အားလုံးထံ လေးလေးနက်နက် အသိပေး သတိပေး တင်ပြချင်ပါတယ်
မောင်ကျော်စွာ
(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်)
အောက်ပါ သတင်းအချက်အလက် ၃ခုကို သတိပြုမိပါတယ်။ ဒီသတင်းအချက်အလက် ၃ခုက ပြည်တွင်း ပြည်ပသို့ နေရာဒေသ အသီးသီးသို့ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေအပေါ်ကို ရိုက်ခတ်ပါတယ်။
ဒီအခါမှာ သက်ဆိုင်သူတိုင်းက လက်ခံကိုင်စွဲထားတဲ့ နိုင်ငံရေး အယူအဆအတွေးအခေါ်နဲ့ အထွေထွေ ဗဟုသုတအပေါ် မူတည်ပြီး သဘောထားအမြင်မျိုးစုံကိုလည်း ကြားရသိရပါတယ်။
– နိုဝင်ဘာ ၅ရက်မှ ၁၀ရက်အထိ (၈)ကြိမ်မြောက် (GMS)အစည်းအဝေး၊ (၁၀)ကြိမ်မြောက် (ACMECS) အစည်းအ ဝေးနှင့် (၁၁)ကြိမ်မြောက် (CLMV)အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ သွားရောက်ခဲ့ပါ တယ်။
– နိုဝင်ဘာလ ၆ရက်နေ့မှာတော့ အမေရိကန်အထွေထွေရွေးကောက်ပွဲကနေ သမ္မတဟောင်း မစ္စတာ ဒေါ်နယ်ထရန့် ကို ၄၇ယောက်မြောက် သမ္မတအဖြစ် အရွေးခံထားရပါတယ်။
နိုဝင်ဘာလ ၇ရက်နေ့မှာပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ အမျိုးသမီး မော်နင်ရဲ့ ပြန်လည်ဖြေဆိုတဲ့အထဲမှာ “မြန်မာပြဿနာအပေါ် တရုတ်နိုင်ငံ၏ သဘောထားရပ်တည် ချက် အလွန် ရှင်းလင်းပြတ်သားကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံ တော်တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲခြင်းကို ထိန်းသိမ်းကာကွယ်ရန် အားပေး ထောက်ခံကြောင်း၊ မြန်မာဘက်အသီးသီးတို့အား ချစ်ခင်ရင်းနှီးစွာ တိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ သင့် မြတ်သာယာရေးကို အကောင်အထည်ဖော်ဆောင်ရန် အားပေးထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်မှုကိုလည်း အားပေးထောက်ခံကြောင်း” ထည့်သွင်းပြောကြားခဲ့ပါ တယ်။
အဲဒီသတင်းအချက်အလက် ၃ခုအပေါ် မူတည်ပြီး ကျနော့် ထင်မြင်ယူဆချက်များကို စာဖတ်သူများထံ လေးစားစွာ တင်ပြလိုက်ပါတယ်။
(စကစ)စစ်အုပ်စုရဲ့ထိပ်သီး ဗိုလ်မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း မြို့မှာကျင်းပတဲ့ (ဒေသဆိုင်ရာအဖွဲ့အစည်းတွေက အလှည့်ကျ ပုံမှန်အစီအစဉ်အတိုင်း ကျင်းပမြဲဖြစ်တဲ့) “ထိပ်သီး အစည်းအဝေး” ၃ခု သွားတက်တာကို ကျနော့်အနေနဲ့ သာမန်ကိစ္စတစ်ခုလို့ပဲ မြင်ပါတယ်။ အာဆီယံလို အဖွဲ့အ စည်းရဲ့ အစည်းအဝေးမှာ သွားတက်ရတာမျိုး မဟုတ်ဘူးဆိုတဲ့အချက်နဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ပါတယ်။ ပြီးတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက တရားဝင်ချစ်ကြည်ရေးခရီးအတွက် သီးသန့်ဖိတ်ကြားလို့ မြို့တော် ပီကင်းထိ သွားပြီး တရုတ်ပြည်က ပါတီနဲ့ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ သွားတွေ့တာမျိုးလည်း မဟုတ်ဘူးလို့လည်း မြင်ပါတယ်။
(စကစ)စစ်အုပ်စုဟာ အထူးသဖြင့် ဗိုလ်မင်းအောင်လှိုင်ဟာ သူ့ကို ဘယ်သူကမှ (ရုရှနိုင်ငံသို့ သွားရတာ တောင် သမ္မတပူတင်က ကရင်မလင်နန်းတော်မှာ တန်းတူတွေ့ရတာမျိုး မဟုတ်ပါဘူး) အဖက်မလုပ်ကြတဲ့အ ချက်ကို ဒီထိပ်သီးအစည်းအဝေးကို ကိုယ်တိုင်သွားတက်ပြပြီး သူ့ကိုယ်သူ လူရာဝင်ကြောင်း ပြသချင်တဲ့သဘော၊ ကြွားဝါ ဝါဒဖြန့်လိုတဲ့သဘော၊ မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဗုံးခွဲခံရတာအပေါ် တရုတ်အစိုးရပိုင်းထံ မျက်ရည်ခံထိုးတောင်းပန်ဖို့ဆိုတဲ့ အကြောင်းအချက်တွေလည်း ပါနိုင်တယ်လို့ တွက်ဆမိပါတယ်။ ဗုံးခွဲတဲ့တရားခံ ကို ထိထိရောက်ရောက် အပြစ်ပေးဖို့နေနေသာသာ အခုထိ ဘယ်သူဘယ်ဝါလက်ချက်လို့ (စကစ)စစ်အုပ်စုက ထုတ်မပြောနိုင်ပါဘူး။ အကယ်၍ ဖော်ထုတ်ပေးမယ်ဆိုပြန်ရင်လည်း တရုတ်ပြည်ဘက် တရားခံကို သူတို့ဘက်လွှဲ ပြောင်းပေးပါ၊ သူတို့စစ်ဆေးပါရစေဆိုလာရင် သူ့ရှူးသူပတ်မှာလည်း ဒင်းတို့စိုးရိမ်ပုံပေါ်ပါတယ်။ ရှေ့မှာ ကိုးကန့် က ဦးပယ်စောက်ချိန်တို့အုပ်စုရဲ့ သာဓကတွေက အထင်အရှား ရှိနေတယ် မဟုတ်ပါလား။ သူတို့ မွေးမြူထားတဲ့ သူတို့စေခိုင်းထားတဲ့ အကြမ်းဖက်စွမ်းအားရှင် သို့မဟုတ် ပျူတွေရဲ့လက်ချက် ဖြစ်နေပြန်ရင်လည်း ပိုပြီး အခက် ပွေပါလိမ့်မယ်။ ကိုယ့်ရှူးကိုယ်ပတ်နေပါလိမ့်မယ်။ ရှေ့နေကြီးဦးကိုနီကို လုပ်ကြံသတ်ဖြတ်တဲ့ ကြည်လင်းတို့လို အမျိုးအစားတွေကလည်း သူတို့ခါးပိုက်ထားတယ် မဟုတ်ပါလား။
သမိုင်းလက်တွေ့နဲ့ ချိန်ထိုးကြည့်မယ်ဆိုရင်လည်း တချိန်ကပေါ်ပေါက်ခဲ့တဲ့ “တရုတ် – ဗမာ အဓိကရုဏ်း” ဆိုတဲ့ လူမျိုးရေးရန်တိုက်သွေးခွဲသတ်ဖြတ်မှုကို ဗိုလ်နေဝင်းစစ်အုပ်စုက ဖန်တီးခဲ့တာကို တရုတ်ပြည်အစိုးရက ကောင်းကောင်း သိထားပါတယ်။ အခုလည်း “တရုတ်ဆန့်ကျင်ရေး – ကိုးကန့်ဆန့်ကျင်ရေး” စတဲ့ လူမျိုးရေးရန် တိုက်ပေးမှုတွေကို သွေးထိုးပေးနေတာ၊ ဆီလောင်းပေးနေတာဟာ၊ မထိခလုတ် ရေးသားဖြန့်ဝေနေတာတွေကို (စကစ)စစ်အုပ်စုရဲ့ ထောက်လှမ်းရေး၊ စိတ်ဓာတ်စစ်ဆင်ရေး အစရှိတဲ့ အဖျက်အမှောင့်လုပ်ကြံရေးဌာနတွေက နေ့စဉ်လိုလို စီမံဖန်တီးဖော်စပ်လုပ်ကိုင်နေတာပဲ မဟုတ်ပါလား။ ဒါတွေကို ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်က သိနေမှာပါ။
ဒါ့အပြင် ဒီနေ့ ကမ္ဘာနဲ့အဝန်းမှာ အရှိန်မြင့်လာနေတဲ့ “တရုတ်ပြည်ကို အိုးမဲသုတ်အပုတ်ချရေး – နဲ့ဆန့် ကျင်ရေးလှိုင်း”ကိုလည်း (စကစ)စစ်အုပ်စုက မရဲတရဲ တက်စီးပုံရပါတယ်။ တစ်ဖက်မှာ (စကစ)စစ်အုပ်စုကို တော် လှန်ဆန့်ကျင်နေတဲ့ “နွေဦးတော်လှန်ရေး”ဘက်မှာကလည်း တရုတ်ပါတီနဲ့အစိုးရက (စကစ)စစ်အုပ်စုအပေါ် ထိတွေ့ဆက်ဆံနေမှုတွေကို အတိုင်းအတာအမျိုးမျိုးနဲ့ မကျေနပ်နေကြတဲ့အချိန်လည်း ဖြစ်နေပါတယ်။
အဲဒီလို ပြည်တွင်းပြည်ပ ပတ်ဝန်းကျင် အနေအထားအောက်မှာ ကူမင်းမြို့မှာ ကျင်းပတဲ့ ထိပ်သီးအစည်း အဝေး ၃ခုကို ဗိုလ်မင်းအောင်လှိုင်က သွားတက်တယ်ဆိုတော့ (စကစ)စစ်အုပ်စုနဲ့ တရုတ်ပြည်ကို ဝေဖန်တိုက် ခိုက်မှုမျိုးစုံဟာ အရှိန်မြင့်နေတာ၊ သဲသန်နေတာဟာ ဘာမှမဆန်းကျယ်တော့ပါဘူး။
ကျနော့်အနေနဲ့တော့ ကျနော်တို့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူအားလုံးရဲ့ဘုံရန်သူဖြစ်တဲ့ (စကစ)စစ် အုပ်စု (ဝါ) “စစ် ၃စစ်” အကုန်အစင် တိုက်ဖျက်ရေးဦးတည်ချက်ကနေ သွေဖည်သွားတာ၊ ဝေဝါးသွားတာ၊ ဘေး ချော်သွားတာမျိုးကို ဘယ်နည်းနဲ့မှ မဖြစ်စေချင်ပါဘူး။ ကျနော်တို့ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများရဲ့ အဓိက ရန်သူ ဘုံရန်သူဟာ (စကစ)စစ်အုပ်စုပဲဖြစ်တယ်ဆိုတာကို ဘယ်လိုအချက်အလက်ကြောင့်မှ ဝေဝါးသွားတာ၊ မျက် ခြည်ပြတ်သွားတာမျိုး မဖြစ်စေချင်ပါဘူး။ တရုတ်ပြည်နဲ့ အမေရိကန်ပြည်ထောင်စုဟာ သူတို့ရဲ့လက်တွေ့ပေါ် လစီတွေ ဘယ်လိုပဲရှိနေပါစေ ကျနော်တို့ပြည်သူတွေရဲ့ အဓိကရန်သူ မဟုတ်ပါဘူး။ သူတို့လို နိုင်ငံကြီးတွေရဲ့ စာနာထောက်ထားမှုဟာ ဘယ်လိုအတိုင်းအတာနဲ့ပဲရှိနေပါစေ ကျနော်တို့လှုပ်ရှားမှု၊ ကျနော်တို့တော်လှန်ရေးအ တွက် လိုအပ်မြဲ လိုအပ်ပါတယ်။
ပြီးတော့ ပြည်တွင်းဖောက်ပြန်ရေးသမား ပြည်တွင်းရန်သူဖြစ်တဲ့ (စကစ)စစ်အုပ်စုကိုတောင် ကျားကုတ် ကျားခဲ ရင်ဆိုင်တိုက်ခိုက်နေရတဲ့အချိန်မှာ နောက်ထပ်စစ်မျက်နှာတစ်ခု၊ နောက်ထပ်ရန်သူတစ်ယောက်ကို ရန်လုပ်ရတာမျိုးဟာ နိုင်ငံရေး/စစ်ရေး ဘယ်ရှုထောင့်ကကြည့်ကြည့် သဘာဝမကျပါဘူး။ ရန်သူ ၂ယောက်ကို တစ်ပြိုင်နက် ရင်ဆိုင်ဖို့ တိုက်ပွဲဝင်ဖို့လုပ်ဆောင်တာမျိုးဟာ နိုင်ငံရေး/စစ်ရေးအရ ကြီးမားတဲ့ မိုက်ရူးရဲမှုပါပဲ။
ဒါ့အပြင် ကျနော်တို့ဘက်မှာ တိုင်းပြည်ကြီးတစ်ပြည် သို့မဟုတ် တိုင်းပြည်အများ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းကြီးတစ်ခုခုက ကျနော်တို့လှုပ်ရှားမှု၊ ကျနော်တို့တော်လှန်ရေးကို စိတ်ပိုင်းဆိုင်ရာနဲ့ (ဘဏ္ဍာရေး အပါ အဝင်) ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အားပေးကူညီမှုကလည်း ပြတ်ပြတ်သားသား၊ ပီပီပြင်ပြင်ရှိနေတာလည်း မဟုတ်ပါ ဘူး။
ဒီနေ့ နိုင်ငံတကာအခြေအနေကလည်း အဲဒီလို (စိတ်ပိုင်း/ရုပ်ဝတ္ထုုပိုင်း) အကူအညီတွေ ပုံအောပေးနိုင်တဲ့ အနေအထားမျိုးလည်း ကျနော်တို့တိုင်းပြည်တည်ရှိနေတဲ့ ပထဝီဒေသမှာ ရှိမနေပါဘူး။ ဆိုလိုချင်တာက အစ္စရေး ရရှိနေတဲ့ “အကူအညီ”မျိုး၊ ယူကရိန်းက ရနေတဲ့ “အကူအညီ”မျိုး၊ ထိုင်ဝမ်က ရရှိနေတဲ့ “အကူအညီ”မျိုး ရရှိဖို့ မလွယ်ပါဘူး။ မစို့မပို့အကူအညီ၊ ဘုရားစူးအကူအညီလေးတွေကို ကျောပေးပြီး ကမ္ဘာ့ထိပ်သီးနိုင်ငံကြီး – ကျနော် တို့တိုင်းပြည်နဲ့ နယ်နိမိတ်အားဖြင့် အရှည်လျားဆုံးထိစပ်နေတဲ့ အိမ်နီးချင်းတိုင်းပြည်ကြီးကို ဆန့်ကျင်ဖို့ဆိုတာ မိုက်ရူးရဲတာမျိုးပဲ ဖြစ်နေပါလိမ့်မယ်။ (စကစ)စစ်အုပ်စုအကြိုက်ပဲ ဖြစ်နေပါလိမ့်မယ်။
လူရွယ်ဒေးဗစ်က လူ့ဘီလူးကြီး ဂိုလိုက်ရက်ကို လောက်လွှဲနဲ့ အနိုင်ယူနိုင်တာမျိုးက ဒဏ္ဏာရီထဲ/ပုံပြင်ထဲ မှာပဲ ဖြစ်နိုင်တာပါ။
ကျနော်တို့အတွက် တကယ့်အင်အားဟာ စစ်မျက်နှာအသီးသီးကနေ (စကစ)စစ်အုပ်စုကို ဦးတည်ဆန့် ကျင်တော်လှန်နေကြတဲ့ ကျနော်တို့အချင်းချင်းအကြားက အပြန်အလှန် အားပေးကူညီမှု စာနာမှု၊ နားလည်မှု၊ အလုပ်ပူးတွဲလုပ်နိုင်မှု၊ သွေးစည်းညီညွတ်မှုတို့ကို ညီညွတ်ရေးတပ်ပေါင်းစုတစ်ရပ်အထိ တည်ဆောက်နိုင်ကြဖို့ပါ ပဲ။ အဲဒီလို သွေးစည်းညီညွတ်မှုအင်အားမျိုးနဲ့သာ (စကစ)စစ်အုပ်စုကိုလည်း အကုန်အစင် ချေမှုန်းနိုင်မှာဖြစ်သလို အိမ်နီးချင်းနဲ့နိုင်ငံတကာရဲ့အလေးထားမှုကို တူတူတန်တန် ရရှိလာနိုင်မှာပါ။
ဒီအချက်တွေ ဒီအင်အားတွေ ရရှိလာအောင် အားစိုက်လုံးပမ်းကြတာမလုပ်ဘဲ ဟိုတိုင်းပြည်ဆန့်ကျင်၊ ဒီတိုင်းပြည်ဆန့်ကျင်တဲ့ လေကြီးလေကျယ်စကားတွေပဲ အာဘောင်အာရင်းသန်သန်နဲ့ ပြောဆိုနေကြမယ်ဆိုရင် တော့ လူရယ်စရာပဲ ဖြစ်နေမှာပါ။
ကျနော်တို့တိုင်းပြည်နဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများရဲ့အကျိုးစီးပွားကို ရေတိုယာယီဖြစ်စေ၊ ရေရှည် ထာဝရပဲဖြစ်စေ ထိခိုက်နစ်နာစေတယ်ဆိုရင် အဲဒီလိုထိခိုက်နစ်နာအောင် ပြုမူလုပ်ဆောင်တဲ့ ဘယ်လိုပြည်တွင်း ပြည်ပနိုင်ငံ၊ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကိုဖြစ်စေ အတိုင်းအတာအလိုက် အကြောင်းအကျိုးရှိရှိ တည်ကြည်ပြတ် သားစွာ ဆန့်ကျင်ကြရမှာပါ။ ငုံ့ခံနေလို့ မဖြစ်ပါဘူး။ ထို့အတူ မျက်စိစုံမှိတ်ပြီး သိမ်းကျုံးဆန့်ကျင်တာမျိုးလည်း မဖြစ်သင့်ပါဘူး။
တချို့တိုင်းပြည်တွေကလည်း (သာဓကအားဖြင့် တရုတ်ပြည်) သူတို့ရဲ့ အကျိုးစီးပွား ရင်းနှီးမြှုပ်နှံမှုတွေ (ငွေကြေး၊ အဆောက်အအုံနဲ့လူသား)ကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ဆိုတဲ့ တစ်ဖို့ထဲသော ဦးတည် ချက်နဲ့ (စကစ)စစ်အုပ်စုကိုရော တော်လှန်ရေးအဖွဲ့အစည်းတွေကိုပါ တွန်းအားဖိအားမျိုးစုံပေးနေပါတယ်။
သူတို့ရဲ့ အကျိုးစီးပွား ရင်းနှီးမြှုပ်နှံမှုတွေ (ငွေကြေး၊ အဆောက်အအုံနဲ့လူသား) အပေါ်ကို အဲဒီလိုတန်ဖိုး ထားသလို၊ ကာကွယ်ချင်သလို ကျနော်တို့လူငယ်တွေရဲ့ အသက်ခန္ဓာတွေနဲ့ရင်းနှီးပြီး မျိုးဆက်တစ်ဆက်ပြီးတစ် ဆက် ဆင်နွှဲလာနေကြရတဲ့ “တော်လှန်ရေးအကျိုးစီးပွား”ကို တန်ဖိုးထားတာ ထိန်းသိမ်း ကာကွယ် တိုးချဲ့လိုတာ မထိခိုက်စေလိုတာတွေဟာ အင်မတန်မှ တရားမျှတပြီး မှန်ကန်ပါတယ်။
သူတို့ရဲ့ အကျိုးစီးပွား ရင်းနှီးမြှုပ်နှံမှုတွေ (ငွေကြေး၊ အဆောက်အအုံနဲ့လူသား) ဆိုတာတွေပဲ တစ်ဖက် သတ်ကြည့်ပြီး ကျနော်တို့လူငယ်တွေရဲ့ အသက်သွေးတွေနဲ့ တော်လှန်ရေးအကျိုးစီးပွားကို ဘယ်သူက အဟောသိ ကံဖြစ်စေချင်မှာလဲ။ စတေးပစ်ချင်မှာလဲ။
အဓိကအချက်ကတော့ စစ်အုပ်စု – စစ်အစိုးရနဲ့ စစ်အာဏာရှင်စနစ် ဆိုတဲ့ “စစ် ၃စစ်” တည်မြဲနေသမျှ ပြည်ပကလာတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်စေ၊ ပြည်တွင်းကလာတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်စေ ဘယ်လိုအာမခံချက်မျိုးမှ မရှိနိုင် ပါဘူး။ မတည်ငြိမ် မခိုင်မြဲနိုင်ဘူး ဆိုတာပါပဲ။
ပြည်တွင်းပြည်ပ ဘက်စုံအကျပ်အတည်းဆိုက်နေတဲ့ (စကစ)စစ်အုပ်စုကို ယာယီ ထွက်ပေါက်ရရှိသွားစေ မယ့် ပြည်တွင်းပြည်ပရဲ့ ဘယ်လိုအားပေးကူညီမှုမျိုးကိုမှလည်း ကျနော်တို့ လက်သင့်မခံနိုင်ပါဘူး။ အားမပေးနိုင် ပါဘူး။ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ လိုအပ်တဲ့အတိုင်းအတာနဲ့ တားဆီးမှု၊ ကန့်သတ်မှု၊ ပိတ်ပင်မှုတွေကို လိုအပ်သလို လုပ်ဆောင်သွားကြရမှာပါ။
အစိတ်အပိုင်းတစ်ခုချင်း၊ ဒေသတစ်ခုချင်း၊ အဖွဲ့အစည်းတစ်ခုချင်းအလိုက် အကြောင်းအချက်၊ အခြေအ နေအမျိုးမျိုးမှာ အုပ်စိုးသူ စစ်အုပ်စုအဆက်ဆက်နဲ့ ယာယီနားလည်မှုနဲ့ ပြေလည်မှုတွေ ရယူခဲ့ကြဖူးတာပါပဲ။ စစ် လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမရတဲ့ အနေအထားအောက်မှာ စစ်အုပ်စုအဆက်ဆက်ရဲ့ထိပ်သီးတွေနဲ့ သက်ဆိုင် ရာအဖွဲ့အစည်းတွေရဲ့ ထိပ်သီးတွေဟာ ချမ်းသာကြွယ်ဝသွားကြတာ၊ မတူတဲ့အတိုင်းအတာ လူသူလက်နက် စစ် ရေးအင်အားတွေ ဖြည့်တင်းနိုင်ကြတာ ရှိခဲ့ပါတယ်။ အဲဒီလိုမျိုးအနေအထားတွေဟာ ရေရှည်မခံဘဲ တဒင်္ဂခဏပဲ ဆိုတာကို ၁၉၄၈ခုနှစ်ကနေ ၁၉၆၂ခုနှစ် ဗိုလ်နေဝင်းစစ်အုပ်စု အာဏာသိမ်းတဲ့ကာလအထိဖြစ်စေ၊ ၁၉၆၂ခုနှစ် ကနေ ၁၉၈၈ခုနှစ် ဗိုလ်နေဝင်း စစ်အုပ်စု နိုင်ငံရေးဇာတ်ခုံပေါ်က ဆင်းသွားတဲ့ကာလမှာဖြစ်စေ၊ ၁၉၈၈ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ ကာလအပိုင်းအခြားမှာဖြစ်စေ လေ့လာဆန်းစစ်ကြည့်ရင် အထင်အရှား မြင်တွေ့နိုင်ပါတယ်။
အဲဒီကာလပိုင်းအခြားတွေကနေ ဘယ်လိုအချက်အလက်တွေကို သင်ခန်းစာယူနိုင်သလဲဆိုတော့ ပထမ အချက်အနေနဲ့ အကျပ်အတည်းဆိုက်နေတဲ့ အုပ်စိုးသူလူတန်းစားဟာ ယာယီထွက်ပေါက်ရသွားပြီး ယိမ်းယိုင်ချိနဲ့ သွားတဲ့သူ အာဏာယန္တရားကို တစ်စုံတစ်ရာ တည်ငြိမ်ခိုင်ခံ့သွားအောင် ပြန်လည်ပြုပြင် ဖာထေးသွားနိုင်ပါတယ်။ ဒုတိယအချက်က ကျနော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေ တစ်ဖွဲ့ချင်းမှာဖြစ်စေ၊ ညီညွတ်ရေးတပ်ပေါင်းစုအ ကြားမှာဖြစ်စေ ဖရိုဖရဲ ပြိုကွဲကုန်တယ်။ ချိနဲ့သွားတယ်။ အုပ်စိုးသူလူတန်းစား သို့မဟုတ် မဟာဗမာလူမျိုးကြီးဆို တဲ့ ဘုံရန်သူနဲ့ ပူးပေါင်းသွားကြတယ်။ တတိယအချက်ကတော့ အရှိန်အဟုန်မြင့်မားလာတဲ့ လူထုထောက်ခံမှုနဲ့ ဒီရေမြင့်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ အောင်ပွဲသို့ဦးတည်နေရာကနေ အားပျော့ကြဲကွဲ ပျက်ပြယ်သွားပါ တော့တယ်။
အဲဒီလို အတွေ့အကြုံနဲ့ သင်ခန်းစာ ၃ခုကို ၁၉၄၈ခုနှစ်မှာပေါ်လာတဲ့ တော်လှန်ရေးဒီမြင့်၊ ၁၉၆၂ခုနှစ်မှာ ပေါ်လာတဲ့ တော်လှန်ရေးဒီရေမြင့်၊ ၁၉၈၈ခုနှစ်မှာပေါ်လာတဲ့ တော်လှန်ရေးဒီရေမြင့်တွေကို လေ့လာကြည့်ရင် အထင်အရှား တွေ့ရပါလိမ့်မယ်။ ဒီတော့ ၂၀၂၁ခုနှစ်မှာပေါ်လာတဲ့ ဒီနေ့တော်လှန်ရေး ဒီရေမြင့်ကိုလည်း အောင် ပွဲရသည်အထိ တစ်ချိုးထဲ သယ်ဆောင်သွားနိုင်ကြဖို့ လိုအပ်နေပါတယ်။
ဒီလိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ ရှေ့မှာ ပေါ်ခဲ့ဖူးတဲ့၊ ကြုံခဲ့ဖူးတဲ့ တော်လှန်ရေးဒီရေမြင့်ကာလတွေလိုပဲ အဟောသိကံ ဖြစ်သွားပါလိမ့်မယ်။ တိတိကျကျပြောရမယ်ဆိုရင် “ပြည်တွင်းပြည်ပ ဘယ်သူက အဆိုပြုတဲ့ နည်း ပေးလမ်းပြလုပ်တဲ့ ယာယီပြေလည်မှုတွေ”ဟာ အုပ်စိုးသူလူတန်းစားကို သဲသန်ပြင်းထန်တဲ့ အကျပ်အတည်းဆိုက် နေရာကနေ လွတ်မြောက်သွားစေပြီး တော်လှန်ရေးကို ကြီးကြီးမားမား ထိခိုက်နစ်နာသွားစေတယ် ဆိုတဲ့အချက် ကို အားလုံးထံ လေးလေးနက်နက် အသိပေး သတိပေးတင်ပြချင်ပါတယ်။