“အိမ်ဦးနတ်ရဲ့ သောက”
ဆောင်းပါးရှင် – ကိုစိုင်း
နယ်မြို့လေးတစ်ခုအခြေစိုက် ဒေသတွင်းသတင်းဂျာနယ်မှာအယ်ဒီတာလုပ်တဲ့ ကိုစိုးအောင်အတွက် ကံကြမ္မာ အလှည့်အပြောင်းက ၂၀၂၁ စစ်အာဏာသိမ်းပြီး ခြောက်လအကြာမှာ စခဲ့ပါတယ်။
စစ်ကောင်စီတပ်က သတင်းတိုက်ကို နှစ်ကြိမ်တိုင် ဝင်စီးနင်းရှာဖွေပြီးနောက်မှာ သတင်းတိုက် ဆက်လက် လည်ပတ်ဖို့ မဖြစ်နိုင်တော့ဘဲ ဂျာနယ်ဘုတ်အဖွဲ့ ဆုံးဖြတ်ချက်ကြောင့် သတင်းစာရပ်နားခဲ့ရတယ်။
ပထမအကြိမ် ဝင်စီးနင်းကတည်းက ကိုစိုးအောင်ကံကောင်းစွာ လွတ်မြောက်ခဲ့ပြီး ကျေးရွာတစ်ခုမှာ မိသားစု လိုက် တိမ်းရှောင်ခဲ့ကြတယ်လို့ ပြောပါတယ်။
သုံးနှစ်အရွယ် သမီးနဲ့ ရှစ်နှစ်အရွယ်သားတို့ရဲ့ဖခင် ကိုစိုးအောင်တို့ မိသားစုဟာ သုံးလကြာ ကျေးလက်မှာ နေထိုင်ရင်း ပုံမှန်ဝင်ငွေမရှိတာကြောင့် မိသားစုစားဝတ်နေရေးအတွက် မြို့က အိမ်ကိုပြန်ခြေချခဲ့ကြရပါ တယ်။ သူ့ကို အမှုဖွင့်လှစ်ထားတာမရှိဘဲ စောင့်ကြည့်အဆင့်သာရှိတယ်လို့ မိတ်ဆွေအချို့ဆီက သတင်းရလို့ စိုးတထိတ်ထိတ် မရဲတရဲနဲ့ ပြန်လာခဲ့တာလို့ဆိုပါတယ်။
“ထိုင်စားနေလို့ မဖြစ်ဖူး။ မိသားစုဝမ်းရေးအတွက် အလုပ်တခုခုလုပ်ဖို့ မြို့ပေါ်ပြန်တက်လာခဲ့ရတာ။”လို့ ကိုစိုးအောင်က ပြောပါတယ်။
မိသားစုက ကိုစိုးအောင်ရဲ့ ဝင်ငွေတစ်ခုတည်းကိုပဲ မှီခိုလာခဲ့တာပါ။ အိမ်ထောင်သက်၁၄နှစ်အတွင်း ခြစ်ချုပ်စု ထားတဲ့ငွေလေးရင်းနှီးပြီး အာဏာသိမ်းဖြစ်စဉ်မတိုင်မီ တစ်လခန့်က သူ့ဇနီးအတွက် ဖိနပ်ဆိုင်တစ်ဆိုင် ဖွင့်ပေးခဲ့ပါတယ်။ ဇနီးသည်ရဲ့ ပထမဆုံး ကိုယ်ပိုင်လုပ်ငန်းလေးဖြစ်လာဖို့ ဆိုင်ခန်းတစ်နှစ်စာ စာချုပ်ချုပ်ပြီး ရင်းနှီးငွေသိန်း ၁၅၀ လောက်နဲ့ ဖွင့်ခဲ့ကြတာပါ။
“မိန်းမက ကလေးတွေ နည်းနည်းကြီးလာတော့ အိမ်ဗာရီရအလုပ်တွေ မရှုပ်တော့လို့ သူ့ကိုယ်ပိုင်လုပ်ငန်း လေး ဇောက်ချလုပ်တော့မယ်လို့ စိတ်ကူးယဉ်ကောင်းတုန်း ဆိုင်ကပိတ်လိုက်ရတာ။ ဆိုင်ခန်းရှိတဲ့ လမ်းကို စစ်တပ်ကအထိုင်စခန်းချ ပိတ်ဆို့လိုက်တော့ ပစ္စည်းတွေလည်း ရသလောက်နဲ့ သယ်ပြီးပြန်ရောင်းလိုက်ရ တယ်။ အမျိုးသမီးက အဲဒီကတည်းက သူ့အိမ်မက်လေး သွားပြီဆိုပြီး စိတ်ဓာတ်ကျပြီး ရွှင်ရွှင်ပြပြ မရှိတော့ တာ။”လို့ ကိုစိုးအောင်က ရင်ဖွင့်ပါတယ်။
လေးဘက်နာရောဂါသည်ဖြစ်တဲ့ ဇနီးသည်ဟာ ခန္ဓာကိုယ်ပင်ပန်းတဲ့အလုပ်တွေ မလုပ်နိုင်ပါဘူး၊ စိတ်ဓာတ်ကျ တာပါ ပိုလာတော့ နေ့စဉ်အားပေးနှစ်သိမ့်နေရတယ်လို့ ဆိုပါတယ်။
ရှစ်နှစ်အရွယ်သားကြီးရဲ့ ကျောင်းပညာရေးကလည်း ကိုဗစ်ကပ်ရောဂါကတည်းကစပြီး အာဏာသိမ်းကာလ လှုပ်ရှားမှုတွေကြောင့် တတိယတန်းအဆင့်နဲ့ ရပ်နေခဲ့တာပါ။ အငယ်ဆုံး သမီးကလည်း မူကြို ကျောင်းထားရ မယ့်အရွယ်ရောက်ပေမယ့် မထားနိုင်ခဲ့ပါဘူး။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်ရောဂါကူးစက်ပျံ့ပွားနှုန်းတွေများတဲ့ အချိန်မှာတော့ ကိုစိုးအောင်တို့ တစ်မိ သားစုလုံးလည်း အများနည်းတူ ကိုဗစ် ကူးစက်ခံရပြီး ဆေးကုသဖို့အတွက် မိတ်ဆွေတွေထံက ငွေချေးယူခဲ့ရ တယ်လို့ ကိုစိုးအောင်က ပြောပါတယ်။ “တစ်အိမ်လုံးဖျားတော့ ဆေးစရိတ်နဲ့ ကလေးငယ်တွေ ဓာတ်စာစရိတ် ပါလိုတော့ တခါမှ ငွေမချေးစဖူး ချေးခဲ့ရတာ။”လို့ ရင်ဖွင့်ပါတယ်။
ကျန်းမာရေးပြန်ကောင်းတော့ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကနေ မှာယူ ရောင်းချရာကနေ မိတ်ဆွေအပေါင်းအသင်းပေါတဲ့ သူ့အတွက် ငွေဝင်မယ့်လမ်းစ တွေ့လာတယ်လို့ ဆိုပါ တယ်။
“ဝိုင်းအားပေးကြတော့ အဲဒီကနေစပြီး တခုခုပြီးတခုရောင်းရင်း အွန်လိုင်းစျေးသည် ဖြစ်မှန်းမသိဖြစ်ခဲ့တာပဲ။” လို့ ကိုစိုးအောင်က ရယ်ပြီးပြောပါတယ်။
ထိုင်းနိုင်ငံထုတ် မုန့်ပုံးတွေကိုနယ်စပ်က သယ်ပြီးရောင်းရာမှာလည်း လမ်းက စစ်တပ်ဂိတ်တွေက ဖွင့်ဖေါက် စစ်ဆေးတာတွေကြောင့် မုန့်ပုံးတွေ အပျက်အစီးများတဲ့ အခေါက်ဆို အရင်းငွေ ပြန်ရအောင် လျော့စျေးနဲ့ ရောင်းချရတာတွေလည်း ရှိတယ်လို့ သူက ရှင်းပြပါတယ်။
ကိုဗစ်နောက်ဆက်တွဲအနေနဲ့ သူ့ဇနီးရော ကလေးတွေက ခဏ ခဏဖျားတာကြောင့် သုံးလတကြိမ် ဆေးစစ်၊ လိုအပ်တဲ့ဆေးတွေ ဝယ်သောက်နေရတာကလည်း အိမ်စရိတ်နဲ့အတူ ကုန်နေတာလို့ ဖွင့်ဟပါတယ်။
နှစ်တိုင်း ကလေးတွေကို ထိုးပေးနေကြ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးကလည်း စစ်အာဏာသိမ်းပြီး ငွေကြေးဖောင်းပွမှုဂယက်တွေကြောင့် စျေးတွေတက်လို့ မထိုးပေးနိုင်တော့ဘူးလို့ ကိုစိုးအောင်က ညည်းတွား ပါတယ်။
“မိုးတွင်းဆို သွေးလွန်တုပ်ကွေးရော၊ ရာသီတုပ်ကွေးရော လန့်နေရတာ၊ ဆေးရုံမှာက ဆရာဝန်ကြီးတွေလည်း မရှိဘူး။ ကြားထားတော့ ပိုဆိုးတယ်။ ညမထွက်ရ အမိန့်ရှိတော့ ညပိုင်းအရေးပေါ် တခုခု ထဖြစ်ရင် လူနာတင် ကားခေါ်ဖို့ကို မလွယ်တာလေ။” လို့ ပြောပါတယ်။
သားကြီး ပညာရေးအတွက် စစ်ကောင်စီလက်အောက်ကျောင်းတွေမှာထားဖို့ အဆင်မပြေတာကြောင့် အမျိုး သားညီညွှတ်ရေးအစိုးရ (NUG) ကဖွင့်လှစ်တဲ့ အွန်လိုင်းကျောင်းတွေမှာထားဖို့ သူတို့ ဇနီးမောင်နှံ စီစဉ်ခဲ့ကြပါတယ်။
အဲဒီကျောင်းကို ဦးစီးသူတွေဟာ စစ်ကောင်စီရဲ့ ရှာဖွေဖမ်းဆီးခြင်းခံရပြီး ကျောင်းသား မိဘတွေ ကိုယ်ရေးအ ချက်တွေ ပေါက်ကြားတာကြောင့် ဖုန်းမက်ဆေ့ချ် ပေးပို့ပြီး ငွေညှစ်တာလည်း ခံရတယ်လို့ဆိုပါတယ်။
“ကျောင်းလေးတက်ခွင့်ရလို့ ကလေးတွေအတွက် စိတ်အေးမယ်မှတ်တာ၊ ကိုယ့်အချက်အလက်တွေ စကစဆီ မပို့စေချင် ငွေသုံးသိန်းလွှဲပါဆိုပြီး ခြိမ်းခြောက်ခံရတယ်၊ နဂိုတည်းက သတင်းသမားဟောင်းမို့ ရာဇဝင်လူဆိုး လို ကျီးလန့်စာစားနေရပါတယ်ဆို။ ညညဆို အိမ်ရှေ့လူဖြတ်ရင်ကို ကြောက်နေရတာ။ ထပ်ရှောင်ဖို့လည်း ငွေကြေးအင်အားက မရှိဘူးလေ။”လို့ ဖွင့်ဟပါတယ်။
ကလေးတွေရဲ့ ပညာရေးကို သူတို့ကပဲ အိမ်မှာ အဓိကသင်ပေးပြီး ရပ်ကွက်ထဲမှာ ခိုးဖွင့်နေရတဲ့ CDM ဆရာမ ဆီမှာပါ ကျူရှင်ပုံစံ တက်ခိုင်းထားတယ်လို့ပြောပါတယ်။
“ပုံမှန်ဆိုသားကြီးက ခုနှစ်တန်းရောက်ရမှာပေါ့၊ ခုတော့ သုံးတန်းနဲ့ ရပ်နေတာ၊ ကြားထဲတော့ အတန်းစာနဲ့ အင်္ဂလိပ်စာကို အပြင်ကနေပဲ သင်နေရတာ “လို့ ဆိုပါတယ်။
ဒီကြားထဲ ဇနီးသည်ရဲ့ ကျေးရွာက မိဘများနေအိမ်ကို စစ်တပ်ကို နှစ်ကြိမ်တိုင် မီးရှို့ခဲ့တာကြောင့် စိတ်ဓာတ် ပြိုလဲနေတဲ့ မိန်းမကိုအားပေးရင်း အိမ်မှုကိစ္စတွေပါ ကူညီလုပ်ကိုင်ပေးရင်း နေ့စဉ်ဘ၀ကို ဖြတ်သန်းနေရတယ် လို့ ဆိုပါတယ်။
“သူက ဖေ့စ်ဘွခ်ပေါ် မှာ သူ့ခံစားချက်တွေ ပေါက်ကွဲပြီး ဟိုကောင်(စစ်ကောင်စီ)တွေကို ဆဲတဲ့ပို့စ်တွေ ကြုံရင် ကြုံသလိုတင်နေတော့ သူ့ကိုလည်း အပြစ်မတင်ပါဘူး။ တခါတလေ အင်တာနက်လိုင်းတောင် မရပါစေနဲ့ ဆုတောင်းတော့တာ၊ သူက သတင်းပေ့ချ်တွေကနေ ရှယ်လိုက်၊ ဆဲလိုက်နဲ့မို့၊ သူ့ဖေ့စ်ဘွခ်ကနေ တဆင့် ကိုယ့်ကို ရဲတွေကခြေရာခံပြီး အကြောင်းမရှိအကြောင်းရှာ ဖမ်းမှာစိုးလို့ သူ့ကို Friendကို မလုပ်ပဲ ထားရ တယ်။”လို့ ရယ်သံတဝက်တပြတ်နဲ့ ကိုစိုးအောင်က ပြောပါတယ်။
လတ်တလောမှာတော့ သူ့ဇနီး စိတ်ကျန်းမာရေးနဲ့ လူမှုကွန်ရက်အသုံးပြုမှု လျော့ချစေချင်တာကြောင့် အမျိုး သမီးသီးသန့် Gymတခုမှာ တစ်နှစ်စာ m ကြေးသွင်းပြီး ခေတ်ဆိုးကြီးကို မျက်စိမှိတ် ကျော်ဖြတ်ထားစေတယ် လို့ ဆိုပါတယ်။
ကလေးတွေကိုလည်း မိုဘိုင်းလ်ဖုန်းတစ်လှည့်၊ ကာတွန်းစာအုပ်တစ်လှည့် ပေးဖတ်ပြီး ညအချိန်တွေမှာ မိသား စုလိုက် ပျော်စရာကစားနည်းတွေ ဖန်တီးပြီး အချိန်တွေကိုဖြုန်းနေရတာ လို့ ရင်ဖွင့်ပါတယ်။
အာဏာသိမ်းကာလ သုံးနှစ်ကျော်အထိ တော်လှန်မှုအင်အားကောင်းတဲ့ နယ်မြို့လေးမှာ ရေပြတ်လိုက်၊ မီးပျက်လိုက်၊ ကုန်စျေးနှုန်းတက်လိုက်၊ စိတ်မလုံခြုံမှု၊ စိတ်ဓာတ်ကျမှုတွေကို အများသူငှာ အတူတကွ ခါးစည်း ခံရင်းလို့ လာမယ့်အနာဂတ်ကာလကို ယခုလိုပဲ ကိုစိုးအောင်က အားတင်းပြောပါတယ်။
“တကယ်လို့ စစ်ပြေးရရင်တောင် ကလေးတွေနဲ့ ကလေးတို့အမေကို ရင်ဆိုင်ရဲအောင် စိတ်ခွန်အားပေးထား တယ်။”
# ယခုဆောင်းပါး / သတင်းအချက်အလက်ကို Myanhealth မှ ထုတ်လုပ်ပြီး KIC သတင်းဌာနမှ မျှဝေပံ့ပိုး သည်။