Home ဆောင်းပါး မျှော်လေ ဝေးလေ ငြိမ်းချမ်းရေး

မျှော်လေ ဝေးလေ ငြိမ်းချမ်းရေး

140

မျှော်လေ ဝေးလေ ငြိမ်းချမ်းရေး

ထူးကပေါ်

(စက်တင်ဘာ ၁၉၊ ၂၀၂၄)

“ကျမတို့အတွက် ငြိမ်းချမ်းရေးဆိုတာ ပြောစရာ စကားလုံးရှာမရအောင် ပျက်သုဉ်းနေပါတယ်။”ဟု ထားဝယ်အမျိုး သမီးသမဂ္ဂ၊ တွဲဖက်အတွင်းရေးမှူးဖြစ်သူ မယ်းသီတာက မြန်မာပြည် မငြိမ်းချမ်းပုံအကြောင်းကို ထင်ဟပ်ပြောဆို သည်။

နေ့စဉ် တိုင်းပြည်၏ နေရာအများအပြားတွင် ပဋိပက္ခများနှင့် စစ်ပွဲသတင်းများသာ ဖုံးလွှမ်းနေပြီး ပဋိပက္ခအကျိုးဆက် လူ့အသက်တို့ စတေးနေရသည်မှာ လူသားတိုင်းအတွက် ရင်နာကြေကွဲစရာ အဖြစ်အပျက်များသာဖြစ်၍ နေသည်။ ထို့အတွက် ငြိမ်းချမ်းရေးသည် စကားလုံးရှာမရသည် အခြေအနေဟုဆိုခြင်း ဖြစ်မည်။

လွန်ခဲ့သည့် ၄၃ နှစ် ၁၉၈၁ ခုနှစ်ကပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စက်တင်ဘာ ၁ရက်နေ့ကို အပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ခဲ့သည်။ အလားတူ ၂၀၀၁ ခုနှစ် ကုလအထွေထွေညီလာခံတွင် ထိုနေ့ကို အကြမ်းမဖက်ရေးနှင့် အပစ်အခတ်ရပ်စဲရေးနေ့အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့သေးသည်။

ယခုနှစ် စက်တင်ဘာ ၂၁ရက်နေ့ဆိုလျှင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှစ် တရားဝင်သတ်မှတ်ခဲ့သည်မှာ ၄၃နှစ် တိုင်ခဲ့ပြီး ဖြစ်သည်။ ယမန်နှစ် ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကုလ အထွေထွေအတွင်းရေးမှူး ချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုလို သတင်းစကားပါး ပြောဆိုခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးဆိုတာ လူ့ဘောင်လောကအတွက် မွန်မြတ်ကောင်းမွန်တဲ့ မြော်မြင်မှုတစ်ခုသာ မဟုတ်ပါ။ ငြိမ်းချမ်းရေး ဆိုတာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ဖို့ နှိုးဆော်ချက်တစ်ခု ဖြစ်ပါတယ်။ အားလုံးအတွက် ငြိမ်းချမ်းရေး ကို တည်ဆောက်ဖို့၊ ဖော်ဆောင်ဖို့နဲ့ တည်တံ့စေဖို့အတွက် အတူတကွ ကတိကဝတ်ပြုကြရအောင်ပါ” ဟု ၎င်းက တိုက် တွန်းသည်။

ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေကိုကြည့်လျှင် ဒီမိုကရေစီ အသွင်ကူးပြောင်းချိန် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့နှင့် ထိုစဉ်က အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို နိုင်ငံတကာ အသိသက်သေများနှင့်အတူ လက်မှတ်ရေးထိုးခဲ့ဖူးသည်။

ထိုသို့ အပစ်ရပ်စာချုပ်လက်မှတ်ထိုးခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးမှုရှေ့မရောက်ခဲ့သလို အပစ်ရပ်တိုင်းရင်းသားနယ် မြေများတွင်လည်း ထိတွေ့ပစ်ခတ်မှုများ ပပျောက်သည်အထိ မရှိခဲ့သည်ကို တွေ့နိုင်သည်။

ထို့အပြင် အပစ်ရပ်စာချုပ်သည် ၆နှစ်ခန့်သာသက်တမ်းရှိပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်သည့်အတွက် အပစ်ရပ်စာချုပ်လည်း ပျက်ပျယ်သွားခဲ့ပြီးဟု ကေအဲန်ယူက ယတိပြတ် ပြောဆို ထားပြီး ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီကမူ အာဏာသိမ်းစကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့တန်းတင်ကာ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုကို ရရှိရန် ကနဦးကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရဖြစ်ခဲ့သည်ဟု တိုင်းရင်းသားမီဒီယာများဖြင့် ဖွဲ့စည်းထားသည့် BNI ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စောင့်ကြည့်ရေးအဖွဲ့(MPM) အစီရင် ခံစာတွင် အကျယ်တဝင့် ဖော်ပြထားသည်။

အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့်ရေးအဖွဲ့ (BNI-Myanmar Peace Monitor) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရည်ညွှန်းအကိုးအကား ၂၀၂၃-၂၄ အစီရင်ခံစာကို ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။

လက်ရှိ အပစ်ရပ် လက်မှတ်ထိုးထားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အချို့သည် နွေဦးတော်လှန်ရေးအင်အားစုများ နှင့် စစ်ရေး၊ နိုင်ငံရေး အပြည့်အဝ ရပ်တည်ကာ ပူးပေါင်းမှုများရှိနေပြီးဖြစ်သည်။ ထို့အပြင် အပစ်ရပ် ၁၀ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည်လည်း ဖွဲ့စည်းပုံပျက်ပြီး မဟာမိတ်အဖွဲ့ (7 Ethnic Armed Organizations Alliance – 7 EAO Alliance) အဖြစ် ပြောင်းလဲသွားသည်။

အခြားတစ်ဖက်တွင်မူ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီ (NSPNC) သည်လည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်နေပြီး NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသက်သွင်းရန် အခက် ကြုံနေသည်ဟု BNI ၏ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

ယခုလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ခြုံငုံ‌လေ့လာကြည့်ပြီးနောက် BNI ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စောင့်ကြည့်ရေးအ ဖွဲ့က ၂၀၂၃-၂၄ ခုနှစ်ကို ယခုလို မှတ်ချက်ပြုသည်။ “NCA လမ်းဆုံးနှစ်အဖြစ်သာ ကောက်ချက်ချနိုင်ပါသည်”ဟူ၍ဖြစ် သည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ တွင် တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွားနေသည်။ ယခု စစ်ပွဲများသည် စစ်တပ်က နိုင်ငံ့အာ ဏာသိမ်းခြင်း(တစ်နည်း လက်နက်အားကိုးအနိုင်ကျင့်ခြင်း)ကို လက်မခံ၍ ပြန်တော်လှန်သော စစ်ပွဲများသာခြင်းဖြစ် ပြီး တော်လှန်ရေးအရွေ့ မည်မျှထိ ရောက်ရှိနေသည်ကိုမူ အများသိပြီးဖြစ်သည်။

“တော်လှန်‌ရေးပြီးရင် အေးအေးချမ်းချမ်းနဲ့ပဲ ဖြတ်သန်းချင်တော့တယ်။ ဒီကာလမှာ နေထိုင်ရတာက မြင်ရတာ တွေ့နေ ရတာတွေက တအားကို စိတ်ပျက်ဖို့ကောင်းတယ်။”ဟု ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာ-၂ရာထူးဖြင့် CDM ပြုလုပ်ခဲ့သူ အမျိုးသမီးတစ်ဦးက သူ့စိတ်ခံစားချက်ကို ပြောပြသည်။

ထို့အပြင် စစ်မဖြစ်သေးသည့် ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများမှာလည်း အေးချမ်းစွာ နေထိုင် ရခြင်းမျိုးမဟုတ်သလို စစ်အာဏာရှင်၏ အမျိုးမျိုးသော ဖိနှိပ်မှုများနှင့် ရှင်သန်ရပ်တည်နေရသည်။

“ဆိုင်ကယ် လိုင်စင်မပါရင်ဖမ်းတယ်။ ဆိုင်ကယ်လိုင်စင်ရှိပြန်တော့ လူလိုင်စင်ဖမ်းတယ်။ အမျိုးမျိုး အကြောင်းပြဖမ်း တယ်။ အခုဈေးသွားရင်တောင် ဆိုင်ကယ်အစား ထော်လာဂျီသုံးပြီး စုသွားရတဲ့ အခြေအနေမျိုး။”ဟု ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လူငယ်တစ်ဦးက ပြောသည်။

ယခုလို တစ်နိုင်ငံလုံး အထွေထွေအကြပ်အတည်းမှ လွတ်မြောက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ရေးအတွက် တစ်ခုတည်း သောနည်းလမ်းမှာ စစ်အာဏာရှင် ပြုတ်ကျသွားမှသာ ဖြစ်နိုင်မည်ဟု ကေအဲန်ယူ၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစော သမိန်ထွန်းက သုံးသပ်ပြောဆိုသည်။

“တကယ့်ငြိမ်းချမ်းရေးကတော့ သူတို့ ပြုတ်မှပဲ ရမယ်။ သူတို့ မပြုတ်ရင် မရတော့ဘူး။”ဟု ၎င်းက မှတ်ချက်ပြုသည်။
အာဏာရှင်စစ်တပ်နှင့် ဆွေးနွေးပြီး ငြိမ်းချမ်းရေး ရယူရေးဆိုသည်မှာ မိမိ၏ ဖြတ်သန်းမှုနှင့် မြန်မာပြည်နိုင်ငံရေး အခြေအနေအရ “မဖြစ်နိုင်”ဟု သုံးသပ်မိကြောင်း ပဒိုစောသမိန်ထွန်းက ဆိုသည်။

ထိုသို့ စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်းရေးမဟာမိတ် အင်အားစုတို့ စုပေါင်းတိုက်ခိုက်မှုသည် မည်သည့်အချိန် တွင် ပြီးဆုံးသွားမည် ဆိုသည်ကိုမူ လက်ရှိအချိန်ထိ အနီးစပ်ဆုံးကာလ ခန့်မှန်းချက်ကိုမူ မည်သူမျှ တိတိပပ ပြောဆို၍ မရသည့် အခြေအနေမျိုးဖြစ်နေသည်ဟု ကျွမ်းကျင်သူတို့က ပြောဆိုနေကြသည်။

ပြီးခဲ့သည့် မတ် ၃၁ ရက်နေ့က ခရစ်ယာန်တို့၏ အီစတာပွဲတော် (ရှင်သန်ထမြောက်ရာနေ့)ကို ကမ္ဘာတစ်ဝှမ်း၌ ကျင်းပ ခဲ့သည်။ ဗာတီကန်နန်းတော်တွင် ကျင်းပသည့် အီစတာပွဲတော်၌ ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကမ္ဘာသို့ သတင်းစကားတစ်ခုပါးခဲ့သည်။

“ငြိမ်းချမ်းရေးကို လက်နက်နဲ့ ဖော်ဆောင်၍ မရပါ” ဟူသည့် သတင်းစကား ဖြစ်သည်။ ဆိုလိုသည်မှာ လက်နက်အား ကိုးဖြင့် ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်သလို လက်နက်ကိုင်ပဋိပက္ခများရှိနေသေးသမျှ ကာလတစ်လျှောက်လုံး ငြိမ်းချမ်း ရေးသည်လည်း မျှော်လင့်၍မရ အလှမ်းဝေးနေဦးမည်သာ ဖြစ်သည်။