စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၂ ခုနှစ်၊ မှ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ လူမှုကွန်ရက် မီဒီယာ(ဖေ့ဘွတ်ခ်)မှ တဆင့် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်၍ တော်လှန်ရေးအဖွဲ့အစည်းများအား ထောက်ခံသော ရေးသား၊ ပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ (၁,၆၉၁) ဦး ရှိလာကြောင်း Data for Myanmar အဖွဲ့ က စက်တင်ဘာလ (၁၇) ရက်၊ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (၂)နှစ်အတွင်း အများဆုံးဖြစ်ခဲ့သော စစ်ကောင်စီ၏ ဖမ်းဆီးမှုများအနက် အမျိုးသား(၁,၀၇၈)ဦးနှင့် အမျိုးသမီး (၆၁၃)ဦး ပါဝင်ပြီး အများစုမှာ လူသုံးများသည့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ရေးသား မျှဝေမှုအပြင် TikTok, Telegram နှင့် Viber တို့မှတဆင့် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း Data for Myanmar အဖွဲ့ က ဖော်ပြထားသည်။
Data for Myanmar အဖွဲ့ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်တွင် (၈၇၄)ဦး၊ ၂၀၂၃ ခုနှစ်တွင် (၆၁၅)ဦးနှင့် ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ (၂၀၂)ဦး စစ်ကောင်စီ၏ ဖမ်းဆီးမှုခံခဲ့ရပြီး စစ်တပ်ထိန်းချုပ်မှု အားကောင်းဆဲဖြစ်သော ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးခံရသူ အများဆုံးဖြစ်သည်ဟု သိရသည်။
အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများကို စစ်ကောင်စီက စောင့်ကြည့်အရေးယူနေခြင်းဖြစ်ပြီး မြေပြင်တွင်လည်း ၎င်းတို့စစ်ဆေးရေးဂိတ်မှ အများပြည်သူဖုန်းများအား စစ်ဆေး၍ ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်း Data for Myanmar နှင့် ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။
၎င်းအပြင် စစ်ကောင်စီကိုထောက်ခံသော Telegram Channel များမှလည်း ၎င်းတို့ကိုဆန့်ကျင်ဝေဖန်သည့် တယ်လီဂရမ်သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို စုဆောင်းပေးပို့ခြင်းနှင့် ဖမ်းဆီးအရေးယူရန် ဖိအားပေးတိုက်တွန်းမှုများကိုပါ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ဖော်ပြပါ သက်ဆိုင်ရာအဖွဲ့များအနေဖြင့် သုံးစွဲသူများ၏ကိုယ်ရေးအချက်အလက်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးသင့်သလို အွန်လိုင်းအသုံးပြုသူများအနေဖြင့်လည်း လူမျိုး၊ ဘာသာ အမုန်းစကားများ၊ ပြည်သူအများထိခိုက်စေနိုင်သည့် ရေးသားဖော်ပြချက်များကို မပြုလုပ်ရန်၊ မိမိကိုယ်ရေး အချက်အလက်များကို ဘေးကင်းလုံခြုံမှုအပေါ် သတိထားသုံးစွဲရန် Data For Myanmar က သတိပေးထားသည်။
အာဏာသိမ်းစစ်ကောင်စီက သတင်းမီဒီယာလွတ်လပ်စွာ စီးဆင်းခွင့်ကို ထိန်းချုပ်ရန် အာဏာသိမ်းကာစတွင် အင်တာနက်နှင့်ဖုန်းလိုင်းများဖြတ်တောက်ခြင်းကို လုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်တွင်လည်း VPN သုံးစွဲမှုများအား ပိတ်ပင်ခြင်း၊ ဝက်ဘ်ဆိုက်စာမျက်နှာအချို့ကို ထိန်းချုပ်ခြင်း ၎င်းတို့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် မှတဆင့် တန်ပြန်သတင်းမှား ဖြန့်ဝေခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ထို့အတူ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖမ်းဆီးခံရသူများအား စစ်ကောင်စီက အီလက်ထရောနစ် ဥပဒေပုဒ်မများအပါအဝင် အကြမ်းဖက်မှုဥပဒေပုဒ်မများ၊ ရာဇသတ်ကြီးပုဒ်မများ တပ်၍ ထောင်သွင်း အကျဥ်းချမှုများလုပ်ဆောင်နေပြီး နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်ထိ တော်လှန်ရေးတက်ကြွလှုပ်ရှားသူ နှစ်သောင်းကျော် ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း ဖော်ပြထားသည်။