“….အပေါ်ယံလောက်ပဲ မင်းတို့ ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ မေးပြီးတော့ ပြန်သွားပြီးတော့ အဲ့ဒါကို အစီရင်ခံစာကို ခမ်းခမ်းနားနားရေးပြီးတော့ တင်သွင်းနေတဲ့ဟာက ယနေ့ ဒီအချိန်မှာ UN သက်တမ်း တလျှောက်မှာ အဲ့လောက်ထိ မထိရောက်ခဲ့ဘူးဆိုတာ မြင်သာထင်သာ ရှိနေပြီး။….” မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး
ကုလကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့၏ မြန်မာ့အရေးကြားဝင် စေ့စပ်မှုအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနှင့် ဆက်သွယ်မေးမြန်းခြင်း
(နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ)
ပြီးခဲ့သည့် ဧပြီလမှ စတင်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် တာဝန် စတင်လွှဲပြောင်းရယူခဲ့ သည့် ယခင်သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့ဖူးသူ မစ္စဂျူလီဘစ်ရှော့က မြန်မာနိုင်ငံ၏ ပဋိပက္ခကို ပြေလည်နိုင်ရေး ကြားဝင်စေ့စပ်ညှိနှိုင်းမှုများကို စတင်လုပ်ဆောင်ခဲ့သည်။
သူမ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှု ခြေလှမ်းများအနေဖြင့် သက်ဆိုင်ရာ မြန်မာနိုင်ငံ၏ ပဋိပက္ခအတွင်း ပါဝင် ပတ်သက်သည့် အဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
အထူးသဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အတိုက်အခံ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့မှုများပြုလုပ်ခဲ့သည်။
ယခုလို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ(UN) အထူးကိုယ်စားလှယ်သစ် မစ္စဂျူလီဘစ်ရှော့၏ မြန်မာ့အရေး ကြားဝင် စေ့စပ်ညှိနှိုင်းမှုနှင့် ပတ်သက်ပြီး မည်သည်များမျှော်လင့်နိုင်မလဲ၊ မည်သို့အပြောင်းအလဲများ မြင်တွေ့ ရနိုင်မလဲဆိုသည့်အပေါ် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနှင့် ဆက်သွယ်မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ် စတင်လာတဲ့အပေါ်မှာ ဘယ်လို သုံးသပ်မြင်မိလဲ။
သူ့ရဲ့ ကြိုးစားမှုက ကုလသမဂ္ဂဆိုတဲ့ ကန့်သတ်မှု ဘောင်ထဲမှာပဲ ရှိတယ်၊ အဲ့ဒါက ပထမတစ်ချက်ပေါ့။ လူတွေ အနေနဲ့တော့ အမျိုးမျိုးပြောင်းလိမ့်မယ်။ သူတို့ရဲ့ အတွေးအခေါ်ပုံစံပြောင်းလိမ့်မယ်။ ပြီးရင် ဆက်ဆံရေးရဲ့ သဘာဝပေါ့၊ ကျနော်တို့ရှိနေတာက အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ ပူးပေါင်း ဆက် ဆံမှု ပုံစံဟာအပေါ်မှာ မူတည်ပြီးတော့ ကွာလိမ့်မယ်။ လူအနေနဲ့ အရင်တုန်းက နိုလင်းဟေဇယ် အခုက ဂျူလီဘစ်ရှော့ ပေါ့။ ဩစတြေးလျ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်း လုပ်ခဲ့ဖူးတယ်။ နိုင်ငံတကာနဲ့ ချိတ်ဆက်ခဲ့ ဖူးတယ်။ ပြီးရင် ဒေသတွင်းမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်း ချိတ်ဆက်ခဲ့ဖူးတယ်။ သူ့ဆီမှာတော့ ပါစင်နယ် အရ ထိတွေ့ဆက်ဆံလို့ရတဲ့ အခွင့်အလမ်းကောင်းတွေတော့ ကွာကောင်းကွာနိုင်တယ်။ ကွာလည်း ကွာလေ့ ရှိတယ်။
ဒါပေမဲ့ ဘယ်လိုပဲ ကွာကွာ၊ UN သဘာဝက UN က ချမှတ်ထားတဲ့ Charter အရကိုက UN အဖွဲ့ဝင် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက် စွက်ဖက်လို့မရဘူး။ အသိအမှတ်ပြုရမယ်ဆိုတဲ့ ကန့်သတ်မှု ဘောင်က ရှိနေတယ်။ အဲ့လိုရှိနေတော့ သူ့ရဲ့ ထိတွေ့ဆက်ဆံမှုမှာ နိုင်ငံတကာတွေနဲ့ ထိတွေ့ပြီးတော့မှာ မြန်မာ့အရေးကို ပို နားလည်လာအောင် သူကြိုးစားဖို့အတွက် အခွင့်အလမ်းကို ဦးတည်နိုင်တယ်။ ဒါပေမဲ့ တဖက်မှာက UN ကန့် သတ်မှုကြောင့်မို့လို့ သူလုပ်လို့ရတဲ့ဘောင်က ရန်ဖြစ်တာတွေ တိုက်ခိုက်တာတွေ ရပ်ကြပါ။ စေ့စပ်ဆွေးနွေး ကြပါ ဆိုတဲ့ဟာပဲ သူလုပ်လို့ရလိမ့်မယ်။ နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခမှာ ဘယ်သူကတော့မှန်တယ်၊ ဘယ်သူ ကတော့ မှားတယ်ဆိုတာကို သူ့အနေနဲ့ ပြောဆိုရပ်တည်လို့ ရမှာတော့ မဟုတ်ဘူး။
မြန်မာ့အရေးအပေါ်မှာ သိသိသာသာ အကျိုးသက်ရောက်စေတဲ့ အိမ်နီးချင်း တရုတ်ရဲ့ ရပ်တည်မှု ပုံစံ တွေကို သူ့အနေနဲ့ ဘယ်လောက်အထိ ညှိနှိုင်းနိုင်မလဲ။ ဆွေးနွေးနိုင်မလဲဆိုတာကို ကျနော်တို့ အများကြီး စောင့်ကြည့်ရအုံး မယ်။
မေး ။ ။ သူ့ခရီးစဉ်အတွင်းမှာ ကနဦး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာမျိုး လုပ်လာတယ်။ ဒါပေမဲ့ ဘာတွေ ဆွေးနွေး ခဲ့လဲဆိုတာကိုတော့ အသေးစိတ်နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုတာမျိုးမတွေ့ရဘူး။ အဲ့တော့ ဒီတွေ့ဆုံမှုမှာ မြန်မာ့နိုင်ငံရေးအခြေအနေအရ ဘာတွေ ဆွေးနွေးနိုင်တယ်လို့ ယူဆလို့ရလဲ။
ဒါက UN ရဲ့ မူဘောင်ထဲမှာရှိတဲ့အတွက်ကြောင့်မို့လို့ သူတို့ ပြောရမယ့်ဟာရယ်၊ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံရဲ့ 5 points consensus က ရှိနေတဲ့အတွက် အဲ့ဒါတွေကိုတော့ ကျော်လို့တော့ ရမှာမဟုတ်ဘူး။ ပိုပြီးတော့လည်း ပြောမယ်လို့တော့ မထင်ဘူး။
သူအများဆုံး ပြောနိုင်တဲ့ ကိစ္စက မြန်မာနိုင်ငံက အခုလက်ရှိဖြစ်နေတဲ့ဟာမှာ လူအများသေနေတာ စီးပွားရေးအရ ထိခိုက်နစ်နာမှုရှိတယ်၊ Humanitarian Crisis ဖြစ်နေတာတွေကို သူတို့က အချက်အလက်တွေနဲ့ ပြောပြ ဆွေးနွေးနိုင်မယ်။ ပြီးသွားရင် လူ့အခွင့်အရေး ချိုးဖောက်မှုဟာတွေ။ ဒါကတော့ UN မူဘောင်ထဲမှာရှိတဲ့ နိုင်ငံတိုင်းက အသိအမှတ်ပြုကျင့်သုံးရမယ့် စံသတ်မှတ်ချက်တွေဖြစ်တယ်။ အဲ့ဒီ စံသတ်မှတ်ချက်နှင့် ပတ်သက်တဲ့ ချိုးဖောက်မှုတွေဖြစ်စေ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ ပြောဖို့ ရှိမယ်။
ပြီးသွားရင် အာဆီယံ မူဘောင်တွေအရ အပစ်အခတ်တွေရပ်စဲဖို့၊ ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးဖို့ ဒါတွေ သူပြောလို့ ရလိမ့်မယ်။ အဲ့လိုညှိနှိုင်းဆွေးနွေးဖို့ သူပြောတဲ့အချိန်မှာ သူ့အနေနဲ့ စစ်ကောင်စီ နဲ့လည်း တွေ့တယ်၊ NUG နဲ့လည်းတွေ့တယ်၊ NUCC နဲ့လည်း တွေ့တယ်။ ပြီးသွားရင် လက်နက်ကိုင်လူမျိုးအစုအဖွဲ့တွေနဲ့ လည်းတွေ့ခဲ့တယ်ဆိုတာကို ပြောထားတာတွေလည်း ရှိတယ်။ အဲ့လိုတွေ့တဲ့အချိန်မှာ အဖွဲ့တွေဆီက ရှိနေတဲ့စိုးရိမ်မှုတွေ သူတို့ ပြောစရာရှိတဲ့ဟာတွေကို နားထောင်ပြီးသွားရင် သူ့အနေနဲ့ ပြန်ပြောလို့ရမယ့် ဥစ္စာကတော့ အပစ်အခတ်ဘယ်လို ရပ်စဲမလဲ။ ဘယ်ပုံစံနည်းလမ်းတွေနဲ့ အပစ်အခတ်ရပ်စဲတဲ့ အခြေအ နေမျိုးရောက်နိုင်မလဲဆိုတဲ့ဟာမျိုးလောက်ပဲ သူပြောလို့ရမယ်။ အဲ့ဘောင်ထဲကနေပဲ ပြောဆိုဆွေးနွေးလုပ်မယ်လို့ ကျနော့်အနေနဲ့ ခန့်မှန်းလို့ရမယ်။
မေး။ ။ ကုလအထူးကိုယ်စားလှယ်အနေနဲ့ကလည်း မြန်မာ့နိုင်ငံရေး ပဋိပက္ခက တစ်ဖက်တည်းက အနိုင်ပိုင်းပြီး ဖြေရှင်းလို့ မရဘူးလို့တော့ ပြောဆိုသွားတာမျိုးရှိတယ်။ အဓိကကတော့ စေ့စပ်ညှိနှိုင်းမှုကပဲ အဖြေရမယ်ပေါ့။ သူ့ပြောဆိုချက်အပေါ် ဘယ်လို သုံးသပ်မိလဲ။
ခုနက ကျနော်ပြောခဲ့သလိုပဲ။ UN အနေအထားက မြန်မာ့အရေးမှာ တစ်ဖက်ကို အနိုင်ပေးလိုက်ပါဆိုတဲ့ အနေအထားမျိုး သူတို့ ရပ်တည်လို့တော့ရမှာမဟုတ်ဘူး။ တစ်ဖက်နဲ့တစ်ဖက် အနိုင်တိုက်မယ်ဆိုရင်တော့ ဘယ်သူမှ မနိုင်ဘဲ အလုံးစုံပျက်စီးရေး လမ်းကြောင်းထဲ ရောက်နေတယ်၊ အဲ့ဟာကိုပဲ သူတို့ ပြောလို့ရလိမ့်မယ်။ အာဆီယံကလည်း အဲ့လို စေ့စပ်ညှိနှိုင်းရေးပဲပြောမှာပဲ။ ပြောရရင် ကမ္ဘာမှာဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေမှာဆိုလည်း UN ဝင်တယ်ဆိုရင် ငြိမ်းချမ်းရေး သဘောတူစာချုပ်ထိုးမလား၊ ဒါမှမဟုတ် သူတို့ အချင်းချင်းကြားမှာ သဘောတူ ညီမှုတစ်ခုနဲ့ စစ်ပြေငြိမ်းလိုက်မလားစတဲ့ဟာတွေနဲ့ သူတို့ကအဆုံးသတ်လေ့ရှိတာကို။ ကိုရီးယားတစ်ခုပဲ အဲ့လို Treaty မဟုတ်ဘူး၊ ဒီကနေ့ ဒီအချိန်အထိ ကမ္ဘာက Isolate (အထီးကျန်နိုင်ငံ) လုပ်ထားတဲ့ အခြေအနေ မျိုးရှိတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရှုပ်ထွေးနေတာက ဥပမာ အင်ဒိုနီးရှားနဲ့ တီမောလစ် ဖြစ်သလိုမျိုး နှစ်ဖက်ထဲ ရှိတဲ့ ဟာမျိုးဟုတ်မနေဘူး။ မြန်မာနိုင်ငံမှာက ရခိုင်ဘက်က သူတို့အနေနဲ့ စစ်ရေးအရ ထိုးစစ်ဆင်လာတာတွေရှိ တယ်။ မြောက်ပိုင်း ညီနောင် သုံးဖော်ရှိတယ်။ ကချင်ရှိတယ်၊ ကရင်ရှိတယ်၊ ကရင်နီရှိတယ်။ အဲ့ဒီအပြင် အုပ်စု ဖွဲ့ မျိုးစုံနဲ့ သူတို့ရဲ့ နယ်မြေဒေသ စိုးမိုးနိုင်ဖို့ လုပ်နေကြတဲ့ အချိန်မှာ တီမောလစ်လိုမျိုး အင်ဒိုနီးရှားကနေ ခွဲထွက်ပြီး နိုင်ငံ တစ်ခု ပေါ်ထွက်လာဖို့ဆိုတဲ့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ နိ ုင်ငံတစ်နိုင်ငံ နိုင်ငံသစ်တွေ ဖြစ်ထွန်းလာဖို့ ဆိုတဲ့အနေအထားမျိုးကလည်း ဟုတ်မနေဘူး။
အဲ့အတွက် ဒီအတွင်းထဲကနေ ဖြစ်နေတဲ့ ပဋိပက္ခက အတွင်းထဲကနေပဲ ဖြေရှင်းမှရမယ်။ သူတို့ အနေနဲ့ ဒီလိုမျိုး သဘောတူညီချက်ရလာဖို့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးရလာဖို့ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးရေးအတွက် သူတို့တွေအနေနဲ့ Facilitator စေ့စပ်ညှိနှိုင်းပေးတယ်။ ဒီဟာကို စေ့ဆော်ဆွေးနွေးပေးတယ်ဆိုရင် လုပ်လို့ရတဲ့ ကန့်သတ်မှု ဘောင်ထဲကနေပဲ သူ ကြိုးစားနေရတဲ့ သဘောတော့ရှိတယ်။
မေး ။ ။ သူပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံကို ထပ်သွားပြီးတော့မှ တခြားတွေ့ဆုံမှုတွေလည်း ထပ်လုပ်သွား ဖို့ရှိတယ်။ တဖက်မှာကလည်း ဒီဖက်တော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံတာမျိုးလည်း ရှိနေတယ်လို့ ကြားမိ တယ်။ ဒီလိုနှစ်ဖက် တွေ့ဆုံမှုတွေကနေ မြန်မာ့နိုင်ငံရေးအတွက် ဘာတွေ မျှော်လင့်လို့ရလဲ။
အရင်တုန်းက ကမ္ဘာကြီးမှာ ပဋိပက္ခဖြစ်လာတယ်ဆိုရင် သူတို့က ဆိုးတယ်လို့ ယူဆတဲ့ဟာတွေကို သူတို့ ကန့်သတ်လိုက်တာရယ်၊ Isolate (အထီးကျန်နိုင်ငံ) လုပ်လိုက်တယ်။ ၁၉၆၂ မှာ မဆလ ထွက်လာတော့ ဦးနေဝင်း ကို နိုင်ငံတကာက ဆက်ဆံရေး ဖြတ်လိုက်တယ်။ အဲ့အတိုင်းပဲ ၁၉၈၈ နောက်ပိုင်း ဦးသန်းရွှေ အစိုးရ (နအဖ) ကိုလည်း သူတို့ဆက်ဆံရေး ဖြတ်လိုက်တယ်။ အဲ့တော့ ထိတွေ့ဆက်ဆံမှု မလုပ်ဘူးဆိုတဲ့ အကျိုးရလဒ်က ထင်သာ မြင်သာတဲ့ သာဓကတွေ ကျနော်တို့ သင်ယူပြီးသားဖြစ်တယ်။
အခု ၂၁ ရာစု နောက်ပိုင်း သူတို့ရဲ့ စဉ်းစားမှုက တွေ့ဆုံဆွေးနွေးရေး ထိတွေ့ ဆက်ဆံရေးကို စဉ်းစား လာကြတယ်။ အဲ့ထဲမှာ ဝိဝါဒ ကွဲပြားမှုထဲက အကြမ်းဖက်တဲ့ အဖွဲ့နဲ့ မဖွဲ့တဲ့ အဖွဲ့အစည်းဆိုရင် ထိတွေ့မယ် မတွေ့ဘူးဆိုတာက ဝိဝါဒ ကွဲပြားတာတော့ရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အနေအထားမှာက ဒီဟာက အကြမ်း ဖက်တယ် ၊ မဖက်ဘူးဆိုတဲ့ဟာက ပြည်တွင်းမှာ လုပ်ရပ်တွေအရ အယူအဆ အမျိုးမျိုးရှိတယ်။ ပြန်ပြောလို့ ရတဲ့ အနေအထား ရှိနေပေမဲ့ မြန်မာနိုင်ငံရဲ့ စုဖွဲ့မှု ပုံစံအရ မြန်မာအချုပ်အခြာ အာဏာအောက်မှာ ရှိနေတဲ့ Institution အချင်းချင်းကြားမှာ ဖြစ်ကြတဲ့ဟာ။ ပြီးတဲ့အခါကျရင် နိုင်ငံရေးအစုအဖွဲ့တွေကြားမှာ နိုင်ငံရေး သဘောထား မတူညီကြတဲ့အခါ ဖြစ်ကြတဲ့ အနေအထားမျိုး။ ဒီလိုမျိုးမှာ တစ်ဖက်ဖက်ကို အကြမ်းဖက်အဖွဲ့အစည်း အနေနဲ့ သတ်မှတ်လိုက်ပြီး လုံးဝမထိဘူး မတွေ့ဘူးဆိုတဲ့ အနေအထားမှာ ရန်စည်းပြတ်တယ်ဆိုတဲ့ အနေအထားက လည်း ဟုတ်မနေဘူး။ အဲ့တော့ အခုအခြေအနေမှာ ပဋိပက္ခပြေလည်ဖို့အတွက် နှစ်ဖက်စလုံးနဲ့ ထိတွေ့သင့်တယ် ဆိုတဲ့ စဉ်းစားချက်က နိုင်ငံတော်တော်များများမှာရှိတယ်။
ဒါပေမဲ့ ဘယ်လို ပုံစံနဲ့ထိတွေ့မလဲ။ အဲ့လို ထိတွေ့တဲ့ နေရာမှာ သူတို့ရဲ့ Legitimacy ကို ထောက်ခံလိုက် သလိုမျိုး အသိအမှတ်ပြုလိုက်သလိုမျိုး မဖြစ်အောင် ဘယ်လိုရှောင်ရှားရမလဲဆိုတာကို စဉ်းစားရတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၁၉၄၇ ပင်လုံ လိုမျိုး နိုင်ငံရေးအရ လက်ခံနိုင်တဲ့ မူဘောင် တစ်ခု မရှိ မချင်းက ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ပြန်သွားရမယ့် အနေအထားဖြစ်နေတယ်။ အဲ့လိုပုံစံနဲ့ ပြန်သွား ကြမလား။ ပြန်သွားတယ်ဆိုရင်ကော ကျနော်တို့ ၂၀၁၀ အစ အခြေအနေမျိုး ပြန်ရောက်သွားရင် မြန်မာနိုင်ငံက တကယ့် ဒီမိုကရက်တစ်အကူးအပြောင်းကို ပြန်ရောက်သွားပြီးလား ဆိုတဲ့မေးခွန်းတွေရှိတယ်။
မြန်မာတွေရဲ့ ပြည်တွင်းမှာရှိနေတဲ့ လူတွေရဲ့ စဉ်းစားမှုနဲ့ ရုန်းကန်မှုက ပြည်ပမှာရှိနေတဲ့ လူတွေနဲ့ နိုင်ငံတကာရဲ့ စဉ်းစားမှု ရုန်းကန်မှုက တူနေမှာမဟုတ်ဘူး။ ကြိုးစားမှု ပုံစံကလည်း တူမနေဘူး။ ပြည်တွင်းမှာ ရှိနေတဲ့ လူတွေရဲ့ ကန့်သတ်မှုဘောင်ရှိသလို နိုင်ငံတကာက မြန်မာ့အရေးကို ဖြေရှင်းတဲ့ နေရာမှာသူတို့ရဲ့ ကိုယ်စီ ကန့်သတ်မှု ဘောင်ရှိတယ်။
ဥပမာ…ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာရေးရာကို ပေါ်လစီချမှတ်တဲ့နေရာမှာ သူတို့ အနေနဲ့ အများကြီး သတိထားရတာရှိတယ်။ အထူးသဖြင့် ထိုင်းအနေနဲ့ စီးပွားရေးအရ ကြည့်မယ်ဆိုရင် နိုင်ငံတကာရဲ့ ထောက်ခံမှု လိုအပ်တယ်။ Tourism ကနေ သူတို့ရဲ့ စီးပွားရေး အကျိုးအမြတ်ရဖို့အတွက် နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ အတွက် သူတို့ မီတင်နေရတာမျိုးဖြစ်တယ်။ ဒေသတွင်းမှာ ချိတ်ဆက်ပတ်သက်ရတဲ့ ကိစ္စမျိုးတွေရှိတယ်။
အဲ့လို သူတို့ရဲ့ မြန်မာ့ရေးရာကိုင်တွယ်မှုမှာ နိုင်ငံတကာက ရှုတ်ချစရာဖြစ်သွားတယ်ဆိုရင် သူတို့ရဲ့ စီးပွားရေး လုပ်ငန်း တွေအပေါ်မှာထိခိုက်မှုမျိုးကို သူတို့လည်း လိုလားမှာမဟုတ်ဘူး။ တော်တော်များများစဉ်းစားကြတာက နိုင်ငံတကာက မြန်မာ့အရေးကို ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းမလဲ အထူးသဖြင့် ဘယ်လိုမူဘောင်ထဲကနေ ချဉ်းကပ် ကြမလဲဆိုတဲ့အပေါ်မှာ စဉ်းစားကြလိမ့်မယ်။
မေး ။ ။ တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာဖို့ အာဆီယံကော၊ ကုလကော၊ အခြားအိမ်နီးချင်းတရုတ်လို နိုင်ငံကကော တိုက်တွန်းတာ ဖိအားပေးတာတွေရှိပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအနေအရ တွေ့ဆုံညှိနှိုင်း အဖြေရှာ နိုင်မယ်လို့ ဆရာ့အနေနဲ့ ယူဆမိသလား။
မဖြစ်နိုင်တာတော့ ဘာမှမရှိဘူး။ များသောအားဖြင့် ကမ္ဘာပေါ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာလည်း ပြေလည်နိုင်ပါ့ မလားပေါ့။ အမြင်သာဆုံး ပြောရရင် ကျူးဘားအရေးအခင်းပေါ့။ ကမ္ဘာစစ်တောင်ဖြစ် တော့မလားဆိုပြီး နောက်ဆုံးခလုတ်နှိပ်ခါနီး အခြေအနေအထိတော့ ရောက်ခဲ့တယ်။ ဒါပေမဲ့ ဖြစ်ချင်တော့လဲ သူ့ဘာသူအကြောင်းအရာတစ်ခုခု တိုက်ဆိုင်သွားတယ်။ ဒါမှမဟုတ် သူတို့ရှိနေတဲ့ အနေအထားတွေ ကန့်သတ်မှု ဘောင်တွေစဉ်းစားနေကြတဲ့ စဉ်းစားမှု အခြေအနေအပေါ် နားလည်မှု၊ ပကတိတရားကို ဘယ်လောက်အထိ နားလည်သလဲပေါ့။ ရှိနေတဲ့ ဆုံးဖြတ်ကြမယ့် အစုအဖွဲ့တွေရဲ့ ပကတိတရားအခြေအနေအပေါ် နားလည်မှု အပေါ်မှာ မူတည်လိမ့်မယ်။
ဥပမာ အခုဆိုရင် သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူးတို့ ရန်ငါစည်းပြတ်တယ်တို့ လူတွေမှာ နာကျည်းမှုတွေရှိတယ်။ အဲ့နာကျည်းမှုတွေ ပြေလည်နိုင်ဖို့ ယူဆလို့ရနိုင်တဲ့အကြောင်း တစ်ခုခု ပေါ်လာခဲ့ရင် ဒီဟာသေချာတယ်ဆိုရင်တော့ တွေ့လိုက်မယ်ဆိုတာမျိုးဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ ဖြစ်ခဲ့ဖူးတဲ့ သာဓက လည်းရှိတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာက ကျနော်တို့အနေနဲ့ တပ်အပ်ကြီး သိဖို့က အင်မတန် ခက်တယ်။ ဘာဖြစ်လဲဆိုတော့ မြန်မာ့နိုင်ငံရေး ရှုပ်ထွေးမှုက အများကြီး ဖြစ်နေတာ။
ဥပမာ အားဖြင့် မြောက်ပိုင်း ညီနောင်က ၁၀၂၇ စစ်ဆင်ရေးကို စပြီးလုပ်လိုက်တဲ့ အချိန်မှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်က ဒါက စုပေါင်းစစ်ဆင်ရေးစပြီး။ စစ်တပ်ကို လုံးဝကို အားချည့်သွားစေတယ်။ အဲ့တော့ သူတို့ရဲ့ လှုပ်ရှားမှုမှာမပါခဲ့ရင် နောက်ပိုင်း စစ်တပ်ကြီး ပြိုလဲသွားလို့ နိုင်ငံရေးအရ ဆွေးနွေးတာတွေ ညှိနှိုင်းတာတွေ လုပ်တဲ့အချိန်မှာ သူပိုင်တယ်၊ ငါပိုင်တယ် ဝေခွဲရမယ့် အခြေအနေရှိလာရင် ငါတော့ကျန်ခဲ့မှာပဲဆိုတဲ့ စဉ်းစားချက် ရှိတဲ့ အစုအဖွဲ့တွေလည်းရှိတယ်။ အဲ့လိုအခြေအနေမှာ ဝင်ပြီးတော့ ပါလိုက်တဲ့အဖွဲ့တွေလည်း ကျနော်တို့ တွေ့ရတယ်။
ဒါပေမဲ့ အဲ့လို ၁၀၂၇ စစ်ဆင်ရေးဖြစ်လာပြီးတော့ ဟိုင်ဂင်ဆွေးနွေးပွဲတွေ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေ အပေါ် ကျန်တဲ့ အဖွဲ့တွေက ရှိန်သွားကြတယ်။ ဒီဟာက အဲ့လောက် ရိုးရှင်းမနေဘူးဆိုတဲ့ဟာ နားလည်လာကြ တယ်။ ဒီ အော်ပရေးရှင်းဖြစ်လာဖို့ တရုတ်နဲ့ နားလည်မှု စေ့စပ်ညှိနှိုင်းမှု အများကြီးလုပ်ခဲ့ရတယ်ဆိုတာကို နားလည်လာကြတယ်။
ပြီးတော့ MNDAA ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ NUG နဲ့ နိုင်ငံရေး စစ်ရေးအရ မပူးပေါင်းဘူးဆိုတဲ့ အခါမှာ တရုတ်လွှမ်းမိုးတဲ့ အစုအဖွဲ့နဲ့ အနောက်နိုင်ငံနဲ့ ပိုပြီးတော့ ထိစပ်ပတ်သက်မှု အင်အားကောင်းတဲ့ အစုအဖွဲ့ နှစ်ခုကလည်း Power Dynamic ရှိနေတဲ့ ဆိုတဲ့ဟာကလည်း ပြန်မြင်လာတယ်။
အဲ့လိုပဲ Global Dynamic နဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံထဲမှာကွဲပြားမှု ရှိနေသလိုမျိုး သူ့ရဲ့ သက်ဆိုင်ရာ ဒေသအလိုက်မှာလည်း တွေ့ရလိမ့်မယ်။ ရှမ်းမြောက်မှာ ကချင်နဲ့ နယ်မြေတွေ လုနေရတဲ့ အခြေအနေတွေ ရှိတယ်။ ရှမ်းပြည်နယ်အတွင်းမှာလည်း တောင်နဲ့ မြောက်ကြားမှာလည်းရှိတယ်။ ရှမ်းပြည် နယ်တောင်ပိုင်း နဲ့ ကရင်နီ နယ်ခြားကရှိနေတဲ့ အဖုအထစ်တွေလည်းရှိတယ်။ နားလည်မှု နဲ့မဟုတ်ဘဲနဲ့ သူသာရင် သာသလို လှုပ်ရှားဆောင်ရွက်ခဲ့ကြတဲ့ အခြေအနေတွေလည်းသမိုင်းမှာရှိခဲ့တယ်။ အဲ့ဒီ Dynamic အခြေအနေက မြန်မာနိုင်ငံမှာရှိနေတဲ့ အခြေအနေက အဲ့လောက် ရိုးရှင်းတဲ့ ပုံစံဟုတ်မနေဘူး။
အဲ့လိုအခြေအနေမျိုးမှာ ပြည်တွင်းက လူတွေစဉ်းစားသလို အကုန်လုံး စနစ်ကနေ ဖြိုဖျက်ပြီးတော့ အသစ်ကနေ ပြန်ဆောက်မယ်ဆိုရင်တော့ ဒါက အိမ်တစ်လုံးဆိုရင်တော့ လွယ်ကောင်းလွယ်လိမ့်မယ်။ အိမ်တစ် လုံးဆိုရင် တောင်မှာအမွေဆိုင်လုကြမယ့်၊ ဖြစ်လာမယ့် ပြဿနာတွေကလည်း အများကြီးလေ။ အဲ့လိုအခြေ အနေမျိုးမှာ တောင်မှာ ကျနော်တို့ အချင်းချင်းကြားမှာ စိတ်ကျေနပ်မှုအတွက် ညှိနှိုင်းရမယ့် ကိစ္စတွေ၊ တရား ဥပဒေအရ ကြည့်ရမယ်ဟာတွေရှိတယ်၊ လူ့အခွင့်အရေးအရ ကြည့်ရမယ်ဟာတွေရှိတယ်။ အဲ့ထက်ပိုတာက လူသားအရေး ပေါ့။ ထိခိုက်နစ်နာမှု သေဆုံးမှု အရေးကိစ္စတွေပါ ထည့်သွင်းစဉ်းစားလာရမှာဖြစ်တဲ့အတွက် အခုလို ရှုပ်ထွေးတဲ့ အင်အားပြိုင်ဆိုင်မှုရဲ့ အဖြေက ရိုးရှင်းလွယ်ကူနေမှာမဟုတ်ဘူး။
အဲ့အတွက် လုံးဝ အလုံးစုံ ပျက်သုဉ်းရေး မူဘောင်နဲ့သွားပြီးတော့ အသစ်တစ်ခု ပြန်တည်ဆောက်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး၊ အဲ့ဒီဟာက ပိုပြီးတော့ ထိခိုက်နစ်နာမှု ဖိတ်စင်မှု ပိုများနိုင်တဲ့ဆိုတဲ့ စိုးရိမ်မှုကနိုင်ငံ တကာမှာ ပိုများတယ်ဆိုတဲ့ဟာကို ကျနော်တို့နားလည်ရတယ်။ အဲ့အတွက် နိုင်ငံတကာကလည်း ဒီကနေ့ ဒီအချိန် အထိ ပြောနေတဲ့ဟာက ထိတွေ့ကြပါ ပြီးရင်တွေ့ဆုံ ဆွေးနွေးရေး လုပ်ကြပါ။
အဲ့လိုစဉ်းစားတဲ့ စဉ်းစားချက်တွေ အားသာလာတဲ့အခါမှာ တစ်ဖက်ကစစ်ကောင်စီရဲ့ လှုပ်ရှားမှုကလည်း မြင်ရတယ်၊ သူ့အနေနဲ့ Narrative တွေကို Drive လုပ်တာတွေရှိတယ်။ အကြမ်းအဖက်အဖွဲ့အစည်းတွေ ကြေညာ တာတွေ။ အကြမ်းဖက်တယ်ဆိုတဲ့ သက်သေသာဓကတွေ စုလိမ့်မယ်။ တကယ့်သက်သေသာဓက တွေဖြစ်ကောင်းဖြစ်လိမ့်မယ်။ ရိုဟင်ဂျာအရေးကလို တကယ်ရှိတဲ့သက်သေတွ လုပ်ကြံဖန်တီးတဲ့ဟာတွေ လည်း ရှိကောင်း ရှိလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော စစ်ကောင်စီ အနေနဲ့ သူတို့ရဲ့ Narrative drive တစ်ခုကိုတော့ စနစ်တကျနဲ့ တွန်းနေတာကို တွေ့ရမယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ကုလအထူးကိုယ်စားလှယ်အနေနဲ့ ဒီလိုကြားဝင်စေ့စပ်မှုအပြင် အခြားဘယ်လိုနည်း လမ်းတွေနဲ့ မြန်မာ့နိုင်ငံရေးပဋိပက္ခမှာ ပါဝင်လုပ်ဆောင်လာဖို့ လိုအပ်တယ်လို့ ထင်လဲ။
မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ တကယ့်ရှိနေတဲ့ အနေအထားကို နားလည်ဖို့ဆိုတဲ့ ဟာက ဒီလိုမျိုး အချိန်တိုအတွင်းမှာတော့ ရမှာမဟုတ်ဘူး။ ပြီးရင် တွေ့ဆုံဆွေးနွေးမှုကို ဂျူလီဘစ်ရှော့ တစ်ယောက် ထဲနဲ့ ပီပီပြင်ပြင်ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။ အဲ့လို လုပ်ဖို့အတွက် သူတို့ရဲ့ ရှိနေတဲ့ ဥပမာ UN ရဲ့ စုဖွဲ့မှု အောက်မှာ အာဆီယံဆိုလည်း အာဆီယံရဲ့ စုဖွဲ့မှုအောက်မှာ နိုင်ငံတကာကနေ စုပေါင်းပြီးတော့ ဒီဟာကို အလေးထားပြီး တော့မှ ကိုင်တွယ်ဖြေရှင်းမှ ရမယ်ဆိုတာ အဲ့သဘော။ သူတို့ နိုင်ငံတကာ အချင်းချင်းကြားမှာ အစာကြေဖို့လည်း လိုတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အစုအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံတဲ့ နေရာမှာ တကယ်အစာကြေတဲ့ ထိတွေ့ဆက်ဆံမှုမျိုး ဖြစ်ဖို့လည်းလိုတယ်။
အပေါ်ယံလောက်ပဲ မင်းတို့ ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ မေးပြီးတော့ ပြန်သွားပြီးတော့ အဲ့ဒါကို အစီရင်ခံစာကို ခမ်းခမ်းနားနားရေးပြီးတော့ တင်သွင်းနေတဲ့ဟာက ယနေ့ ဒီအချိန်မှာ UN သက်တမ်းတစ်လျှောက်မှာ အဲ့လောက်ထိ မထိရောက်ခဲ့ဘူးဆိုတာ မြင်သာထင်သာ ရှိနေပြီး။ အာဆီယံ အနေနဲ့လည်း နိုင်ငံထဲမှာရှိနေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် လုံလောက်တဲ့ စုဖွဲ့မှုပုံစံ ယန္တရား ရှိမနေဘူးဆို တာကလည်း ကျနော်တို့က သိနေပြီး။ အဲ့ဒါတွေ အကုန်လုံးကျော်ပြီးတော့ ဒီထက်ပိုပြီးတော့ ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ တကယ့်စစ်မှန်တဲ့ အဖြေကိုတွေ့ရှိဖို့အတွက် တကယ့် Commitment တွေ လိုတယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။