Home သတင်း တန်ဆောင်မုန်းလပြည့်ည ဖားအံတွင် အဆောက်အအုံ ၂ လုံးနှင့် မော်တော်ယာဉ် တစ်စီးမီးလောင်

တန်ဆောင်မုန်းလပြည့်ည ဖားအံတွင် အဆောက်အအုံ ၂ လုံးနှင့် မော်တော်ယာဉ် တစ်စီးမီးလောင်

531
Photo: Marga

နိုဝင်ဘာ ၁၆၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့ တန်ဆောင်မုန်းလပြည့်ညတွင် ဖားအံမြို့ ပညာရေးကောလိပ်အကျော်၊ မွေးမြူရေး ဇုန်၌ အဆောက်အအုံ ၂ လုံးနှင့် မော်တော်ယာဉ်တစ်စီး မီးလောင်သွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုသည် နတ်ဩဇာ မြေဩဇာစက်ရုံဝန်းရှိ ဝန်ထမ်းအိမ်ရာပေါ် မီးပုံးကျ မီးလောင်ခြင်းဖြစ်သည် ဟု မြို့ခံများက ပြောဆိုနေသော်လည်း ဖြစ်စဉ်အပေါ် ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိဖြစ် နေပြီး မီးသတ်တပ်ဖွဲ့က ယခုသတင်းရေးသားချိန်ထိ သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။

“ဖားအံပညာရေးကော့လိပ်နားက မွေးမြူရေးဇုံမှာ မီးလောင်တာ။ ည၇ နာရီခွဲကျော် ၈ နာရီလောက်မှာဖြစ်တာ။ ပြောတာက မီးပုံးကျလို့ မီးလောင်သွားတယ်လို့ ပြောတယ်။ တော်သေးလို့ တခြားနေအိမ်တွေ မီးမကူးတာ။ အပျော်မီးပုံးလွတ်တာ အန္တရာယ်တော့များတယ်” ဟု ဖားအံမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo: Marga

ဖားအံမြို့အခြေစိုက် မာဃ လူမှုကူညီရေးအသင်းကမူ တန်ဆောင်မုန်း လပြည့်ည၊ ဘားအံမြို့၊ ဘားအံပညာရေး ကောလိပ်အလွန်၊ ဘားအံမွေးမြူရေးဇုန်၌ အဆောက်အဦး(၂) ခုနှင့် မော်တော်ယာဥ်(၁)စီး မီးလောင်မှု ဖြစ်ပွား ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

“ထိုမီးလောင်သည့် အကြောင်းအရင်းကို တာဝန်ရှိသူများ စုံစမ်းဆဲဖြစ်ပါသည်” ဟု မာဃ လူမှုကူညီရေးအသင်း က သတင်းထုတ်ပြန် ထားသည်။
တန်ဆောင်မုန်း လပြည့်ညတွင် ဖားအံမြို့နယ်အတွင်း မီးပုံးများ လွှတ်တင်ကြပြီး မွေးမြူရေးဇုံနေရာအပြင် တစ်ခြား ကျေးရွာရှိ လူနေအိမ်ပေါ်သို့ အလားတူ မီးပုံးကျခြင်းမျိုး ကြုံတွေ့ နေရသလို ရွာသားတို့ ဝိုင်းဝန်း မီးငြိမ်း သတ်ခဲ့သေးသည်ဟု ဖားအံဒေသခံများက ပြောသည်။

ကရင်ပြည်နယ်တွင် နှစ်စဉ် တန်ဆောင်မုန်း လပြည့်ညတွင် မီးပုံပျံလွှတ်တင်ခြင်းများ ပြုလုပ်လေ့ရှိပြီး မီးပုံ အသေးများကို ဈေးဆိုင်များတွင် အလွယ်တစ်ကူ ဝယ်ယူနိုင်သော်လည်း မီးပုံးပျံကြီးများကိုမူ ကျေးရွာများ၌ သံဃာတော်များနှင့်ဒကာများက အချိန်ယူတည်ဆောက်ရခြင်း ဖြစ်ကြောင်း သိရသည်။