ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်တွင် ယခုနှစ် ပီလောပီနံဥများ ဈေးကောင်းမရ၍ အသစ် ထပ်မံပြန်လည်စိုက်ပျိုးမှုများ လျော့နည်းလာပြီး ယခင်နှစ်ကထက် ၃ ပုံ တစ်ပုံခန့်သာ စိုက်ပျိုးတော့ကြောင်း တောင်သူအချို့ထံမှ သိရသည်။
ပီလောပီနံကို ပုံမှန်အားဖြင့် မိုးမကျခင်တွင် အချိန်မီ စိုက်ပျိုးထားကြပြီး ၆ လမှ ၈ လအကြာတွင် ပြန်လည် တူးဖော်ကာ ရောင်းချမှုများ လုပ်ဆောင်လေ့ရှိသည်။
ပြီးခဲ့သည့် သီးနှံပေါ်ချိန်တွင် အဝယ်ဒိုင်များက ဈေးနှိမ်ဝယ်ယူသည့်အပြင် ဈေးများလည်း အဆမတန် ထိုးကျခြင်းကြောင့် ဒေသခံတောင်သူ အနည်းမျှသာ ပြန်လည်တူးဖော် ထုတ်လုပ်ရောင်းချမှုများကို လုပ်ဆောင်နိုင်ခဲ့ကြပြီး အများစုမှာ လာမည့်နှစ် ရာသီပေါ်ချိန်အထိ ဆက်ထားနေကြရသည် ဟု ပီလောပီနံစိုက်တောင်သူများထံမှ သိရသည်။
ဒေသခံတောင်သူတစ်ဦးက “ပြီးခဲ့တဲ့ ရာသီဆို ပြန်လည်တူးဖော်ရောင်းချသူတွေမှာ အမြတ်မပြောနဲ့ အရင်း ပြန်ကာမိတဲ့သူတွေ မရှိသလောက်ပါပဲ။ ပုံမှန်အရင်နှစ်တွေဆို တစ်ကီလိုကို ငါးဘတ်ကျော် ခြောက်ဘတ်အထိ ဈေးရှိတယ်လေ။ အခုဟာက ဈေးကျနေတာတောင်မှ မငြိမ်ဘူး။ တစ်ကီလိုကို နှစ်ဘတ်ခွဲအထိ ကျတော့ အများကြီးရှုံးတာပေါ့။ ဘတ်နဲ့ဆို တစ်သိန်းနီးပါးလောက်ရှိတယ်” ဟု ဆိုသည်။
ထို့ကြောင့် ယခုနှစ်တွင် ဧက ၆၀ ကျော်စိုက်သူဆိုလျှင် ဧက ၂၀ လောက်သာ ပြန်စိုက်ဖြစ်ကြသည်ဟု သိရသည်။ ကျန်စိုက်ခင်းတွင်မူ သီးပင်စားပင်နှင့် နှစ်ရှည်ပင်များဖြစ်သည့် ရာဘာပင်များကိုသာ အစားထိုးစိုက်နေကြသည်ဟု တောင်သူအချို့က ဆိုသည်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ပြီးခဲ့တဲ့ ရာသီဆို ဈေးအတော်ကို မကောင်းတော့ တူးဖော်ထုတ် လုပ်ရောင်းချမှု မလုပ်ရဲဘူးလေ။ ချေးငွေတွေ အတိုးတော့ တက်တာပေါ့။ မတတ်နိုင်ဘူးလေ။ လာမယ့်နှစ်မှပဲ တူးဖော်တော့မယ်။ ပီလောပီနံဥလည်း ကြီးမယ်။ အလေးချိန်လည်း များမယ်လေ။ အားလုံးကလည်း ဈေးကောင်းတွေ ရကြမယ်လို မျှော်လင့်ကြတယ်လေ” ဟု ပြောသည်။
ပီလောပီနံကို ဧက အများအပြား စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူများသည် လုပ်အားခနှင့် မြေသြဇာဖိုးများ ပိုကုန်ကြသည်။ ၎င်းတို့မှာ ရှိသော လုပ်သားအင်အားနှင့် ပြင်ပလုပ်အားငှားရမ်းခြင်း၏ ကုန်ကျစရိတ်များကို ချင့်ချိန်ကာ တောင်သူတစ်ဦးလျှင် တစ်ရာသီအတွက် ဘတ်ငွေငါးသောင်းမှ တစ်သိန်းအထိ ချေးငွေပမာဏများကို လိုသလောက် ချေးယူလေ့ရှိကြသည်။ ထိုချေးငွေများအား တစ်ရာဘတ်ကို အနည်းဆုံး နှစ်ဘတ်ခွဲမှ ငါးဘတ်အထိ အတိုးနှုန်း ပေးကြရသည်ဟု တောင်သူများထံမှ သိရသည်။
ယခုနှစ်တွင် တူးဖော်ရောင်းချလျှင် ဈေးကောင်းမရသည့်အတွက် အရှုံးပေါ်နိုင်ပြီး ချေးငွေ ပြန်ပေးရန် အခက်အခဲများလည်း ရှိသည့်အပြင် ထပ်စိုက်ရန် အရင်းအနှီးလည်း မရှိသည့် အခြေအနေကို တောင်သူအချို့ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
ဘုရားသုံးဆူမြို့နယ်ရှိ လေးဝဖလိုး၊ လေးဖာထော၊ ကော့မား၊ မယ်ပရာ နှင့် ထီးခေးရွာများတလျှောက်တွင် ဒေသခံ တောင်သူများသည် ပီလောပီနံစိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်နေကြသည်။ ယခုနှစ်တွင် တိုက်ပွဲများ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ကုန်ဈေးနှုန်းမြင့်မားမှုများကြောင့် လာမည့်နှစ် ရာသီ ပီလောပီနံ ဈေးနှုန်းကောင်း ရရန်မှာလည်း မရေမရာသည့် အခြေအနေဖြစ်နေသည်ဟု တောင်သူအချို့က ဆိုသည်။



















