နိုဝင်ဘာ ၁၆၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
အမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်နေသူ မည်သူမဆို ပြစ်ဒဏ်ကင်းလွတ်ခွင့် လုံးဝမပေးရန် အမျိုးသမီး၊ ငြိမ်းချမ်းရေး လုံခြုံရေးဆိုင်ရာ ဖိုရမ်(M-WSP) က နိုဝင်ဘာ ၁၄ ရက်နေ့တွင် သဘောထားထုတ်ပြန် ပြောဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကောင်စီဘက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျူးလွန်နေမှုများသည် ခေတ် အဆက်ဆက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေဆဲဖြစ်သလို တိုင်းရင်းသား တော်လှန်ရေးနယ်မြေများထဲတွင်လည်း ကျူးလွန်သူများကို ဆိုင်ရာတာဝန်ရှိသူဘက်က ပြစ်ဒဏ်ပေးအရေးယူခြင်းမျိုး ရှိသော်လည်း ကျူးလွန်သူ တိုင်းကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိအောင် လုပ်ဆောင်နိုင်ခြင်းမရှိသေးဟု (Myanmar Women, Peace and Security) မှ အကြံပေး ဖြစ်သူ နန်းအွမ်ခမ်းက ယခုလို ပြောဆိုသည်။
“ပြစ်ဒဏ်ပေးနေေတဲ့အပိုင်းကို သုံးသပ်ရရင် စစ်ကောင်စီဖက်က ကျူးလွန်မှုတွေနဲ့ တော်လှန်ရေးဖက်ခြမ်း ဆိုပြီး ခွဲပြီး သုံးသပ်ဖို့လိုပါမယ်။ စစ်ကောင်စီဖက်က ကျူးလွန်မှုတွေကတော့ ခေတ်အဆက်ဆက်က ပြစ်ဒဏ် ကင်းလွတ် ခွင့် ရနေဆဲပါပဲ။ အဲ့ဒါကြောင့် အခုလက်ငင်း ပြစ်ဒဏ်မပေးနိုင်ရင်တောင်မှ နောင်တစ်ချိန်မှာ အရေးယူလို့ရအောင် ကျူးလွန်တဲ့ဖြစ်ရပ်တွေကိုတော့ စနစ်တကျမှတ်တမ်းတင်ထားပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ရအောင်လို့တော့ လုပ်နေတာတွေရှိပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် လူ့အခွင့်အရေး ဗြောင်ဗြောင်တင်းတင်း ချိုးဖောက် နေသည့် စစ်ကောင်စီနှင့် လုံးဝတူညီ၍မရသည့်အတွက် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ လိုက်နာရမည့် ကျင့်ဝတ်ထဲ၌ လူ့အခွင့်အရေးအပြင် အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အလေးထားမှု ရှိစေရေးအတွက် ထည့်သွင်းပေးရန် အဆိုပါဖိုရမ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် ဖိုရမ်၌ ဆွေးနွေးချက်များထဲတွင် စစ်ကောင်စီက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို လက်နက်သဖွယ် နှစ်ပေါင်းများစွာ အသုံးပြုနေသည်ကို မှတ်တမ်းတင်ဖော်ပြထားသလို တရားမျှတမှုရရှိစေရေး ဆောင်ရွက်ရန်ကိုလည်း တောင်းဆိုထားသည်။
ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် အာဆီယံ နိုင်ငံများက စစ်ကောင်စီအား တရားဝင်မှုရရှိစေမည့် အရာများမလုပ်ဆောင်ရန်ကိုလည်း တောင်းဆိုထားသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက အတည်ပြုထားသည့် အမျိုးသမီး ငြိမ်းချမ်းရေးဆိုင်ရာ မဟာဗျူဟာ မူဘောင် (၂၀၂၄-၂၀၂၇) ကိုကိုးကားပြီး ထိုမူဘောင်အား ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးကို ဦးတည်ဆောင်ရွက်ပေးရန် ဖိုရမ် အပြီးထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ်ကို အွန်လိုင်း၌ နှစ်ရက်တာ ကျင်းပကာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသီးသီးမှ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၇၄ ဦး ပါဝင်တက်ရောက်ဆွေးနွေးခဲ့ ကြောင်းသိရသည်။
ထို့အပြင် အဆိုပါ ဖိုရမ်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့တွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ (UNSCR 1325) ကို ချမှတ် ပြဌာန်းခဲ့သည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။



















