Home သတင်း သရက်ချောင်းမြို့နယ်အတွင်း သတ်မှတ်စနစ်အတိုင်း အခွန်ကောက်ခံခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၄ ပြော

သရက်ချောင်းမြို့နယ်အတွင်း သတ်မှတ်စနစ်အတိုင်း အခွန်ကောက်ခံခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၄ ပြော

744
Photo: CJ

စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) ထိန်းချပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း)မြို့နယ်အတွင်း သတ်မှတ်ထားသည့် အခွန်ကောက်စနစ်နှင့် ခရီးသည်အခြေအနေပေါ်မူတည်၍ အခွန်ကောက်ခံခြင်းဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ(၄) တာဝန်ရှိသူ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လပိုင်းမှစတင်၍ သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်ကျေးရွာနှင့် အောက်သရက် ချောင်းကျေးရွာအနီးရှိ ကေအဲန်ယူဂိတ်မှ ဖြတ်သန်းသွားလာသည့် ခရီးသည်တင်နှင့် ကုန်တင်ယာဥ်များထံမှ အခွန်ကောက်ခံနေသည့်အပေါ် လူထုဝေဖန်လာသည်နှင့်ပတ်သက်ပြီး စုံစမ်းရာမေးမြန်းရာတွင် တပ်မဟာ(၄) ကေအဲန်ယူ၏ အခွန်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပြထားခြင်းဖြစ်သည်။

၎င်းက “ကျနော်တို့နယ်မြေထဲမှာချမှတ်ထားတဲ့ အခွန်ကောက်ခံစနစ်အတိုင်း ဖြတ်ပိုင်းနဲ့တကွကောက်တာပါ။ အများအားဖြင့် ဘိတ်-ထားဝယ်ကုန်ကားတွေ၊ တခြားနိုင်ငံကို အလုပ်သွားလုပ်မယ့် ခရီးသည် အရေအတွက်ကိုကြည့်ပြီး ကောက်တာ။ တချို့ဝေဖန်ပြောဆိုတာကတော့ အရင်ကမကောက်ဘဲ အခုမှကောက်လို့ဖြစ်မယ်။ အရင် ရပ်ရွာထဲကစေတနာရှိသလောက် ကောက်တယ်ဆိုပေမယ့် အခုကတော့ မြို့နယ်တာဝန်ရှိသူက ချမှတ်တဲ့အတိုင်းလုပ်ဆောင်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

KNU က အခွန်ကောက်ခံရာတွင် ခရီးသည်တင်မော်တော်ယာဥ်များအား မြန်မာငွေကျပ် တစ်သိန်း၊ ကုန်တင်ယာဥ် တစ်အုပ်စုလျှင် ဆယ်သိန်းကျပ်အပြင် ယာဥ်ပေါ်ပါလာသည့် ကုန်ပစ္စည်းအမျိုးအစားအလိုက် ငွေကျပ်ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ အခွန်ပေးရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၏ ပြောပြချက်ပေါ်အခြေခံ၍ ဒေသသတင်းမီဒီယာအချို့က ဖော်ပြသည်။

Photo: CJ

ထို့အပြင် အခွန်မဆောင်နိုင်သူများအား ၎င်းဂိတ်များတွင် အမည်၊ ကိုယ်ရေးအချက်အလက်နှင့် စီးနင်းလာသည့်မော်တော်ယာဥ်နံပါတ်များ ရေးမှတ်ထားသည်မှလွဲ၍ သီးခြားပြုမှုပြောဆိုခြင်းမရှိသလို အခွန်ဆောင်ပြီးသူများအား တံဆိပ်ပါဖြတ်ပိုင်းများ ပြန်ပေးကြောင်း KNU က ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၄)အနေဖြင့်မူ စစ်ကောင်စီက စစ်ကြောင်းထိုးမှုများနှင့်ပဋိပက္ခများကြောင့် ပြည်သူလူထု စစ်ဘေးရှောင်တိမ်းရသည့်အပြင် လက်ရှိကုန်ဈေးနှုန်းများ မြင့်တက်နေမှုတို့ကြောင့် အခြေအနေပေါ်မူတည်ပြီး အခွန်ကောက်ခံနေရကာ ရရှိလာသည့်အခွန်ငွေများကို အဖွဲ့အစည်းအတွက် ပြန်လည်အသုံးချသွားမည်ဟု‌ ဖော်ပြပါခရိုင်၏ အခွန်ဌာနတာဝန်ရှိသူက ဖြည့်စွက်ပြောပြသည်။

အောက်သရက်ချောင်းရွာတွင် ပြီးခဲ့သည့်လမှစ၍ အခွန်ငွေများ ကောက်ခံခဲ့သော်လည်း ဘုတ်တောင်ရွာတွင် ယခု စက်တင်ဘာလမှ လကုန်အထိ အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုကြပြီး ကေအိုင်စီအနေဖြင့်မူ အတည်ပြုနေဆဲဖြစ်သည်။

ထို့အတူ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များကလည်း သရက်ချောင်းမြို့နယ်အတွင်းရှိ တံတားထိပ်များ ၎င်းတို့ဌာနဆိုင်ရာနေရာများတွင် စစ်ဆေးရေးဂိတ်များချ၍ ဖြတ်သန်းသွားလာသည့် ခရီးသည်များထံမှ ဂိတ်ကြေးအကြောင်းပြငွေတောင်းခံမှုနှင့် ငွေညှစ်တောင်းခံမှုများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။