Home ဆောင်းပါး တည်ကြည်ရဲရင့်တဲ့ ပိုမိုသစ်လွင်ပြီး ပိုမိုလူသားဆန်တဲ့ယဉ်ကျေးမှု ဓလေ့သစ်များနဲ့သာ

တည်ကြည်ရဲရင့်တဲ့ ပိုမိုသစ်လွင်ပြီး ပိုမိုလူသားဆန်တဲ့ယဉ်ကျေးမှု ဓလေ့သစ်များနဲ့သာ

161
Photo: Crd.

တည်ကြည်ရဲရင့်တဲ့ ပိုမိုသစ်လွင်ပြီး ပိုမိုလူသားဆန်တဲ့ယဉ်ကျေးမှု ဓလေ့သစ်များနဲ့သာ

မောင်ကျော်စွာ

(၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်)

ကျနော့်အမြင်နဲ့သဘောထားမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအောက်နေ နိုင်ငံရေးအရ အတိုက်အခံပြု လုပ်တာ၊ ဆန္ဒပြသပိတ်မှောက်တာကနေ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲတဲ့အထိ လှုပ်ရှားဆောင်ရွက်မှုတွေဟာ လက်ရှိစနစ်ဟောင်းအုပ်စိုး၊ လက်ရှိအခြေအနေတွေထက် အဖက်ဖက်က ပိုမိုသာလွန်ကောင်းမွန်တဲ့ အပြောင်းအလဲ တစ်ခု၊ စနစ်တစ်ခု၊ ခေတ်သစ်တစ်ခု ပြောင်းလဲသွားအောင် ဦးတည်ပြီး ကြိုးပမ်းဆောင်ရွက်ကြတာပါ။

ကျနော်တို့တိုင်းပြည်ဟာ အခြားအိမ်နီးချင်းနိုင်ငံတွေနဲ့ တမူထူးခြားပြီး ပြည်တွင်းဖောက်ပြန်ရေးသမား အဆက်ဆက်ကို လက်နက်စွဲကိုင်ပြီး ခုခံတော်လှန်လာနေကြရတာဟာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှပါပဲ။ ၁၉၄၈ခု နှစ်ကနေ ယနေ့ မျက်မှောက်ကာလအထိ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလကနေ စတင်လာခဲ့ ပြည်သူ့အုံကြွမှုကြီးဟာ အာဏာသိမ်း (စကစ)စစ်အုပ်စုရဲ့ ဖိနှိပ် အကြမ်းဖက်မှုကြောင့် နိုင်ငံနဲ့အဝန်းမှာ လူငယ်တွေဟာ ရရာလက်နက်ကို စွဲကိုင်ပြီး ကျယ်ပြန့်ကြီးမားတဲ့ အရှိန်အဟုန် နဲ့ လက်နက်ကိုင်တော်လှန်ပုန်ကန်ကြရတဲ့အထိ ဒီရေမြင့်တက်လာခဲ့ပါတယ်။ ဒီနွေဦးတော်လှန်ရေးဟာ ကျနော်တို့ သိမီခဲ့ဖူးတဲ့ ၁၉၈၈ခုနှစ်က ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီးထက် ကျယ်ပြန့်ကြီးပါတယ်။ အရေးတော်ပုံကြီး တွေမှာ ကိုယ်စီ ဝိသေသတွေနဲ့ ထူးခြားချက်တွေ ရှိစမြဲဖြစ်ပါတယ်။

ဘယ်အရေးတော်ပုံကြီးတွေမှာမဆို ဘုံတူညီချက်ကတော့ လူငယ်တွေအများစုဟာ တပ်ဦးအခန်း၊ အလံကိုင် အခန်း၊ လှံသွားအခန်းက ပါဝင်ကြတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီအချက်ကို ၁၃၀၀ ပြည့်အရေးတော်ပုံမှာဖြစ်စေ၊ ၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံမှာဖြစ်စေ၊ ၂၀၂၁ခုနှစ် ပြည်သူ့အရေးတော်ပုံကြီးမှာဖြစ်စေ အထင်အရှား တွေ့နိုင် ပါတယ်။

၁၃၀၀ပြည့်အရေးတော်ပုံမှာလည်း “ဘမော် – ဘမော် အို့အို့ – မီးတုတ် မီးတုတ် ရှို့ ရှို့” ဆိုတဲ့ ကြွေးကြော်သံကို သမိုင်းစာအုပ်တွေမှာ ဖတ်ရဖူးသလို “နေဝင်း – စိန်လွင် သတ်ပစ် – သတ်ပစ်” ဆိုတဲ့ ကြွေးကြော်သံကိုလည်း ရှစ်လေး လုံးအရေးတော်ပုံကြီးအတွင်းမှာ တက်တက်ကြွကြွ ကြွေးကြော် အော်ဟစ်ခဲ့ကြဖူးပါတယ်။

၂၀၂၁ခုနှစ် အရေးတော်ပုံကြီးမှာလည်း အာဏာသိမ်း (စကစ)စစ်အုပ်စုရဲ့ထိပ်သီး မင်းအောင်လှိုင်ရဲ့အတို ကောက် (မအလ)ဆိုတဲ့စကားလုံးကို ပျစ်ပျစ်နှစ်နှစ် ဆဲရေးကြတာကို ဒီနေ့အထိ မြိန်ရည်ယှက်ရည် ပြောဆိုနေကြဆဲ ဖြစ်တာကို သတိပြုမိပါတယ်။ ပျစ်ပျစ်နှစ်နှစ် ဆဲရေးကြတာဟာ ကျယ်ပြန့်ပြီး မြင်သာထင်သာရှိတဲ့ကိစ္စပါပဲ။ သာဓက အားဖြင့် (‘စောက်’ ဆိုတဲ့အသုံးအနှုန်းနဲ့ ‘ဘောမ’ ဆိုတဲ့ အသုံးအနှုန်းဟာ ကျား/မအသက်အရွယ်မရွေး ထမင်းစား ရေသောက်သလို ပေါ့ပေါ့ပါးပါး ပြောဆိုနေကြတာပါပဲ)

၁၃၀၀ပြည့်အရေးတော်ပုံကြီးကို မမီခဲ့လို့ အဲဒီလို ဆဲရေးတာတွေ အတိုင်းအတာဘယ်လောက်ရှိမယ်ဆိုတာ အသေအချာ မသိပါဘူး။ ကုန်းဘောင်ခေတ်နှောင်းပိုင်း ကဗျာဆရာတစ်ဦးဖြစ်တဲ့ အချုပ်တန်းဆရာဖေရဲ့ “တွေးမိတိုင်း အရိုးနာတယ် / အမျိုးပါဆဲချင်ပေါ့လေး” ဆိုတဲ့ တေးထပ်ကိုတော့ ကျောင်းမှာသင်ခဲ့ရဖူးပါတယ်။ ထို့အတူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတချို့ထဲမှာလည်း သာသာနဲ့နာနာ နှက်ထားတဲ့ စကားလုံးတွေ (နေမျိုး နေမျိုး နဲ့ သဝေထိုးလေပြီတကား)ကိုလည်း ကျက်မှတ်ခဲ့ကြရဖူးပါတယ်။

ပြင်းထန်တဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ တစ်တစ်ခွခွ ပြောကြတာဟာ ဖက်ရှင်တစ်ခုလို ရေပန်းစားတာကို သတိပြုမိပါတယ်။ မနှစ်မြို့ပေမယ့် သူတို့ရဲ့အရှိန်အဟုန်နဲ့ အဝန်းအဝိုင်းကြောင့် ခပ်မဆိတ်ပဲ နေခဲ့ရပါတယ်။ “မအေရိုး မင်းအောင်လှိုင်”လို့ မြိန်မြိန်ကြီးရေရွတ်နေတာကို သွားပြီး မတားဝံ့ပါဘူး။ ဘာလို့လည်းဆိုတော့ သူ့ဒေါသနဲ့ မကျေနပ် မှုက ကိုယ့်ဆီ မြားဦးလှည့်လာနိုင်ပါတယ်။

ဆဲရေးတိုင်းထွာတာဟာ မကျေနပ်တဲ့၊ မလိုလားတဲ့ ခံစားမှုနဲ့သဘောထားကို အပြင်းထန်ဆုံး (စကားလုံးအသုံး အနှုန်းတွေနဲ့) (အရိုင်းပြဆုံး) ဖော်ပြကြတဲ့ပုံစံပါပဲ။ ဒါ့အပြင် ရှေးက “ကျိန်စာတိုက်ကြတယ်”ဆိုတာဟာ အလားတူပဲလို့ ထင်မြင်မိပါတယ်။ မိမိမလိုလားသူ၊ မုန်းတီးသူကို သူ့အကျိုးမှန်သမျှ ပျက်ပြားထိခိုက်နစ်နာပါစေ၊ ဘေးအန္တရာယ် အမျိုးမျိုးသင့်ပါစေ ဆိုတာကို ပြင်းထန်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားပြောဆိုတာပါပဲ။

တချို့ကလည်း အဲဒီလို တစ်တစ်ခွခွ စကားလုံးအသုံးအနှုန်းတွေနဲ့ ပျစ်ပျစ်နှစ်နှစ် ဆဲရေးတိုင်းထွာမှုကိုပဲ မိမိရဲ့ ပြတ်သားမှုကိုဖော်ပြတဲ့ ပြဒါးချိန်အဖြစ် သဘောထားကြဟန်တူပါတယ်။ အဲဒီလိုလူတွေနဲ့ ကျနော်သဘောမတူနိုင်ပါ ဘူး။ တည်ကြည်ပြတ်သားမှုကို စကားလုံးတွေနဲ့ပြောတာထက် မူမှန်တဲ့လက်တွေ့ပြုမူဆောင်ရွက်ချက်ကိုသာ ဖော်ပြ တာက ပိုပြီးတည်တံ့ခိုင်မြဲနိုင်ပါတယ်။ ပိုပြီးထိရောက်တယ်လို့ မြင်ပါတယ်။ အပြောအဆိုနဲ့ အပြုအမူဟာ တစ်ထပ် တည်းကျရမှာပါ။

ကျနော်တို့ဆင်နွှဲနေတဲ့ တော်လှန်ရေးက လက်ရှိအုပ်စိုးနေသူ (စစ်အုပ်စု)ရဲ့အုပ်စိုးမှုစနစ်ဟောင်းကို အကုန် အစင် တော်လှန်ဖျက်သိမ်းပစ်ပြီး ပိုမိုသစ်လွင်တဲ့၊ ပိုမိုနှစ်လိုဖွယ်ကောင်းတဲ့ ခေတ်သစ်၊ စနစ်သစ်၊ ယဉ်ကျေးမှုသစ်ကိုပါ တည်ဆောက်ထူထောင်ကြဖို့ ရည်မှန်းထားတာ မဟုတ်ပါလား။
လူ – လူကို လူလို သဘောမထားတဲ့ အမျိုးမျိုးသော ခွဲခြားချိုးနှိမ်မှုဆိုတဲ့ ဆိုးသွမ်းယုတ်ညံ့တဲ့ ဓလေ့စရိုက် ဟောင်းတွေကို ဖြိုလှဲဖျက်သိမ်းပစ်ပြီး လူ – လူချင်း လေးစားတန်ဖိုးထားတဲ့ တန်းတူလေးစားချစ်ကြည်တဲ့ လူမှုလောက သစ်ကို တည်ဆောက်ကြဖို့ပဲ မဟုတ်ပါလား။

တိုင်ဖွန်းမုန်တိုင်း ယာဂီ(Typhoon Yagi) ဝင်လာမယ်ဆိုတော့ ထင်ရှားတဲ့သူတချို့အပါအဝင် လူတချို့က “တရုတ်တစ်နိုင်ငံလုံး ကြေမွနေအောင် မွှေသွားစမ်းပါ” – “မမြင်ရတဲ့ အကြောင်းတရားတွေမို့ မယုံဘူးဆိုပြီး လုပ်ချင်ရာ လုပ်လို့ မရပါဘူး။ စိတ်စေတနာ ယုတ်ညံ့သူဟာ ဘယ်သောအခါမှ ကံမကောင်းတတ်ပါဘူး” စသဖြင့် သူတို့ရဲ့ ဆိုရှယ် မီဒီယာမှာ တိုင်ဖွန်းမုန်တိုင်းရဲ့ အဖျက်စွမ်းအားတွေနဲ့အတူ သူတို့ရဲ့ကျိန်စာတွေကို ဝေဝေဆာဆာ ရေးသားဖြန့်ဝေကြပါ တယ်။

တိုင်ဖွန်းမုန်တိုင်းဝင်ရောက်လာမယ့် တရုတ်နိုင်ငံကမ်းရိုးတန်းက မြို့တွေရွာတွေမှာတော့ အပျက်အစီးတွေ ဘယ်လို၊ ဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးပေမယ့် ဗီယက်နမ်နိုင်ငံမှာတော့ လူ ၁၅၀နီးပါးသေဆုံးပြီး အပျက်အ စီးတွေ ကြီးမားများပြားတယ်ဆိုတာကို ကနဦးထွက်လာတဲ့ သတင်းတွေထဲကနေ သိလာနေရပါတယ်။

သဘာဝဘေးအန္တရာယ်တို့ ရောဂါကပ်ဘေးတို့ဆိုတာ ကြိုတင်ကာကွယ်ထားနိုင်သူတွေ၊ စနစ်တကျ လေ့ကျင့် ပညာပေးထားနိုင်သူတွေ၊ ယာယီရွှေ့ပြောင်းခိုလှုံနိုင်ဖို့ နေစရာ၊ စားစရာ၊ သောက်ရေသန့် စသဖြင့် စနစ်တကျ ဆောင် ရွက်ထားနိုင်သူတွေကသာ နှိုင်းယှဉ်ချက်အားဖြင့် ပိုမို သက်သာရာရရှိနိုင်တာပါ။

သဘာဝဘေးအန္တရာယ်တို့၊ ရောဂါကပ်ဘေးတို့ဆိုကို ဘယ်သူမှ (ဘယ်လိုတန်ခိုးရှင်ကမှ) ဟန့်တားနိုင်စွမ်း မရှိ ပါဘူး။ အတိတ်ဘဝကံ အကြောင်းမလှမှုတွေကြောင့် – လက်ရှိမိမိပြုလုပ်တဲ့ အကုသိုလ်ကံကြောင့်လည်း ရောက်ရှိလာ တာမျိုးလည်း မဟုတ်ပါဘူး။ သူ့သဘောသူဆောင်တဲ့ သဘာဝအချင်းအရာတွေ (မုန်တိုင်း၊ ငလျင်၊ မီးတောင်ပေါက်ကွဲ မှု၊ ဆူနာမီလှိုင်း စသဖြင့်)ရဲ့ ကာလပိုင်းအလိုက် လှုပ်ရှားဖြစ်ပေါ်မှုတွေသာ ဖြစ်ပါတယ်။ ကြိုတင် ရွေ့ပြောင်းတာတွေနဲ့ မုန်တိုင်းစဲသွားတဲ့နောက်မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကို ထိထိမိမိ လုပ်ကိုင်ကြရတာပါ။

ကျနော်တို့ တစ်ကမ္ဘာလုံးကြုံခဲ့ကြရတဲ့ “ကိုဗစ်-၁၉ ကပ်ရောဂါဘေး”ကို သိပ္ပံနည်းကျကာကွယ်ဆေးနဲ့ သိပ္ပံ နည်းကျ နေထိုင်သွားလာမှုတွေနဲ့ပဲ လက်တွေ့မှာ ကျော်ဖြတ်ရင်ဆိုင်ပြီး ကပ်ဘေးထဲကနေ ရုန်းထွက်ခဲ့ကြတာ မဟုတ် ပါလား။ ဒီကပ်ဘေးကြီးထဲမှာ မလွှဲနိုင်မရှောင်နိုင်ဘဲ ကျနော်တို့ချစ်လှတဲ့ မိဘတွေ၊ ဆွေမျိုးအပေါင်းအသင်းတွေကို လက်လွှတ်ဆုံးရှံးခဲ့ကြတာပဲ မဟုတ်ပါလား။

လူသားတွေရဲ့အားမာန်နဲ့ လူသားလူပီသတဲ့ ယဉ်ကျေးမှုတွေဟာ တစ်ဖက်မှာ (မုန်တိုင်း၊ ငလျင်၊ မီးတောင် ပေါက်ကွဲမှု၊ ဆူနာမီလှိုင်း စတဲ့) ကြမ်းတမ်းတဲ့သဘာဝတရားနဲ့ရင်ဆိုင်ရင်း အခြားတစ်ဖက်မှာလည်း လူကဖန်တီးတဲ့ (ကမ္ဘာစစ်ကြီးတွေ စတဲ့) ဘေးအန္တရာယ်တွေကို ရင်ဆိုင်ကြရင်းနဲ့ လူ – လူချင်း အသက်စွန့်ကြိုးပမ်းကာ အပြန်အလှန် ဖေးမကူညီမှုတွေနဲ့ ရင်ဆိုင်ဖြတ်ကျော်လာကြတာပဲ မဟုတ်ပါလား။

လူ – လူချင်း ညှာတာထောက်ထား စာနာကူညီမှုနဲ့ လူ – လူချင်း လူမဆန်တဲ့ရက်စက်မှုတွေကို အထက်မှာ တင်ပြခဲ့တဲ့ ဘေးအန္တရာယ်ကြီး ၂ခုကို ရင်ဆိုင်ကြရတဲ့အခါ အထင်အရှား သိမြင်ကြရပါတယ်။ အာဇာနည်တွေ သူရဲ ကောင်းတွေကို တွေ့မြင်ကြရသလို ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လူမဆန်မှုတွေကိုလည်း အထင်အရှား တွေ့ကြရတာပါ။ ပုံဝတ္ထုတွေ၊ တေးကဗျာတွေ၊ ဝတ္ထုတွေဟာ အဲဒီလို သေရေးရှင်ရေး အခြေအနေကြီးတွေမှာ ဖော်ပြ ကြတဲ့ လူ့စရိုက်သဘာဝတွေကို ဖွဲ့နွှဲ့ဖော်ပြီး လူကောင်းလူယုတ်မာကို ခွဲခြားပြကာ ပိုမို ကောင်းမွန်လာရေးဘက်ကို လှုံ့ဆော်ပေးကြတာပဲ မဟုတ်ပါလား။

ကျနော်တို့တိုင်းပြည်မှာ မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုက ဖန်တီးတဲ့ ဗုံးကြဲမှုတွေ၊ မီးရှိုမှုတွေ၊ တိုက်ခိုက် မှုတွေကြောင့် စစ်မက်ဘေးပြေးရှောင်ကြရတာတွေ၊ ကုန်ဈေးနှုန်းခေါင်ခိုက်အောင် ကြီးမြင့်မှုတွေ၊ လူငယ်တွေကို အဓိကပစ်မှတ်ထားတဲ့ အဓမ္မစစ်သားဆွဲမှုတွေကို တစ်ဖက်က နေ့စဉ်လိုလို ရင်ဆိုင်ကြရသလို အခြားတစ်ဖက်မှာလည်း သဘာဝဘေးဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီ(Typhoon Yagi)ရဲ့ အဖျားခတ်မှုကြောင့် မြစ်ရေချောင်းရေကြီးမှုနဲ့ ရေလျှံ မှုတွေကို တောင်ပေါ်မြေပြန့်မရွေး ပြည်သူတွေ ရင်ဆိုင်နေကြရပါတယ်။

ဒါတွေဟာ လူက ပြုလုပ်ဖန်တီးတဲ့ ဘေးအန္တရာယ်နဲ့ သဘာဝဘေးအန္တရာယ်တွေသာ ဖြစ်တယ်။ ဒါတွေကို ငါတို့ဟာ ငါတို့ပြည်သူအချင်းချင်း တောင်ပေါ်မြေပြန့် အပြန်အလှန် ဖေးမကူညီမှုနဲ့ ရင်ဆိုင်ဖြတ်ကျော်နိုင်တယ်လို့ ကြည်ကြည်လင်လင်၊ ရှင်းရှင်းလင်းလင်း မကြည့်မြင်နိုင်ရင်တော့ “အတိတ်ကံဝဋ်ကြွေးကြောင့် – စိတ်စေတနာ ယုတ်ညံ့”လို့ ကြုံရတာပဲလို့ စိတ်ဝါဒဆန်တဲ့ အစွဲအလမ်းတွေနဲ့ အထင်အမြင် မှောက်မှားသွားနိုင်စရာ ရှိပါတယ်။

ဒီတော့ လူကဖန်တီးထားတဲ့ ဘေးအန္တရာယ်ဖြစ်တဲ့ အကြမ်းဖက်ဖိနှိပ်အုပ်စိုးမှုနဲ့ သဘာဝတရားက သူ့ဖြစ်ရိုး ဖြစ်စဉ်အလျောက် ပေါ်ပေါက်လာတတ်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကျနော်တို့ပြည်သူတွေဟာ အစွဲအလမ်း ဟောင်း၊ တွေးခေါ်မှုဟောင်းတွေနဲ့ ကြည့်မြင်နေရင် ဘယ်တော့မှလွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

ဒီလို ဘေးအန္တရာယ်တွေကို ဆဲရေးတိုင်းထွာနေရုံ၊ ကျိန်စာတိုက်နေရုံမျှနဲ့လည်း ဘယ်လိုမှ ရင်ဆိုင်ကျော်လွှား သွားနိုင်မှာမဟုတ်ပါဘူး။ ကျနော်တို့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူအချင်းချင်း အပြန်အလှန် စာနာဖေးမကူညီမှု၊ အပြန်အလှန် သွေးစည်းညီညွတ်မှုများနဲ့သာ တိုက်ဖျက်တွန်းလှန် ဖယ်ရှားရင်ဆိုင် ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။ မုန်တိုင်းတွေ၊ ငလျင်တွေ၊ စစ်ဘေးမီးလျှံတွေကို ရင်ဆိုင်ကျော်လွှားပြီး ခေတ်စနစ်သစ်တွေ ထူထောင်နိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် တည်ကြည်ရဲရင့်တဲ့၊ ပိုမိုသစ်လွင်ပြီး ပိုမိုလူသားဆန်တဲ့ ယဉ်ကျေးမှုဓလေ့စရိုက်သစ်များနဲ့ ကျနော်တို့ လက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်ကြပါစို့။