Home သတင်း နေ့စဉ်လူမှုဘဝအတွက် အလေးထားရမည့် ဥတုရာသီဘေး (အယ်ဒီတာ့ အာဘော်)

နေ့စဉ်လူမှုဘဝအတွက် အလေးထားရမည့် ဥတုရာသီဘေး (အယ်ဒီတာ့ အာဘော်)

67

အယ်ဒီတာ့ အာဘော်

နေ့စဉ်လူမှုဘဝအတွက် အလေးထားရမည့် ဥတုရာသီဘေး

စက်တင်ဘာ ၁၆၊ ၂၀၂၄။

လူသားတို့ ရှင်သန်ရပ်တည်နေသည့် လူ့အဖွဲ့အစည်းတွင် အဓိကထားပြောဆိုလေ့ရှိသည့် အရေးသုံးပါးမှာ စား၊ ဝတ်၊ နေရေး ဖြစ်သည်။ လူသားတို့အတွက် အသက်ရှင်သန်နိုင်ရန် သင့်တင့်လျောက်ပတ်သည့် အစာအာဟာရ လိုအပ်သလို သင့်တင့်လျောက်ပတ်သည့် ဝတ်စားဆင်ယင်မှုမှာလည်း အရေးပါသည်။ တဖန် နေထိုင်ရေးမှာလည်း လူမှုဘဝအတွက် လွန်စွာ အရေးပါသည့်အရာတစ်ခု ဖြစ်သည်။

နေ့စဉ်လူမှုဘဝ၏ စားဝတ်နေနေရးအပြင် ရာသီဥတုအရေးသည်လည်း ထိုအရေးသုံးပါးနှင့် နှီးနှောဆက်နွယ်နေပြီးဟု ဆိုနိုင်သည်။ လက်ရှိအချိန်တွင် ရာသီဥတု ဖောက်ပြန်မှုများနှင့် ဆိုးကျိုးသက်ရောက်မှုကို လူအများ ကြုံတွေ့ခံစားနေရ သည်။ ယခုနှစ် မိုးရာသီတွင် မိုးသည်းထန်ပြီး ရေကြီးမှုကို နိုင်ငံတဝှမ်းကြုံတွေ့ခဲ့ရပြီး ပြည်သူတို့၏ အိုးအိမ်နေရာ၊ ဥစ္စာ ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသလို အသက်သေဆုံးရသည်အထိ ဖြစ်ခဲ့သည်။

ဒေသတွင်း ရေကြီးမှုဖြစ်စဉ်ကို ဆန်းစစ်ကြည့်လျှင် ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းကြောင့်ဟု သိပ္ပံပညာရှင်တို့က ပြော သည်။ သစ်တောပြုန်းတီးခြင်း၊ ရုပ်ကြွင်းလောင်စာများဖြစ်သည့် ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓါတ်ငွေ့ စသည်တို့ကို သုံးစွဲမှုများကြောင့်ဖြစ်သည်ဟု ပညာရှင်တို့က ထောက်ပြထားသည်။ ယခုနှစ် ၂၀၂၄ခုနှစ်သည် ကမ္ဘာ့အပူချိန်အမြင့်မား ဆုံးနှစ်ဖြစ်ပြီး ယခင်ကထက် ၁.၄၅ဒီဂရီဆဲစီးယက်ထိ ပိုပူနွေးလာခဲ့သည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာသည့်အတွက် လေထုအပူချိန်လည်း ဆက်လက်မြင့်တက်သည်။ လေထုက ရေငွေ့စုတ်ယူမှုပမာဏ ပိုများလာပြီး မိုးတိမ်များ ပိုမိုဖြစ် ထွန်းကာ မိုးရွာသွန်းမှု ပိုများလာခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသ ပညာရှင်များက ထောက်ပြကြသည်။

ထိုသို့ပူပြင်းသည့်အတွက် ကမ္ဘာ့အပေါ်ယံမြေဆီလွှာကျစ်လစ်ပြီး မိုးရွာသွန်းစဉ် မြေဆီလွှာက ရေထိန်းသိမ်းနိုင်မှုနည်း ပါးလာ၍ ရေများပိုမိုစီးဆင်းသွားကာ အကျိုးဆက်အဖြစ် ရေကြီးမှုကို ဖြစ်ပေါ်စေသည်ဟု ပညာရှင်များက ဆိုကြသည်။ ယခုလို အခြေအနေမျိုးတွင် ပူလွန်းခြင်း၊ အေးလွန်းခြင်း၊ မိုးများခြင်းများကို ဖြစ်ပေါ်စေသည့် အယ်နီညို ရာသီဥတုမျိုး ကျရောက်လာသည်။

ထို့အတွက် တောင်ယာ၊ လယ် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများမှာ ရာသီဥတု ဖောက်ပြန်မှုများကြောင့် ဆန်၊ စပါး၊ ပဲ၊ ပြောင်း သီးနှံတို့ အထွက်နည်းလျက်ရှိရာ နောက်ဆက်တွဲ အကျိုး သက်ရောက်မှုအဖြစ် မိသားစု စားနပ်ရိက္ခာနှင့် ဝင်ငွေရရှိမှုများ ကြပ်တည်းလာသည်။ မိုးရွာသွန်းမှုများကာ ရေကြီးခြင်း ကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲကြရသည့်အပြင် ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာ၀ဘေးအန္တရာယ်များ ကြောင့် ဘဝရှင်သန်မှုများအပေါ် စိန်ခေါ်မှုများ ရှိလာသည်။

သို့ဖြစ်ပါ၍ မိမိတို့၏ နေ့စဉ်လူမှုဘဝများထဲတွင် ဦးစားပေး ရင်ဆိုင်ဖြေရှင်းနေသည့် စား၊ ဝတ်၊ နေရေးနှင့်အတူ ဥတုရာ သီအရေးသည်လည်း ဆက်နွယ်ဆက်စပ်နေသည့်အတွက် မိမိပတ်ဝန်းကျင်ရှိ သဘာ၀ဘေးအန္တရာယ်ကို ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် နှစ်စဉ်နှစ်တိုင်း၊ လစဉ်လတိုင်း ကိုယ်ပိုင်အသိ၊ သတိ အမြဲရှိစေရန် တိုက်တွန်းနှိုးဆော်လိုပါသည်။