မျောက်ကျောက်ရောဂါ ကာကွယ်ရေးနှင့် ပညာပေးရေးအစီအစဉ် KDHW ပြင်ဆင်မှု
(ဩဂုတ် ၂၂ ရက်၊ ၂၀၂၄ ခုနှစ်) ကေအိုင်စီ
အာဖရိကတိုက် နိုင်ငံများမှ အစပြုဖြစ်ပွားခဲ့သည့် မျောက်ကျောက်ရောဂါ (Monkeypox) ကို ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်တွင် နိုင်ငံတကာ စိုးရိမ်ဖွယ်အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ထုတ်ပြန်ကြေညာအပြီး တပတ်အကြာ အရှေ့တောင်အာရှ နိုင်ငံများတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုများကို အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင်တွေ့ရှိ ရသည်ဟု ဆိုင်ရာနိုင်ငံများက အသီးသီးသတင်းထုတ်ပြန်ထားသည်။
ယခုလို မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခြင်းသည် အမျိုးမျိုးသော သုတေသနများ၊ အစီရင်ခံစာများ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးမှ ထုတ်ပြန်ခြင်းဖြစ်သည့်အတွက် ပေါ့ဆ၍ မရသလို ကြိုတင်ပြင်ဆင်မှုများကို တတ်နိုင် သမျှလုပ်ဆောင်ထားရမည်ဟု ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ဆရာဝန် ဒေါက်တာမန်းကိုက သုံးသပ်ပြောသည်။
ထို့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကျန်းမာရေးဌာနဖြစ်သည့် ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW အနေဖြင့်လည်း ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံတွင် ကူးစက်မှုတွေ့ရှိထားပြီးဖြစ်သည့်အတွက် ရောဂါအခြေအနေကို မျက်ခြေ မပြတ် စောင့်ကြည့်ကာ KNU ခရိုင် (၇) ခုစလုံးတွင် ကာကွယ်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားရန် ပြင်ဆင်နေသည်ဟု ဌာနမှူး ပဒိုစောဒိုင်းမွန်းခင်က ကေအိုင်စီသို့ ပြောသည်။
မျောက်ကျောက်ရောဂါ သမိုင်းကြောင်း
မျောက်ကျောက်ရောဂါ (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် ရောဂါတစ်မျိုးဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် သုတေသနပြုလုပ်ရန် သိမ်းဆည်းထားသည့် မျောက်အုပ်စုများတွင် ပထမဆုံးတွေ့ရှိခဲ့ သည့် အတွက် မျောက်ကျောက်ရောဂါဟု ခေါ်ဆိုခြင်းဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်တွင် လူသားများသို့ ကူးစက်မှု စတင်တွေ့ ရှိခဲ့ပြီး တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်စေနိုင်သည့် တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက် ပြန့်ပွား စေနိုင်သည်ဟု WHO က ပြောသည်။
မျောက်ကျောက်ရောဂါကို အပူပိုင်း မိုးသစ်တော ရာသီဥတုရှိသည့် အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင်တွေ့ရရပြီး အဆိုပါဒေသသို့ ခရီးသွားခဲ့သူ ဆွီဒင်နိုင်ငံသား တစ်ဦးထံတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ရောဂါကူးစက်ခံရမှု တွေ့ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံ ၁၁၆ နိုင်ငံတွင် ကူးစက်မှုခံရမှုရှိခဲ့ကာ ၂၀၂၃ မေလတွင် ရောဂါကူးစက်မှုနှုန်းကျဆင်းသွားခဲ့သည်ဟု ကူးစက် ရောဂါဆိုင်ရာ ကျွမ်းကျင်ဆရာဝန် ဒေါက်တာမန်းကိုက ပြောသည်။
ရောဂါလက္ခဏာနှင့် ကူးစက်ခံရနိုင်မှု
မျောက်ကျောက်ရောဂါ လက္ခဏာများမှာ ကနဦး အဖျားရှိပြီးနောက် အနီစက်အဖုများနှင့် အတူ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အရေကြည်ဖုများ ပေါက်ခြင်း၊ ယားခြင်း၊ ပြန်ရည်အိတ် (Lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် နောက်ကျောနာကျင်ကိုက်ခဲခြင်း ၊ အင်အားကုန်ခမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားတတ်သည်။ ရောဂါကူးစက်ခံရပါက သုံးပတ်ခန့် ရောဂါလက္ခဏာခံစားရပြီး အနာများခြောက်ကာ အလိုလိုပျောက်ကင်းသွားတတ်သည်။
“အဖုအဖိတ် အလုံးလေးတွေထွက်တယ်။ အနားဖေးတက်တယ်။ နောက်အရည်ကြည်ဖုလေးတွေ မျက်နှာ၊ ဂုတ်၊ လက်ဖဝါး၊ ခြေဖဝါး၊ မျက်လုံးပေါက်နား စတဲ့ နေရာတွေများပေါက်တယ်၊ ယားတယ်။ နာတယ်။ ကုတ်ချင်တယ်။ ဆရာတို့ကတော့ လုံးဝ မကုတ်ခိုင်းဘူး” ဟု ဒေါက်တာ မန်းကိုက ပြောသည်။
ထိုသို့ ရောဂါကူးစက်ခံရသူ၏ အနာများမှ ထွက်သည့် အရည်များတွင် ဗိုင်းရပ်စ်ပိုးများပါရှိသည့်အတွက် ထိုအရည်များကို ထိတွေမိပြီး ကူးစက်ခံရနိုင်သည်။ ထို့ကြောင့် ကူးစက်ခံရသူနှင့် ထိတွေ့ခြင်း၊ သူ၏ တစ်ကိုယ်ရေသုံး ပစ္စည်းများဖြစ်သည့် အဝတ်အစား၊ အိပ်ယာခင်း၊ မျက်နှာသုတ်ပဝါ စသည့်တို့ကို ထိတွေ့ကိုင်တွယ်ခြင်းကို ရှောင်ရမည်ဖြစ်ပြီး ဖြစ်နိုင်လျှင် လူနာအားသီးခြား ခွဲထားရန် လိုအပ်သည်။
ရောဂါပိုးကပ်ငြိနေသည့် ပစ္စည်းများကို ကိုင်တွယ်သည့်အချိန်နှင့် အခြားသူများနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲမရပါက နားခေါင်းစည်း (Mask) ကို ဝတ်ဆင်ရန်လိုအပ်သည်ဟု ဒေါက်တာမန်းကိုက အကြံပြုပြောသည်။
ရောဂါ ကူးစက်ခံရပါက အန္တရာယ်ရှိလူအုပ်စုများမှာ မွေးကင်းစကလေးငယ်များ၊ ကလေးငယ်များ၊ ခုခံအားကျဆင်း နေသူများနှင့် ရောဂါကုသရေးအပိုင်းတွင် လူနာနှင့် ထိတွေ့မှုများသည့် ကျန်းမာရေး ဝန်ထမ်းများ ပိုမိုသတိထားရန် လိုသည်။ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ လူတစ်ရာဦးလျှင် ၅ ဦးနှုန်းခန့် သေဆုံးနိုင်ချေရှိသည့်အတွက် သတိပြုရမည်ဟု ကျွမ်းကျင်သူတို့က အကြံပြုထားသည်။
ရောဂါကာကွယ်ဆေးနှင့် ကုသဆေး
မျောက်ကျောက်ရောဂါ အများစုသည် ဆေးကုသရန် မလိုဘဲအလိုလို ပျောက်ကင်းသွားတတ်ပြီး ရောဂါဖြစ်ပွား၍ ထွက်ပေါ်လာသောအနာများခြောက်သွေ့သွားအောင် ဆေးထည့်ခြင်း မျိုးပြုလုပ်နိုင် သည်။ ပါးစပ်နှင့် မျက်လုံးထဲရှိ အနာများကို ကိုင်တွယ်ထိတွေ့ခြင်းကိုရှောင်ရမည်ဖြစ်သည်။ စတီးရိုက်ပါဝင်သော ဆေးအမျိုးစားကို ရှောင်ရှားပြီး အခြားပါးစပ်သန့်ဆေးရည်နှင့် မျက်စဉ်း ခပ်ဆေးတို့ကို အသုံးပြုနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အကြံပြု ထားသည်။
ထို့အပြင် ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးများသည် မျောက်ကျောက်ရောဂါ ကူးစက်မှု အချို့ကို ကာကွယ်ပေးနိုင်သည်။ အလားတူ ကျောက်ကြီးရောဂါ ကာကွယ်ရန် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအသစ် တစ်မျိုး (MVA-BN, Imvamune, Imvanex of Jyynneo) သည် မျောက် ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုထားသော်လည်း တွင်တွင် ကျယ်ကျယ် အသုံးမပြုသေးသလို ကာကွယ်ဆေး ထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုထားသည်။
ထို့အပြင် ကျောက်ကြီးရောဂါ ကာကွယ်ဆေးသည် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် ထိုးနှံခြင်း မရှိတော့ သည့်အတွက် အသက် (၄၀-၅၀) အောက် လူများတွင် ကာကွယ်ဆေးထိုးထားခြင်း မရှိသေး ကြောင်း သိရသည်။ သို့သော် ကျန်းမာရေးဝန်ထမ်းအချို့နှင့် ဓါတ်ခွဲခန်းဝန်ထမ်းအချို့ တို့သည် မကြာသေးခင်က ထုတ်လုပ်ထားသည့် ကျောက်ကြီး ရောဂါကာကွယ်ဆေးထိုးနှံထားသည်ဟု WHO က ပြောသည်။
ရောဂါ ကာကွယ်ရေးနှင့် အသိပညာပေးရေးအတွက် KDHW ပြင်ဆင်ထားမှု
ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနအနေဖြင့် ယခင်ကိုဗစ် ၁၉ ရောဂါ တုံ့ပြန်ထိန်းချုပ်ရေး အတွေ့ အကြုံများအရ မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများကို ကေအဲန်ယူ၊ ခရိုင် ၇ ခုလုံးရှိ ကျန်းမာရေးစောင့်ရှောက်မှု စင်တာ ၈၆ ခုတို့မှတဆင့် ရွာတိုင်း ထိရောက် အောင် လုပ်ဆောင်သွားရန် ရှိသည်ဟု ဌာနမှူးပဒိုစောဒိုင်းမွန်းခင်က ပြောသည်။
ထို့အပြင် KDHW ရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုကို ရှုပ်ထွေးမှုမရှိအောင် အသိပညာပေး သွား မည်ဖြစ်ကာ ရောဂါကူးစက်မှုများရှိပါက စောစောသိရန်လိုအပ်ပြီး ပြည်သူများအနေဖြင့် ဖျားနာပြီး အနီစက်များတွေ့က နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ရန် လိုအပ်မည်ဖြစ်သည်။
“အနီစက်တွေ့တာနဲ့ Report လုပ်မယ်။ လူနာအခြေအနေဆိုးရင် ဆေးရုံခေါ်မယ်။ သီးသန့်ထားမယ်။ အနီးကပ် စောင့်ရှောက်ပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေကို PPE Level 2 ဝတ်ဖို့ ထိစဉ်းစားထားတယ်။ ကျန်းမာရေးဝန် ထမ်းတွေကို သေသေချာချာပညာပေးထားမယ်” ဟု ဒေါက်တာမန်းကိုက ပြောသည်။
ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရပါက ရှေ့ရိုးစွဲကုသမှုများကို “ယုံလည်းယုံ ခုန်လည်းခုန်” ဆိုသည့် ဆိုရိုး စကားအတိုင်း နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက် ကုသရန် KDHW က တိုက်တွန်းအကြုံပြုထားသည်။