နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူးနှင့် ထီလုံစသည့် မြို့နယ် ၄ ခုရှိ ကျေးရွာတချို့တွင် ယခုနှစ် မိုးရာသီ ကာလ အတွင်း မိုးကြီးရေလျှံမှုများကြောင့် လယ်စပါးများ ပျက်စီးပြီး အထွက်နှုန်းကျဆင်းသည့်အတွက် ဒေသထွက်ဆန်၊ စပါးများဝယ်ရန် အခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
ရေကြီးရေလျှံမှုများဖြစ်ပြီး စပါးပျိုးပင်များစွာ ပျက်စီးဆုံးရှုံးခြင်းကြောင့် ဒေသထွက်ဆန်၊ စပါးများကို ဝယ်ယူရန် အခက်အခဲဖြစ်နေသည့်အတွက် အပြင်မှလာသော ဆန်၊ စပါးများကိုသာ ဝယ်ယူစားသုံးနေရသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“စပါးတွေ သေတာများတော့ လယ်သမားတွေကလည်း အများကြီး မရောင်းဘူး။ သူတို့စားဖို့အတွက်လည်း ထားသေးတယ်လေ။ ကျမတို့က မြို့ကလာတဲ့ စပါးကိုပဲဝယ်စားနေရတယ်။ မြို့ကလာတဲ့ စပါးက သိပ်မ ကောင်း ဘူး၊ နှစ်ပိုင်းပြတ်တယ်။ ဒီကဆန်က ချက်နေကျဆိုတော့ အဆင်ပြေတယ်၊ မြို့ကဆန်က ပျော့တယ်။ နောက်ပြီး ပြန်လာရောင်းတဲ့သူတွေပြောတာ အများကြီးသယ်လို့ မရတော့ဘူး၊ (၁၀)အိတ်ပဲ အများဆုံးပေးသယ်လို့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုမြို့နယ်များတွင် ပျက်စီးသွားသော စပါးပျိုးခင်းများကို စိုက်ပျိုးမှုလည်းပြန်လည် မလုပ်ဆောင်နိုင်ကြသဖြင့် ဒေသအတွင်း စပါးထွက်နှုန်းကျဆင်းနေပြီး မိသားစု စားသောက်ရေးအဆင်ပြေရုံမျှသာ စပါးထွက်သည့် အတွက် ရောင်းချခြင်းမပြုတော့ကြောင်း ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။
၎င်းလယ်သမားက “အခုနှစ်ရေကြီးတာက ပြန်စိုက်ဖို့ မလွယ်တော့ဘူး၊ နောက်ကျတာလည်း ပါတယ်၊ သဲတွေ နုန်းမြေတွေ လယ်ထဲဝင်ကုန်တော့ ပြန်စိုက်လို့ မရတာလည်းရှိတယ်။ ဒါကြောင့်မို့ ပြန်မရောင်းပေးတော့တာ” ဟု ပြောသည်။

ထို့အပြင် လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူးစသည့်မြို့နယ်များရှိ စပါးပျိုးခင်းများမှာ ပို၍ပျက်စီးမှုများစွာဖြစ်ပွားခဲ့သလို ကျောက်ကမ်းပါးပြိုကျပြီး တောင်ခြေရှိ ပျိုးခင်းများ အတွင်းသို့ သဲ၊ ကျောက်နှင့် နုန်းမြေများ ဝင်ရောက်မှုကြောင့် ပြန်လည် စိုက်ပျိုးမှု ပြုလုပ်ရန်မလွယ်ကူသော ပျိုးစပါးခင် ဧက (၂၀၀) ကျော်ရှိနေသည်ဟု ဖားအံခရိုင် ကရင် အမျိုးသားအစည်းအရုံး လယ်ယာစိုက်ပျိုးရေးဌာန ဒုဌာနမှူးက ယခုလို ပြောသည်။
“စပါးပျက်စီးမှုကတော့ ဖားအံခရိုင် အနေနဲ့ ရာခိုင်နှုန်း အားဖြင့် ၆၀ လောက်ရှိတယ်၊ ဒုံရင်းနဲ့ ထီလုံမြို့နယ်မှာကြ တော့ ရေမြှုပ်ပြီးသေတဲ့ စပါးက နည်းတယ်။ ခန့်မှန်းခြေအရတော့ ၄၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ စပါးဈေး တက် လာမယ့်အပေါ်မှာ အစီအစဉ်တော့ရှိတယ်။ ပြီးခဲ့သည့်နှစ်ကဆိုရင် စပါးတစ်တင်းကို တစ်သောင်း ခြောက်ထောင် ဒီနှစ်ကတော့ အစည်းအဝေးတော့ ပြီးပြီ၊ ညွှန်ကြားချက်ကတော့ မရှိသေးဘူး”ဟု ပြောသည်။
ဖားအံခရိုင် ဒေသအတွင်း စပါးပင်အများအပြား ပျက်စီးဆုံးရှုံးသည့်အတွက် ဆန်၊ စပါး ရှားပါးခြင်းနှင့် အဆမတန်ဈေးမြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
လက်ရှိ ၂၀၂၄ မိုးစပါးနှင့် ၂၀၂၅ နွေစပါးရာသီအတွက် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအဖြစ် စပါးတင်း ၁၀၀ ကို ကျပ် ၉ သိန်းခွဲနှုန်းဖြင့် သတ်မှတ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။



















