Home သတင်း တောင်ငူမြို့တွင် ရေဘေးသို့ သွား‌ရောက်ကူညီကယ်ဆယ်နေသူတစ်ဦး ရေထဲမျှောပါ သေဆုံး

တောင်ငူမြို့တွင် ရေဘေးသို့ သွား‌ရောက်ကူညီကယ်ဆယ်နေသူတစ်ဦး ရေထဲမျှောပါ သေဆုံး

1232
Photo: Social Media

စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မိုးကောင်းရွာတွင် စက်တင်ဘာလ (၁၅) ရက်နေ့တွင် ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်သူ လူငယ် တစ်ဦး ရေစီးနှင့်မျှောပါသေဆုံးသွားခဲ့ကြောင်း ‌‌ဒေသခံနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဆောင်သည့်ရှင်ပေါလုအသင်းတော်မှ အသက် (၂၆) နှစ်အရွယ် အမျိုး သားတစ်ဦးမှာ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ မိုးကောင်းကျေးရွာအတွင်း ပိတ်မိနေသူဒေသခံများကို သွားရောက်ကယ်ဆယ်ရာမှ ယာဥ်ပေါ်မှပြုတ်ကျပြီး ရေစီးနှင့်မျှောပါ သေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“သူက ရေကြီးကတည်းက စစ်တောင်းအရှေ့ဘက်ကမ်းက မိုးကောင်းဘက်ခြမ်းမှာ ဆက်တိုက်ပဲ ကူညီပေးနေတာ။ အခုလည်း ရေအရမ်းစီးသန်လို့ သွားကယ်ရင်းနဲ့ပဲ ဖြစ်သွားတာ။ ကားသွား မောင်းပေးတာလေ ရေအရမ်းစီး‌တော့ ကားပေါ်ကပြုတ်ကျပြီး ကားကသူ့အပေါ် ပြန်ဖိမိတယ်။ အဲဒီမှာထိခိုက်ပြီး ဆုံးသွားတာပါ။“ ဟု ၎င်းအမျိုးသမီးက ပြောသည်။

အသင်းတော်ဘက်မှလည်း သေဆုံးသူ၏ရုပ်ကလပ်အား တောင်ငူမြို့၊ သီတာလမ်းရှိ ဗတ္တိဇံရှင်ယောဟန် ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွင် ထားရှိခဲ့ပြီး ယနေ့ ဗောဓိသာရသင်္ချိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း အသင်းတော်တာဝန်ရှိသူများက လူမှုကွန်ရက်မီဒီယာမှတဆင့် ထုတ်ပြန်ချက်အရ သိရသည်။

ရေကြီးမှုနှင့်တဆက်တည်း ရေစီးသန်လွန်းသောကြောင့် တောင်ငူမြို့အခြေစိုက် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များအပါအဝင် နီးစပ်ရာ အဖွဲ့များ၊ ဒေသခံများပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းတာဝန်များ လုပ်ဆောင်ပေးလျက်ရှိသော်လည်း ကယ်ဆယ်ရေးပစ္စည်းမလုံလောက်မှုအပေါ် ယခုလို အသက်သေဆုံးခဲ့ရသဖြင့် ဝမ်းနည်းစရာ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ခဲ့ရကြောင်း ဖော်ပြပါ ‌ဒေသခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။

၎င်းက “အဓိကတော့ ဆုံရှုံးတာပေါ့။ ဝမ်းလည်းနည်းတယ်။ သူကလည်း အရင်ကတည်းက တောက် လျှောက် အရင်ကတည်းက အဲ့လိုလုပ်ပေးတာဆိုတော့လေ စိတ်မကောင်းဘူး။ ဒီဘက်မှာ လုပ်ပေးတဲ့ အလွတ်တန်းပရဟိတတွေ အများကြီးရှိတယ်။ ပစ္စည်းမလုံလောက်တာတွေလည်း အများကြီးရှိတယ်။ အဲလို ဖြစ်နေတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

တောင်ငူမြို့နယ်အပြင် အုတ်တွင်း၊ ရေတာရှည်နှင့် ထန်းတပင်မြို့နယ်များတွင် ရေကြီးရေလျှံမှုမှာ ယနေ့အထိ ဆက်လက်ပြင်းထန်လျက်ရှိရာ ရေဘေးသင့် ပြည်သူအရေအတွက် သောင်းနှင့်ချီအား အရေးပေါ်ရွှေ့ပြောင်းပေးထားရသလို အချို့ကျေးရွာများတွင်လည်း ကယ်ဆယ်‌ရေးအတွက် အခက်အခဲရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏မြို့နယ်ပေါင်း(၅၆)ခုတွင် ရေဖုံးလွှမ်းမှုဖြစ်ပွားခဲ့သည့် အခြေအနေအရ ပြီးခဲ့သည့် စက်တင်ဘာ (၁၄) ရက်နေ့အထိ နေအိမ် (၇၂,၉၀၀) ကျော် ရွှေ့ပြောင်းခဲ့ရပြီး ရေဘေးသင့်ပြည်သူ(၃၂၀,၀၀၀) ‌ကျော်ကို ယာယီကယ်ဆယ်ရေးစခန်းများ၌ ရွှေ့ပြောင်းထားရကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းမီဒီယာများတွင် ထုတ်ပြန်ထားသည်။

အဆိုပါရေဘေးသင့်ပြည်သူများတွင် သေဆုံးသူ (၁၁၃)ဦး၊ ပျောက်ဆုံးသူ (၆၄) ဦးနှင့် ဒဏ်ရာရရှိသူ (၁၄) ဦး ရှိခဲ့သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။