Home သတင်း မာနယ်ပလောဒေသရှိ နို့ဒေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့

မာနယ်ပလောဒေသရှိ နို့ဒေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့

1262

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနယ်မြေ မာနယ်ပလောဒေသရှိ စစ်ကောင်စီ၏နို့ဒေးစခန်းကို ယခုနိုဝင်ဘာလဆန်းပိုင်းမှ ယနေ့အထိ တော်လှန်ရေးတပ်ဖွဲ့များက ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်မှ သိရသည်။

မာနယ်ပလောဒေသတွင် တစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကောင်စီ၏အဆိုပါ နို့ဒေး (သို့မဟုတ်) ၉၁၃ စခန်းကို သိမ်းပိုက်ရရှိရန် တော်လှန်ရေးတပ်ဖွဲ့က ထောက်ပို့ဖြတ်တောက်ရေးစနစ်အသုံးပြု၍ စနိုက်ပါများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

တော်လှန်ရေးတပ်၏ စနိုက်ပါလက်ချက်ကြောင့် ပြီးခဲ့သည့် နိုဝင်ဘာပထမအပတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး၊ ဒရုန်းဗုံးထိမှန်၍ (၅)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ပြီး နိုဝင်ဘာလ(၁၁)ရက်နေ့က ဒရုန်းဗုံးကြောင့် နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

၎င်းက “မနေ့တုန်းက ၄ ယောက်ကတော့ ကြိမ်းသေပဲ၊ မျက်မြင်မို့လို့သိတာ။ ဟိုတစ်ပတ်က စနိုက်ပါနဲ့ပစ်လို့ သေတာ ၂ ယောက် ဒရုန်းနဲ့က ၅ ယောက်သေတော့ စုစုပေါင်း(၇)ယောက်။ တစ်ပတ်မပြည့်သေးဘူး သေတာ ၁၀ ယောက်ကျော်ပြီ။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ပြန်ပစ်တာ မနည်းဘူး၊ ၈၁ မမလည်းပါတယ်။ မနေ့ကပဲ အလုံး(၃၀)ကျော်ရှိပြီ ပြန်ပစ်တာ။” ဟု ကေအိုင်စီသို့ ပြောသည်။

နို့ဒေးစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီးအမြောက်အများ တုံ့ပြန်ပစ်ခတ်နေသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုမရှိဟု စစ်မြေပြင်သတင်းအရင်းအမြစ်က ဆိုသည်။

မာနယ်ပလောဒေသတွင် ယခင်က နို့ဒေးစခန်းအပါအဝင် ကဆောဝါးလေး (ဆင်ဖြူတောင်စခန်း)၊ မြောက်ကုန်း၊ သဒေါ့ဝါးလေး၊ ကယ်‌ဂေါ်ကျိုး နှင့် ဖူးလောကုန်းစခန်း စသည့် စစ်ကောင်စီတပ်စွဲထားသော စခန်း(၆)ခုရှိခဲ့ သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ(၁)ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် ကဆောဝါးလေးစခန်းရှိ စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွားပြီးနောက် နို့ဒေးစခန်းတစ်ခုသာ ကျန်ရှိတော့သည်။

ထိုရက်ကတည်းက ကဆောဝါးလေးစခန်းမှ စွန့်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နို့ဒေးစခန်းတွင် အင်အားသွားရောက်ပူးပေါင်းထားကြခြင်းဖြစ်ပြီး လက်ရှိ နို့ဒေးစခန်းတွင် စုစုပေါင်း တပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

ကဆောဝါးလေးစခန်းကို မသိမ်းပိုက်နိုင်စဥ်ကလည်း ထိုစခန်းအပါအဝင် နို့ဒေးစခန်းကိုပါ တော်လှန်ရေးတပ်ဖွဲ့က ပျောက်ကြားစနစ်သုံး၍ စနိုက်ပါများ၊ ဒရုန်းများဖြင့် မကြာခဏ သွားရောက်ပစ်ခတ်ခဲ့ပြီး ပို့ဆောင်သွား လာမှုများကိုလည်း ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။