Home သတင်း ထီလုံ-နဘူးသွား ကားလမ်းမပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားပျက်စီး၍ သွားလာရေးပြတ်တောက်

ထီလုံ-နဘူးသွား ကားလမ်းမပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားပျက်စီး၍ သွားလာရေးပြတ်တောက်

649
Photo: CJ

ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံ-နဘူးသွား ကားလမ်းမပေါ်ရှိ နောင်ခွီး ကျေးရွာ၏ အမှတ် (၂/၃၃) တံတားသည် ယနေ့ နံနက်ပိုင်းတွင် ရေတိုက်စား၍ ပျက်စီးသွားပြီး သွားလာရေး ပြတ်တောက်သွားကြောင်း ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ မြင့်တက်လာသောကြောင့် ရေစီး ဆင်းမှု အရှိန်ဖြင့် အဆိုပါ တံတားမှာ ရေတိုက်စားခံရပြီး ပျက်စီးသွားခြင်းကြောင့် ဖားအံမှတဆင့် ထီလုံ- သရက် တော-နဘူး-ထို့ကော်ကိုး နှင့် မြဝတီ သွားလာနိုင်သည့် လမ်းပြတ်တောက်သွားခြင်းဖြစ်သည်။

ပိုင်ကျုံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက “အခု ပိုင်ကျုံဘက်က သွားလို့မရတော့ဘူး။ ရေအကုန်နီးပါးကျော် တယ်။ ထီလုံဘက်ကဘဲရမယ်။ အခုတစ်ခါမှ ရေမကြီးတဲ့ နေရာတွေက ၂ ရက်ထဲနဲ့ ရေကျော်နေတာ။ အခု နောင်ခွီးတံတားပျက်သွားပြီးဆိုတော့ သွားဖို့ တော်တော်လေး ခက်ခဲသွားပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

လက်ရှိတွင်လည်း ပိုင်ကျုံမြို့နယ်နှင့် နဘူးမြို့နယ်အတွင်း တောင်ကျချောင်းရေ မြင့်တက်လာခြင်းကြောင့် ပိုင်ကျုံမြို့အပါအဝင် ကျေးရွာအများစုတွင် ရေလွှမ်းမိုးခံရနေပြီး နဘူးမြို့နယ်အတွင်းရှိ မြဝတီ-ထို့ကော်ကိုး လမ်းရှိ သံတံတားဟောင်းနေရာတွင်လည်း ကားလမ်းရေကျော်၍ သွားလာရေး ပြတ်တောက်ကာ ကားအချို့လည်း လမ်း ချော်၍ ရပ်တန့်နေကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထွက်ပေါ်လာသည့် ရုပ်သံဖိုင်များတွင် တွေ့ရ သည်။

၎င်းအပြင် ထို့ကော်ကိုးကျေးရွာနှင့် အနီးကျေးရွာများတွင်လည်း ယမန်နေ့၊ နေ့လည်မှစ၍ ရေလွှမ်းမိုးခံနေရပြီး ဒေသခံများအနေဖြင့် သွားလာရေး အခက်အခဲ ဖြစ်ပေါ်နေသလို မိုးဆက်လက်ရွာသွန်းနေသေးသောကြောင့် နောက်ထပ်ရေမျက်နှာပြင် မြင့်တက်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ကရင်ပြည်နယ် မြို့တော်ဖြစ်သည့် ဖားအံမြို့တွင်လည်း သံလွင်မြစ်ရေးကြီးမြင့်လာမှုကြောင့် သတ်မှတ် ထားသည့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်သောကြောင့် သံလွင်မြစ်ကမ်းအနီး နေထိုင်သူများနှင့် မြေနိမ့်ပိုင်း တွင် နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးဇလက တိုက်တွန်းထားသည်။