Home ဆောင်းပါး ပြောင်းခင်းထဲက ‘အိပ်မက်’

ပြောင်းခင်းထဲက ‘အိပ်မက်’

787

ပြောင်းခင်းထဲက ‘အိပ်မက်’

စောကို

(အောင်တိုဘာ ၈၊ ၂၀၂၄)

“ပြောင်းချိုးတော့ လက်အိတ်တွေလည်း ဝတ်ရမှန်းမသိဘူး။ လက်အရေခွံတွေလှန်တယ်။ ခေါင်းကို အဝတ်အုပ် ရမှာလည်း မသိတော့ အပူခံရတာပေါ့” ဟု အသက် ၁၈ နှစ်အရွယ် ပြောင်းစိုက်အလုပ်သမ ဖြစ်သူက ပြောင်းခင်း လုပ်သမားဘဝအစကို ပြန်ပြောပြသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မြန်မာလူငယ်အများစု၏ ယိမ်းယိုင်မှုများဖြင့် ပြည့်နှက်နေသည့် အိပ်မက်များကို ထပ်မံရိုက်ချိုးမည့် ပြည်သူ့ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ လူငယ်အများစုသည် စစ်မှုမထမ်းလို၍ မိမိတို့ အနာဂတ် အိပ်မက်ကိုပစ်၊ နေရပ်စွန့်ခွာပြီး စိတ်ပင်မကူးဖူးသည့် ထိုင်းနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ထွက်ခွာခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် လွတ်မြောက် နယ်မြေ များတွင် လာရောက် ခိုလှုံခြင်းနှင့် အချို့က ရောက်ရာအရပ်၌ ကြုံရာလုပ်ကိုင်ရင်း ဘဝကို ရုန်းကန် လှုပ်ရှားနေရသည်။

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ ဆင်ခြေဖုံးရွာလေးတစ်ရွာမှ အသက် ၁၈ နှစ်အရွယ် မသဇင်(အမည်လွှဲ) သည် လည်း ထိုလူငယ်များထဲတွင် တစ်ဦးပါဝင်သည်။ မွေးချင်းမောင်နှမ နှစ်ဦးအနက် အကြီးဆုံးဖြစ်သည့် မသဇင်သည် မိဘနှစ်ပါးစလုံးနှင့် ငယ်စဉ်ကတည်းက အတူနေရလေ့မရှိခဲ့။ မိဘများမှာ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည့် အတွက် အမြဲလိုလို ရောက်ရာအရပ်တွင် ရရာအလုပ်ဖြင့် ရုန်းကန်လုပ်ကိုင်နေကြရခြင်းကြောင့်ပင်။

ထိုသို့ သူမ၏ မိဘများက ရွှေ့ပြောင်းလုပ်သား အဖြစ် သူမကို မဖြစ်စေလိုခြင်း၊ မိဘများဂုဏ်ယူရမည့် သမီးကြီး ဖြစ်ချင်သည်က တစ်ကြောင်း၊ ဇာတိရွာတွင် ကျောင်းဆရာ၊ ဆရာမ ပညာတတ်နည်းပါးသည့်အတွက် ငယ်စဉ် ကတည်းက စာသင်ကြားခြင်းကို ဝါသနာကြီးခဲ့သူပီပီ မသဇင်က ကျောင်းဆရာမတစ်ဦး ဖြစ်ချင်သည့် အိပ်မက် ရှိ ခဲ့သည်။

ယခုမူ သူမအိပ်မက်ကို စွန့်လွတ်ထားရပြီး မြဝတီမြို့တောင်ပိုင်း၊ တိုင်းရင်းသား လွတ်မြောက်နယ်မြေရှိ နယ်စပ်ရွာ လေးသို့ ထွက်လာရန် အကြောင်းဖန် လာခဲ့သည်။ လမ်းတစ်လျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များကို ပူပင်စိတ် ဖြင့် ဖြတ်ကျော်ခဲ့ရပြီး လမ်းဘေးတစ်နေရာတွင် အိပ်ခဲ့ရသည်ဟု သူမက ဖွင့်ဟသည်။ ဤသည်မှာ အခက်အခဲ၏ အစဟုသာ ဆိုနိုင်သည်။

မသဇင်ရောက်ရှိလာသည့် အရပ်ဒေသသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ ဝေါလေဒေသပင် ဖြစ်သည်။ ထိုဒေသသည် တောင်ကုန်းများ ထူထပ်ပေါများနေသည့် ဒေသဖြစ်၍ လယ်ယာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ဒေသမဟုတ်။ ရာသီအလိုက်ပြောင်းကို စီးပွားဖြစ် စိုက်ပျိုးသည့် ဒေသ ဖြစ်သည်။

ထို့အတွက် စက်ပစ္စည်းယန္တရား လုံလောက်စွာရှိသည့်တိုင် တောင်ကုန်းများပေါ်သို့ သယ်ဆောင်သွားရန် မဖြစ်နိုင်။ ပြောင်းလုပ်ကိုင်ရန် လူ့အရင်းအမြစ် အလုပ်သမားများကိုသာ အားထားနေရသည်။ တစ်ခါမှပင် မလုပ်ဖူးသည့် မသဇင်အတွက် နေ့စားအလုပ်ကို မိဘများနှင့်အတူ လိုက်ပါလုပ်ဆောင်ရင်း အစပိုင်းတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပုံကိုသူမက ယခုလို ပြောသည်။

“စလုပ်တာက နွေရာသီဖြစ်နေတော့ နေတော်တော်ပူတယ်။ မျက်နှာတွေလည်း အပူလောင်လို့။ ပြောင်းချိုးတော့ လက်အိတ်တွေလည်း ဝတ်ရမှန်းမသိဘူး။ လက်အရေခွံတွေ လှန်တယ်။ ခေါင်းကို အဝတ်အုပ်ရမှာကို မသိတော့ အပူခံရတာပေါ့” ဟု သူမ၏ ပထမဆုံးအတွေ့အကြုံကို ပြောပြသည်။

နေ့စားပြောင်းအလုပ်သည် လွယ်ကူလှသည့် အလုပ်မဟုတ်။ ပြောင်းစိုက်လျှင် တောင်ကုန်းများ၌ အများဆုံး စိုက်ပျိုးကြသည့်အတွက် တောင်ယာခုတ်ခြင်းကို ဦးစွာ လုပ်ကြရသည်။ ထိုသို့လုပ်ကိုင်ကြရာတွင် ပြောင်းအမှီ စိုက်နိုင်ရန် ရွှေ့ပြောင်းအလုပ်သမားများက နေပူမိုးရွာမရှောင် နေ့စား၊ ပုတ်ပြတ်နှစ်မျိုးဖြင့် လုပ်ကိုင်ကြရသည်။

မသဇင်အတွက် တောင်ယာခုတ်ခြင်းသည် ကြားဖူးသော်လည်း လုပ်ကိုင်ဖူးသည့် အလုပ်မဟုတ်။ ဓား၊ မြက်ရိတ် တံစဉ်း၊ ပေါက်တူးတို့ကိုလည်း ကိုင်ဖူးလေ့မရှိ။ သူမ၏ ပထမဆုံး တောင်ယာခုတ်ရသည့် အတွေ့အကြုံသည် သူမအတွက် အစိမ်းသက်သက် ဖြစ်နေသည်။

“ဒီရောက်မှ ဒီအလုပ်ကို လုပ်ဖူးတာဆိုတော့ ခက်ခဲတာပေါ့။ ဓားတို့တံစဉ်းတို့ ကိုင်တာ လွယ်တဲ့အလုပ် မဟုတ် ဘူးလေ။ အပင်တွေကြားက ပျားကလည်းတုပ်သေး။ တောင်ပေါ်မှာ ခုတ်ရတာဆိုတော့ ချော်ကျမှာလည်း စိုးရိမ် ရသေးတယ်လေ” ဟု သူမက ဆိုသည်။

စစ်မှုထမ်းဥပဒေကြောင့် တိုင်းရင်းသားလွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်လာကြသည့် လူငယ်အများစုသည် စားဝတ်နေရေးအတွက် လုပ်ကိုင်ဖူးလေ့မရှိသော နေ့စားပြောင်းစိုက်အလုပ်တွင် တောင်ယာခုတ်ခြင်း၊ ပေါက်တူး ပေါက်ခြင်း၊ မြက်သတ်ဆေးဖြန်းခြင်း၊ ပြောင်းစိုက်ပြောင်းချိုးခြင်း၊ ဝဲထည့်ခြင်း၊ ဝဲအိတ်၊ ပြောင်းအိတ် ထမ်းခြင်း စသည့်တို့ကို လုပ်ကိုင်နေကြရသည်။

အလုပ်ကြမ်းအများစုသည် ယောက်ျားလေးများလုပ်ကြသည့် အလုပ်ဖြစ်ကြပြီး နေ့စားခအနေဖြင့် ထိုင်းဘတ်ငွေ ၂၀၀ ကို ရရှိကြသည်။ အနည်းငယ်သက်သာသည့် ပြောင်းစိုက်၊ ပြောင်းချိုုး၊ ဝဲထည့် အလုပ်များအတွက်မူ တစ်ရက် လျှင် ၁၅၀ ဘတ် ရရှိကြသည်။

သို့သော်လည်း မသဇင်က ယောက်ျားလေးအများစု လုပ်ကိုင်ကြသည့် အလုပ်များကိုလည်း ယောက်ျားများနှင့် ရင်ဘောင်တန်း၍ ပင်ပန်းခံလုပ်ကိုင်နေသည်ကို တွေ့ရသည်။ ထိုသို့ လုပ်ကိုင်ခြင်းက မိဘနှစ်ဦးစလုံး ပင်ပန်းနေမှု ကို သနားမိသည့်အပြင် ညီမဖြစ်သူကို ပညာရေးအဆက်မပြတ်စေချင်သည့်အတွက်ဟု သူမက ယခုလို ဆိုသည်။

“လူဆိုတာ ယောက်ျားမိန်းမမှ မဟုတ်ဘူး။ သူများလုပ်နိုင်ရင် ကိုယ်လည်းလုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ကို အမြဲမွေး ထားတယ်။ စိတ်ခိုင်မှ ဖြစ်မယ်လေ။ ဒီလို နေပူမိုးရွာထဲမှာ အဖေနဲ့အမေ လုပ်ကိုင်နေရတဲ့အတွက် သနားမိတယ်။ အဖေဆို ဆေးဖြန်းပုံးကို ထမ်းပြီးတောင်ပေါ်တွေ၊ ပြောင်းကြားတွေမှာ ဖြန်းရတာဆိုတော့ သနားမိတယ်။ ညီမလေးကိုလည်း ကျောင်းပြန်တက်စေချင်တယ်။ အခုလို ပင်ပင်ပန်းပန်း လုပ်တာ သူ့အတွက် စံပြဖြစ်အောင် လို့ပေါ့” ဟု တုန်ရီသည့်လေသံဖြင့် ပြောပြသည်။

ပြောင်းစိုက်ရာတွင် နွေပြောင်းနှင့်မိုးပြောင်းဟူ၍ နှစ်မျိုးစိုက်ပျိုးကြသည်။ ပြောင်းအတွက် အဓိကလိုအပ်ချက်မှာ ရေ ဖြစ်ပြီး ရေသွင်းစိုက်ပျိုးရန် မြစ်ချောင်းနှင့်နီးသည့် မြေပြန့်နေရာအချို့သာ အဆင်ပြေသည်။ တောင်ကုန်းများ တွင်မူ မိုးရာသီတွင် ရေရ၍ အဆင်ပြေနိုင်သော်လည်း နွေရာသီတွင် ရေစုပ်စက်ဖြင့် ပိုက်ဆက်ကာ တောင်ကုန်း ပေါ်သို့ ပိုက်ဆွဲဖြန်းခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းကို လုပ်ကိုင်ကြရသည်။

အလုပ်ရှင်များအတွက် ရေစုပ်စက်သုံးလျှင် ငွေကုန်ကြေးကျများသည့်အတွက် နေ့စားသမားအများစုသည် ပိုးသတ် ဆေးပုံး၊ ရေပုံးကျောပိုး၍သာ လုပ်ကိုင်နေကြပြီး ထိုအထဲတွင် မသဇင်၏ ဖခင်ဖြစ်သူလည်း ပါဝင်နေသည်။ ဖခင် ဖြစ်သူက သမီးနှစ်ဦးစလုံး ယခုကဲ့သို့ တိမ်းရှောင်လာရပြီး မလုပ်ကိုင်ဖူးသည့် အလုပ်လုပ်နေရခြင်းအပေါ် စိတ်မကောင်း ဖြစ်မိသည်ဟု ယခုလို ဖွင့်ဟ ပြောသည်။

“မိဘတစ်ယောက်အနေနဲ့ သမီးနှစ်ယောက်လုံးကို သက်သာတဲ့အလုပ်မှာ ဘောပင်ကိုင်တဲ့အလုပ်လေးနှင့် မြင်ချင် တာပေါ့။ ဒါပေမယ့် အခုအခြေအနေက သူတို့မှာပညာရေးကဆ ုံးရှုံး၊ ကိုယ်တွေမှာလည်း ကယိမ်းကယိုင်ဖြစ် ဆိုတော့ မိဘအနေနဲ့ တာဝန်မကျေဘူးပေါ့” ဟု ဝမ်းနည်းကြေကွဲသည့်အသံဖြင့် ပြောသည်။

မသဇင်အတွက် မိမိရပ်ရွာ မဟုတ်သည့်အပြင် ဒေသခံတိုင်းရင်းသားများအကြား ရောက်သောအခါ ဘာသာစကား မတူသဖြင့် ပြောဆိုဆက်ဆံရာတွင် အခက်အခဲနှင့်တကွ အားငယ်စိတ်လည်း ဖြစ်မိသည်။ မိမိရောက်ရှိသည့် ရွာတွင် ကျောင်းတက်နေသည့် ကျောင်းသူကျောင်းသားများကို မြင်ရသည့်အခါတွင်လည်း ဝမ်းနည်းမိပြန်သည်။ ထိုဝမ်းနည်းမှုများကိုလည်း တစ်နည်းမဟုတ် တစ်နည်းဖြင့် ဖြေသိမ့်နေရသည်ဟု သူမက ဆက်ပြောသည်။

“ဒီနှစ်မှာ အထက်တန်းအောင်လက်မှတ်ကို ရအောင်လုပ်ပြီး ကိုယ်ရည်ရွယ်ထားတဲ့ ဆရာမ ဖြစ်ချင်တဲ့ အိပ်မက် အတွက် နှစ်တိုင်းကြိုးစားခဲ့တာ။ ရွာကသူတွေ ကျောင်းတက်တာ တွေ့ရတော့ သူတို့အတွက် ဝမ်းသာမိပါတယ်။ ဒီနှစ်မှာ ကိုယ်တွေ မတက်ရတော့ ဝမ်းနည်းရတယ်။ ခံစားရတာပေါ့။ ဒါပေမယ့် အဖေနှင့်အမေကို လာဝိုင်းလုပ် တယ်။ ကျောင်းပြန်တက်နိုင်ဖို့ ကျောင်းစရိတ်လာရှာတာလို့ပဲ ဖြေသိမ့်ရတာပေါ့” ဟု ပြောသည်။

မသဇင်ကဲ့သို့ အိပ်မက်ကို ခဏတာစွန့်ထားရပြီး စစ်မှုထမ်းဥပဒေကို ရှောင်ကာ ရောက်ရာအရပ်တွင် ကြုံရာ လုပ်ကိုင်ပြီး ဝါသနာတစ်ဖက် ဝမ်းရေးတစ်ဖက်ဖြင့် လုပ်ကိုင်နေကြသည့် အချို့သော လူငယ်များသည်လည်း အသက်ဆက်ရှင်သန်နိုင်ရေးအတွက် ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေကြရပြီး လူငယ်များအတွက် သေချာသည်က ပန်းခင်းလမ်းတော့ဖြစ်မည်မဟုတ်။

မသဇင်အတွက်မူ မိမိ၏ အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကြမ်းတမ်းလှသည့် ပြောင်းခင်း လမ်းကို အချိန်အတိုင်းတာတစ်ခုအထိ ဆက်လက်လျှောက်လှမ်းနေရဦးမည်ဖြစ်သလို နောင်နှစ် ကျောင်းပြန် တက်ပြီး ဆရာမဖြစ်လိုသည့် အိပ်မက်ကို လက်မလျှော့နိုင်သေးဟု ပြောင်းခင်းထဲ နေ့လည်ခင်းခဏ နားချိန်တွင် သူမက ပြုံးပြပြောသည်။