Home ဆောင်းပါး “ဒဏ်ရာကိုယ်စီနဲ့ စိတ်ကလေးတွေ”

“ဒဏ်ရာကိုယ်စီနဲ့ စိတ်ကလေးတွေ”

107

“ဒဏ်ရာကိုယ်စီနဲ့ စိတ်ကလေးတွေ”

ဆောင်းပါးရှင် – ခိုင်ရီ

မမြသဲဟာ အသက် ၇နှစ်ဝန်းကျင်အရွယ် သားလေးတစ်ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။
သားဖြစ်သူရဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်နဲ့ အပြုအမူတွေကို သတိထားမိလာတာ ကာလအတန်ကြာ ရှိခဲ့ပြီလို့ သူမက ဆိုပါတယ်။

စစ်ပွဲတွေ၊ တိုက်ပွဲနဲ့ လက်နက်သံတွေကြားထဲမှာ နေထိုင်ခဲ့ရတာမဟုတ်ဘဲ မြို့ပြမှာ ကြီးပြင်းလာခဲ့ရတဲ့ မမြသဲရဲ့ ကလေးငယ်ဟာ ကိုဗစ်ကာလတုန်းက တိုက်ခန်းကျဉ်းလေးထဲမှာ လပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရတယ်။

တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းခဲ့တဲ့ လူသန်းပေါင်းများစွာထဲမှာ သူတို့မိသားစုလည်းပါဝင်ခဲ့ပြီး စားဝတ်နေရေးအကြပ်အတည်းတွေကို ခါးစည်းခံခဲ့ရသလို၊ မိသားစုအာဟာရပြည့်အောင် စားသောက်နိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်လို့ မမြသဲက ပြောပြပါတယ်။

“အရင်ကတော့ ကလေးကို အာဟာရပြည့်ဖို့၊ ကျန်းမာဖို့ဆိုပြီး ဆီ၊ အချိုမှုန့်ကအစ သတိထားသုံးတာတွေ လုပ်ပေမယ့် နောက်ပိုင်းမှာ ထမင်းနပ်မှန်ဖို့နဲ့ ဗိုက်မဆာဖို့ပဲ ဦးစားပေးရတော့တယ်၊ ကိုဗစ်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကြက် သားချက်ကျွေးရင်တောင် ထမင်းတစ်နပ်ကို လက်မလောက် နှစ်တုံးနဲ့ ဝအောင်စားဖို့ ကျွေးရတယ်။ နောက်ပိုင်းမှာ အသီးအရွက်တစ်ခွက်ပဲ ချက်ဖို့တောင် ခက်ခဲတဲ့အချိန်တွေဖြစ်လာတယ်”လို့ သူက ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ရင်ဖွင့် ပါတယ်။

ကိုဗစ်ကူးစက်မှုနှုန်းတွေများလို့ လွတ်လပ်စွာ အပြင်ထွက်ခွင့်၊ လွတ်လပ်စွာ ဆော့ကစားခွင့်တွေကို ဆုံးရှုံးလိုက်ရပြီး အိမ်ထဲမှာအောင်းနေခဲ့ရတဲ့ လပေါင်းများစွာ အဆုံးသတ်သွားချိန်မှာ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် စိတ်ပိုင်းဆိုင် ရာ မလုံခြုံမှုတွေကို မမြသဲတို့ တစ်မိသားစုလုံး ထပ်ဆင့် ခံစားခဲ့ရပြန်ပါတော့တယ်။

သူ့အမျိုးသားဖြစ်သူကတော့ အာဏာမသိမ်းခင်အချိန်အထိ အစိုးရရုံးတခုမှာ လျှပ်စစ်မီးလိုင်းတွေ၊ ကွန်ပြူတာ Software, Hardware ပြင်ဆင်တဲ့ ပြင်ပ ပညာရှင်တစ်ဦးဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူအလုပ်လုပ်နေတဲ့ အစိုးရရုံးကနေ နှုတ်ထွက်လိုက်ပြီး ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်း ပြုပြင်ရောင်းဝယ်ရေးလုပ်ငန်းကို အိမ်မှာပဲ ဆက်လက်လုပ်ကိုင်ခဲ့တယ်။ ဆိုင်းဘုတ်တပ်တဲ့ဆိုင်မျိုးမဟုတ်ဘဲ ခင်မင်ရင်း နှီးသူတွေနဲ့ သိကျွမ်းသူတွေရဲ့ ကွန်ပြူတာတွေကို ပြင်ဆင်ပေးတာ၊ အွန်လိုင်းကနေတဆင့် ကွန်ပြူတာ အရောင်းအဝယ် လုပ်တာတွေကို ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။

မမြသဲကတော့ ရုပ်သံသတင်းထောက်တစ်ဦးပါ။ အာဏာသိမ်းပြီးကာလတစ်လျောက်လုံး သတင်းသမားတွေကို ဖမ်းဆီး ချုပ်နှောင်၊ ထောင်နှစ်ရှည်ကျခံရတာတွေ ဆက်တိုက်လုပ်ဆောင်လာတဲ့အတွက် စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိတော့ပါ ဘူး။ ရန်ကုန်မြို့တွင်းထဲမှာပဲ နေရာရွှေ့ပြောင်းတိမ်းရှောင်ရင်း၊ ကျန်းမာရေးလည်း မကောင်းတဲ့အတွက် အလုပ်ကို ယာယီ ရပ်နားခဲ့ရတာပါ။

အဲ့ဒီအချိန်တုန်းက အသက် လေးနှစ်ဝန်းကျင်အရွယ်ရှိတဲ့ သူ့ရဲ့ တစ်ဦးတည်းသော သားလေးက မီးပြတ်တဲ့ညတွေ၊ ရပ်ကွက်ထဲက ဆူညံဆူညံအသံတွေ၊ မိခင်ဖြစ်သူရဲ့ “သားရေ… တိတ်တိတ်လေးနေနော်၊ ဧည့်စာရင်းစစ်တာလား၊ စစ်သားတွေက ရပ်ကွက်ထဲမှာ လူတွေကို လာဖမ်းတာလား မသိဘူး”ဆိုတဲ့ သတိပေးစကားကို အကြိမ်ပေါင်းများစွာ ကြားခဲ့ရသလို အဲ့လိုညပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။

သားဖြစ်သူရဲ့ နုနယ်တဲ့စိတ်ထဲမှာ မလုံခြုံမှုနဲ့ စိုးရိမ်စိတ်တွေ၊ အားငယ်စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု ကျဆင်းစေတဲ့ ဒဏ်ရာတွေဟာ အဲ့ဒီအဖြစ်အပျက်တွေကနေ အခြေခံခဲ့တယ်လို့ မမြသဲက ယုံကြည်နေပါတယ်။

သူက ဆက်ပြီး “သူ့အဖေကို ခေါ်သွားမလား၊ အမေနဲ့ ခွဲနေရတော့မလားဆိုတဲ့ စိုးရိမ်စိတ်က သူ့မှာအမြဲဝင်နေတယ်။ အဲလိုစိတ်ပူပြီး အိပ်ပျော်သွားတဲ့နေ့မျိုးဆိုရင် အိပ်မောကျနေရင်း ရုတ်တရက်ထထိုင်ပြီး အဖေနဲ့အမေကို လက်တစ်ဖက် စီကိုင်ပြီး ပြန်အိပ်သွားလေ့ရှိတယ်”လို့ ပြန်ပြောင်းပြောပြတယ်။

မိသားစု သုံးယောက်သာရှိပြီး ကလေးထိန်းပေးဖို့ ကူဖော်လောင်ဖက် မိသားစုအပိုမရှိတာ၊ အိမ်ငှားခ အပါအ၀င် လစဉ် အသုံးစရိတ်တွေ တရိပ်ရိပ်တက်လာတာ၊ ကျန်းမာရေးမကောင်းတာတွေနဲ့ ဝင်ငွေရအလုပ် ပုံမှန်မရှိတာတွေကြောင့် ကလေးကို ဂရုစိုက်နိုင်မှု အားနည်းခဲ့တာကလည်း သူတို့ရဲ့ အားနည်းချက်လို့ မမြသဲက ဆိုပါတယ်။

“သားက အထီးကျန်သွားတာ။ ကျမတို့မှာ တစ်နေ့ ငါ့မိသားစု ဘာဖြစ်ရမယ်၊ တစ်နေ့ ငါ့သား ငါ့သမီး ဘယ်လိုအခြေမျိုး ရောက်ရစေမယ် ဆိုတာမျိုးနဲ့ စိတ်ကူးမယဥ်နိုင်တော့ဘူး၊ ငါနဲ့ ငါ့မိသားစု အသက်ဆက်နိုင်ဖို့ ဘယ်လို ခြစ်ခြုပ်ကုတ်ကပ် ပြီး အသက်ဆက်ကြမလဲ ဆိုတာပဲ အမြဲတွေးပြီးပူခဲ့ရတယ်”လို့ သူက ရင်ဖွင့်ပါတယ်။

အိမ်ခန်းကျဉ်းလေးထဲမှာ ပတ်ဝန်းကျင်ကိုလည်း အနှောက်အယှက်မဖြစ်အောင် မဆူညံ၊ မဆော့ရဘဲ ကွန်ပြူတာ၊ ဖုန်းတွေထဲက ယူကျူ့ချန်နယ်တွေဟာ သူတို့ သားလေးရဲ့ ကစားဖော်တွေဖြစ်ခဲ့ရပါတယ်။

“အိပ်ယာနိုးတာနဲ့ ကွန်ပြုတာပဲသုံးတယ်။ လမ်းထဲကကလေးတွေ အော်ဟစ်ဆူညံပြီး ဆော့နေကြရင် သွားဆော့ဖို့ပြော တာတောင် ငြင်းတယ်။ တူတူပုန်းတမ်းကစားမလားမေးရင် သူ့ဘာသာ ပုံဆွဲပြီး လက်မလောက် အရုပ်ကလေး ၂ခုညှပ် ပြီး မေမေနဲ့ဆော့မယ်ဆိုပြီး ဆော့တတ်တယ်။”လို့ ကလေးရဲ့ အမူအကျင့်လေးတွေကို မမြသဲက ပြောပြတယ်။

တခြားသူတွေနဲ့ဆော့ရင် အနိုင်ကျင့်ခံရမှာ၊ နာကျင်မှာကို ကြောက်တာ စတဲ့ စိတ်ခံစားချက်မျိုးကို တွေ့ရပြီး တစ်ခါတရံ မှာ သူတစ်ခုခု ထူးခြားတာ ခံစားရရင် တစ်ယောက်တည်း အသံမထွက်ဘဲ ရပ်ငိုနေလေ့ရှိသလို၊ တစ်ခါတရံမှာ မျက်ရည် မကျဘဲ ဒီတိုင်းငြိမ်ပြီး တစ်ယောက်တည်း ရပ်နေတာမျိုး လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

“တစ်ခါတလေမှာ အချိန်ပေးပြီး အတူတူ လိုက်ကစားပေးပေမယ့် ခဏပါပဲ။ ကျမတို့အလုပ်လုပ်နေချိန်မှာ သားက ဖုန်းနဲ့ ကွန်ပြူတာနဲ့ပဲ အချိန်ကုန်နေရတယ်။ Screen Time များတာက သူ့ရှေ့ရေးအတွက် မကောင်းဘူးဆိုတာ တွေးမိပြီး စိတ်မကောင်းဖြစ်ရပေမယ့် မတတ်နိုင်ခဲ့ဘူး။”လို့ သူက ရင်ဖွင့်ပါတယ်။

ဒါတွေအပြင် ယူကျူ့ထဲက ကာတွန်းဇာတ်ကောင်တွေနဲ့ စကားပြောဖန်များလာတဲ့အခါ မမြသဲရဲ့ သားကလေးရဲ့ မြန်မာ စကား အသံထွက်ဟာ အင်္ဂလိပ်လေယူလေသိမ်းဖြစ်လာတယ်။ စကားအများစုကို အင်္ဂလိပ်လိုပဲ ပြောလာတယ်။ မြန်မာ စကားကို မပီသတော့ဘူး။ အဲ့ဒါက ပတ်ဝန်းကျင်နဲ့ ပြောဆိုဆက်ဆံရေးမှာ သူ့အတွက် အဟန့်အတားဖြစ်စေခဲ့တယ်လို့ မမြသဲက ပြောပြပါတယ်။

သားဖြစ်သူကို မကြာမကြာ အချိန်ပေးစကားပြောဖို့ ကြိုးစားတိုင်းမှာ သားဖြစ်သူရဲ့ ဘာသာစကားကြောင့် မိဘတွေ ကိုယ်တိုင်တောင် အခက်အခဲကြုံရတယ်လို့ သူမက ဆိုပါတယ်။

“ကိုယ်က တခွန်းပြောရင် သူက အင်္ဂလိပ်လိုတွေ အများကြီးပြောတယ်။ မေးခွန်းတွေမေးတယ်။ ကိုယ်က သူမေးတာကို ပြန်ရှင်းမပြနိုင်တဲ့အခါ ယူကျူ့ကနေ ရှာပေးရင်း ကွန်ပြုတာဆီရောက်အောင် ကိုယ်တိုင်က ပြန်တွန်းပို့မိသလို ဖြစ်ဖြစ် သွားတယ်။”လို့ မမြသဲက ပြောပါတယ်။

ကလေးစိတ်မှာ ဒဏ်ရာဒဏ်ချက်လေးတွေ ရှိနေပြီဆိုတာသိပေမယ့် မမြဲသဲတို့ ဇနီးမောင်နှံဟာ စားဝတ်နေရေးအတွက် မဲတင်းပြီး အလုပ်လုပ်ရနေရပါတယ်။ ကလေးနဲ့ လက်ပွန်းတတီးမနေနိုင်တော့တဲ့အတွက် သားဖြစ်သူက အထီးကျန်လာ တာ၊ သာမန်ကလေးနဲ့မတူဘဲ တိတ်ဆိတ်ငြိမ်သက်လာတာ၊ အရွယ်တူတွေနဲ့ ကစားဖို့ထက် သူ့ဖာသာ တသီးတသန့် နေချင်တာစတဲ့ အပြုအမူလေးတွေ ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။

ဒါတွေကို တဖြည်းဖြည်း သတိထားမိလာတဲ့ မိခင်ဖြစ်သူ မမြသဲက “ဒါမျိုးတွေက ကြုံရတတ်တယ်။ သားဖြေရှင်းနိုင် အောင် တခြားသူတွေနဲ့ လိုက်လျောညီထွေနေတတ်အောင် ကြိုးစားရမယ်၊ သည်းခံရမယ်။” ဆိုတာမျိုးလေး ခဏခဏ ပြောပေးတော့ သူနည်းနည်းပြောင်းလဲလာတယ်လို့ ရှင်းပါတယ်။

နောက်ပိုင်းမှာ သားဖြစ်သူ ပုံမှန်ကြည့်ဖြစ်နေတဲ့ ယူကျုချန်နယ်တွေကို သတိထားစောင့်ကြည့်ဖြစ်တဲ့အခါ သင်္ချာနဲ့ သိပ္ပံ ဘာသာရပ်ဆန်တဲ့ ကွန်ပြူတာဂိမ်းမျိုးတွေကို ဆော့နေတာ၊ ကြည့်နေတာတွေများတာတွေ့ရသလို အသံထွက်မမှန်တဲ့၊ ဗဟုသုတမရနိုင်တဲ့ ချန်နယ်တချို့ကို ကြည့်တဲ့အချိန်မျိုးကို သတိထားမိလာပြီး ထိန်းပေးတာမျိုးလုပ်ဖြစ်တယ်လို့ မမြသဲက ဆိုပါတယ်။ ကွန်ပြူတာမကြည့်ခိုင်းတဲ့ရက်တွေမှာတော့ ကလေးက စာဖတ်နဲ့ ပုံဆွဲတာမျိုး၊ အိမ်အလုပ်တွေ ကူပေးတာမျိုး လုပ်လာပါတယ်။ သားကို အချိန်ပေး ဂရုစိုက်မိလာတဲ့နောက်ပိုင်း ပြောင်းလဲလာတာလေးတွေရှိတယ်လို့ မမြသဲက ပြောပြပါတယ်။

ဒါပေမယ့် အသက် ၇နှစ်ဝန်းကျင်အရွယ် သားလေးဟာ မီးပြတ်တဲ့ညတွေကို ကြောက်တဲ့စိတ်၊ မိဘတွေကို လာဖမ်းမ လားဆိုတဲ့ အတွေးနဲ့ မကြာမကြာ မေးခွန်းထုတ်တာ၊ စိုးရိမ်ပူပင်တာတွေကတော့ မပျောက်နိုင်ဘဲ ဆက်ရှိနေတယ်။

ကိုယ်တိုင်လည်းသတင်းသမားဖြစ်၊ ကလေးအဖေဖြစ်သူကလည်း စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ အသက်အရွယ် ဖြစ်တဲ့အခါ မိသားစုလုံခြုံရေးအရ မြန်မာပြည်တွင်းထဲမှာ နေရာရွှေ့ပြောင်းနေထိုင်ရရင်းကနေ အခုတော့သူတို့မိသားစု ဟာ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်မြို့မှာ အခြေချဖို့ကြိုးစားနေပါတယ်။ ကိုဗစ်နဲ့ တိုင်းရေးပြည်ရေးတွေကြောင့် တစ်လျှောက်လုံး ကျောင်းမပို့နိုင်ခဲ့ဘဲ အွန်လိုင်းကနေ သင်ကြားရေးတွေ လုပ်ပေးခဲ့ရတဲ့ သားဖြစ်သူကို ဒီနှစ်တော့ ရွှေ့ပြောင်းမြန်မာကလေးတွေအတွက် ဖွင့်ထားတဲ့ ကျောင်းကလေးတစ်ကျောင်းကို စပို့ပါပြီ။

မမြသဲရဲ့ သားလေးဟာ သူ့ရဲ့ ပထမဆုံး ကျောင်းတက်နေ့စွဲတွေမှာပဲ ကျောင်းတက်ဖို့ ငြင်းဆန်ပါတော့တယ်။
“ကျောင်းစာသင်ခန်းက တိုက်ခန်း ၂ခန်းတွဲလို အခန်းကျဉ်းလေးဆိုတော့ သူ စိတ်ကျဉ်းကြပ်ပုံရတယ်။ သူငယ်ချင်းတွေ က သူ့ထမင်းချိုင့်တွေ၊ မုန့်ဘူးတွေ ဖွင့်စား ယူစားတဲ့အတွက် သူ မတက်ချင်ဘူး။ အွန်လိုင်းကပဲ တက်လို့မရဘူးလားလို့ တောက်လျှောက်မေးတယ်။”လို့ မမြသဲက ဆိုပါတယ်။

နောက်ဆုံးမှာ ကျောင်းခြံဝင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ ဆော့ကစားစရာ နေရာပတ်ဝန်းကျင်လုံလောက်တဲ့ ရွှေ့ပြောင်းမြန် မာကလေးတွေအတွက် ဖွင့်ထားတဲ့ နောက်ထပ်ကျောင်းကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

“အခုတော့ သူငယ်ချင်းတွေနဲ့အတူ ဆော့လာပြီ။ သူ့ကိုကြည့်ရတာ ပတ်ဝန်းကျင်နဲ့ နေသားကျအောင် ကြိုးစားနေတဲ့ပုံ ဖြစ်နေတာ သတိထားမိတယ်။”လို့ မမြသဲက ပြောပါတယ်။
ပုံမှန်မဟုတ်တဲ့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် မမြသဲကတော့ ကလေးသူငယ်နဲ့ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးနိုင်တဲ့ ပညာရှင်တွေနဲ့တွေ့ဆုံ စကားပြောခွင့်ရချင်တယ်လို့ အခုလို ရင်ဖွင့်ပါတယ်။

သူတို့သားလေးလိုပဲ သူ့အနီးပတ်ဝန်းကျင်မှာလည်း ကိုဗစ်ကာလ၊ အာဏာသိမ်းကာလ စတဲ့ ဒီ ၅နှစ်တာကို ကျော်ဖြတ် ခဲ့ရပြီး စိတ်ဒဏ်ရာမျိုးစုံရခဲ့ကြတဲ့ ကလေးငယ်တွေရှိနေတဲ့အတွက် ကလေးသူငယ်နဲ့ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးနိုင်မယ့် အစီအစဉ်တွေနဲ့ အကူအညီတွေ လက်လှမ်းမီဖို့လိုနေတယ်လို့ မမြသဲက ထင်မြင်ချက်ပေး ပါတယ်။

တစ်နယ်တစ်ကျေးမှာ အခြေချနေထိုင်ဖို့ ကြိုးစားနေရဆဲကာလဖြစ်တာကြောင့် အခြေတကျဖြစ်သွားတဲ့အချိန်မှာ သား ကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးနိုင်မယ့် ပညာရှင်နဲ့ တွေ့ဆုံပေးဖို့ မမြသဲက စိတ်ပိုင်းဖြတ်ထားနေပါတယ်။

# ယခုဆောင်းပါး / သတင်းအချက်အလက်အား Myanhealth မှ ထုတ်လုပ်ပြီး KIC သတင်းဌာနမှ ပံ့ပိုးမျှဝေသည်။