တဲ့အပိုင်းနဲ့ လိုအပ်နေတဲ့ နေရာတွေ အများကြီးရှိတယ်။ လုပ်နိုင်ရင် နေရာ အမြဲတမ်းအသင့် ရှိတယ်လို့ ပြောချင် ပါတယ်။ လူကြီးတွေ ဆက်လုပ်ဖို့ဆိုတာ ကျတော်တို့ အနေနဲ့ အဲ့လောက်မလုပ်နိုင်တော့ဘူး။ လူငယ်တွေပဲ ဆက်လုပ်ရမယ်။ လူငယ်တွေပဲ ဆက်ပြီး ဦးဆောင်ရမယ်။ အုပ်ချုပ်ရေး လုပ်ငန်းတွေက လွယ်တာမဟုတ်ဘူး။ တစ်ခြားနိုင်ငံမှာလလည်း အဲလိုပဲလေ။ ပြန်လာလုပ်ကြည့်၊ လုပ်ရင်းနဲ့ တတ်သွားမယ်၊ သိသွားမယ်၊ လုပ်တတ်သွားမယ်။ အဲဒါကြောင့် လူငယ်တွေ ပြန်လာပြီး ပူးပေါင်းလုပ်ဆောင်ပါလို့ ပြောချင်ပါတယ်။