နိုဝင်ဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် တရားမဝင်မြန်မာရွှေ့ ပြောင်းမြန်မာအလုပ်သမားများအတွက် ယခုနိုဝင်ဘာလအတွင်း စမွန်စခွန်နှင့် စမွန်ပရာကန်တွင် (Certificate of Identity-CI) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်စာအုပ်များ လျှောက်ထားရန် ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏အလုပ်သမားဥပဒေအရ တရားဝင်အလုပ်သမားအဖြစ် သတ်မှတ်ခြင်းခံရရေး ရွှေ့ပြောင်းအလုပ်သမားများအတွက် CI စာအုပ်အသစ်လုပ်ဆောင်ရန်နှင့် သက်တမ်းကုန် CI စာအုပ်များ သက်တမ်းတိုးရန် ဖော်ပြပါစင်တာနှစ်ခုတွင် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများက ဆိုသည်။
မြန်မာပြည်သားအရေးပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “စမွန်စခွန်မှာ စမွန်ပရာကန်မှာဖွင့်မယ်၊ ဒါစခန်းဟောင်းတွေပါ၊ အထူးအဆန်းတော့ မဟုတ်ဘူး။ ဖွင့်မယ်ဆိုတာက ထိုင်းက တရားဝင်ကြေညာထားတာဖြစ်တယ်။ အသစ်လျှောက်မယ့်သူတွေလည်း အကျုံးဝင်တယ်။ လောလောဆယ်ကတော့ အဲဒီနှစ်နေရာပဲ။ လာလျှောက်တဲ့လူဦးရေကို ကြည့်သွားဦးမယ့်ပုံရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၂၁)ရက်နေ့ကလည်း ထိုင်းနိုင်ငံ၏ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲမှု အမျိုးသားအဆင့်ကော်မတီ၏ အစည်းအဝေးပြီးနောက် စမွန်စခွန်ရှိ CI စင်တာအား ယခုလဖွင့် လှစ်ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်က ထုတ်ဖော်ပြောဆိုခဲ့သည်။
စမွန်စခွန်ရှိ CI စင်တာသို့ လာရောက်လျှောက်ထားမည့် လူဦးရေအရေအတွက်ပေါ်မူတည်၍ စင်တာအသစ်တိုးချဲ့ဖွင့်လှစ်မည်ဟု အလုပ်သမားဝန်ကြီးဌာနက ပြောဆိုခဲ့ခြင်းဖြစ်ပြီး ထပ်ဖွင့် မည့်စာရင်းတွင် စမွန်ပရာကန်ရှိ စင်တာပါ ပါဝင်လာခဲ့ကြောင်း မြန်မာအလုပ်သမားရေးဆောင်ရွက်နေသူများက ဆိုသည်။
လက်ရှိတွင် CI လျှောက်ထားမည့် မြန်မာအလုပ်သမားဦးရေ ၅ သိန်းခန့်ရှိနေပြီး ၎င်းအနက် စစ်ကောင်စီဘက်ကစစ်မှုထမ်းကြေညာချက်ပြီးနောက် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသဖြင့် ထိုင်းအစိုးရကဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်အပို့ခံခဲ့ရသည့် မြန်မာအလုပ်သမား အရေအတွက်ထောင်ဂဏန်းသာ လျော့နည်းသွားနိုင်သည်ဟုလည်း JACBA အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ဖြည့်စွက်ပြောသည်။
၎င်းက “မြန်မာရွှေ့ပြောင်းလုပ်သား လျှောက်ထားသူ ၅ သိန်းလောက်ရှိတယ်။ ၅သ ိန်းထဲမှာ အဖမ်းခံရပြီးမြန်မာဘက်ခြမ်းကို ပြန်ပို့ခံရတာက ထောင်ဂဏန်းလောက်ပဲရှိပါတယ်။ လမ်းကြောင်း နှစ်ခုကနေပေါ့ မဲဆောက်-မြဝတီလမ်းနဲ့ ရနောင်း-ကော့သောင်းလမ်းရယ်ပါ။ မြန်မာနိုင်ငံနဲ့ လက်ဝါးချင်းရိုက်ထားသလားတောင် အောက်မေ့ရတယ်” ဟု ဦးမိုးကြိုးက ဆိုသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ချင်းမိုင်၊ အလယ်ပိုင်းတွင် နခွန်စဝမ်၊ စမွန်စခွန်၊ စမွန်ပရာကန်၊ ပထုံဌာနီနှင့် တောင်ပိုင်းအတွက် ဆူရတ်ဌာနီ၊ ဆုန်ခလာနှင့် ရနောင်း စသည့်ဖြင့် ယခင်က CI ဖွင့်လှစ်ဆောင်ရွက်ခဲ့သော စင်တာစုစုပေါင်း (၈)ခုရှိခဲ့သော်လည်း လာရောက်လျှောက်ထားသည့် အလုပ်သမားနည်းခြင်းနှင့် မြန်မာအစိုးရမှတောင်းဆိုလာသောကြောင့် ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်းလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားသည်။