Home သတင်း အယ်ဒီတာ့ အာဘော်

အယ်ဒီတာ့ အာဘော်

531

အယ်ဒီတာ့ အာဘော်

ကော်သူးလေသစ်ပင်စိုက်လ ဝိုင်းဝန်းပါဝင် စိုက်ပျိုးကြ

ယခု ဇူလိုင်လသည် ကော်သူးလေသစ်ပင်စိုက်လအဖြစ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သစ်တောဌာနက သတ်မှတ်ထားပြီး ကေအဲန်ယူ၊ ခရိုင် မြို့နယ်အသီးသီးတွင် ထောင်နှင့်ချီသော သစ်ပင်များ ကို တစ်လတာလုံး စိုက်ပျိုးလျက်ရှိကြသည်။ သစ်ပင်စိုက်ပျိုးရခြင်း အဓိက အကြောင်းရင်းမှာ ရာသီဥတု ဖောက်ပြန်မှု၊ ကမ္ဘာကြီး ပိုမိုပူပြင်းလာမှုတို့ကို ကာကွယ်ရန်အတွက် ဖြစ်သည်ဟု ဆိုနိုင်သည်။

ရာသီဥတု ဖောက်ပြန်လာခြင်းအကြောင်းရင်းကို ပြောရသော် လွန်ခဲ့သည့် နှစ် ၂၀ကျော် ၂၀၀၀ပြည့်နှစ် ဝန်းကျင်ကတည်းက နိုင်ငံရေးသိပ္ပံပညာရှင်တို့သည် သတင်းဆက်သွယ်ရေး နည်းပညာလှိုင်း၏ အကျိုးဆက် ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ကာ ရာသီဥတုများဖောက်ပြန်မှုများ ကြုံရမည်ဟု ဟောကိန်းထုတ်ကာ ရေးသား ပြောဆိုခဲ့ဖူးသည်။

ဆိုလိုသည်မှာ သတင်းဆက်သွယ်ရေးနည်းပညာခေတ်တွင် နည်းပညာကို ကောင်းစွာအသုံးပြုမှုရှိသည့် တိုင်းပြည်များက အမှီလိုက်နိုင်သော်လည်း နည်းပညာဖွံ့ဖြိုးမှုနောက်ကျသည့် တစ်နည်းအားဖြင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်များက ခေတ်ကိုအမှီ လိုက်နိုင်ရန် မိမိတို့တိုင်းပြည်ရှိ သယံဇာတများကို ထုတ်ယူ၊ သုံးစွဲ၊ ရောင်းချ ခြင်းဖြင့် ကြိုးပမ်းရသည်။

အကျိုးဆက်အနေဖြင့် သစ်တောများ ပြုန်းတီးကာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာပြီး ရာသီဥတု ဖောက်ပြန်ခြင်းကို ကြုံတွေ့လာရမည်ဟု ပညာရှင်တို့က ပြောဆိုထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပညာရှင်များ ကြိုတင်ပြောဆိုထားသကဲ့သို့ လက်ရှိ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာကြီးသည် ပူနွေးလာသည် ထက် ပိုမိုပူပြင်းလာနေပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနေရပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီ ဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်မရှိဆုံး ၃နိုင်ငံတွင် ပါဝင်ကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ သိရ သည်။

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု အခြေအနေကို ပြန်ကြည့်လျှင် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုး မွေးမြူရေးအဖွဲ့အစည်း၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း သစ်တော ၁၉%(ရာခိုင်နှုန်း) ၇,၄၄၅,၀၀၀ ဟတ်တာ (၂၈,၇၅၀ စတုရန်းမိုင်) ဆုံးရှုံးခဲ့သည်။

ထို့အပြင် သစ်တောလွှမ်းမိုးမှုအနေဖြင့် လွတ်လပ်ရေး မရမှီအချိန်က ၇၀%(ရာခိုင်နှုန်း)ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ၄၂ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း၊ သစ်တောများ ပြုန်းတီးရခြင်း အကြောင်းရင်းမှာ တရားဝင် နှင့် တရားမဝင် သစ်ထုတ်လုပ်မှုများ၊ မြို့ပြ ချဲ့ထွင်မှု၊ စိုက်ပျိုးမြေများ တိုးချဲ့လာမှုတို့ကြောင့်ဖြစ်သည်ဟု ကုလက အစီရင်ခံစာထားသည်။

သစ်ထုတ်လုပ်ခြင်းများနှင့် ပတ်သက်၍ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများက လုပ်ဆောင်သည်ဟု စစ်အစိုးရအဆက်ဆက် စွပ်စွဲ ပြောဆိုလေ့ရှိသည်။ သို့သော် နိုင်ငံအတွင်း သစ်တော်လွှမ်းခြုံမှုအများစုမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO)များ ထိန်းချုပ်ထားသည့်ဒေသများတွင်သာ ဖြစ်သည်။

မိမိတို့ ကရင်လူမျိုးများ၏ ရှင်သန်လှုပ်ရှားမှု သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျင် သစ်တောနှင့် မည်သို့မျှ ကင်းကွာ၍ မရကြောင်း အထူးပြောစရာလိုမည်မဟုတ်။ တောတောင်အတွင်းသာ အခြေချနေထိုင်ခဲ့သလို စားဝတ်နေရေး၊ ဘဝရှင်သန်ရေး၊ ရိုးရာယဉ်ကျေးမှု စသည့်ကဏ္ဌစုံတို့တွင် သစ်တောသည်သာ အဓိက အသက်သွေးကြောပမာ ဖြစ်သည်။ “သစ်ငုတ်လည်းဆွေး ကရင်လည်းပြေး” ဟုသည့် ဆိုရိုးစကားလည်း ပြောစမှတ်တွင်သည်အထိ ဖြစ်ခဲ့သည်။

ကေအဲန်ယူ၊ သစ်တောဌာနအနေဖြင့်လည်း ယခင်ကာလကတည်းက သစ်တောထိန်းသိမ်းရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီး တရားဝင် သစ်ပင်စိုက်လအဖြစ် ဇူလိုင်လတစ်လလုံး ကော်သူးလေ ဒေသအသီးသီးတွင် အကောင်အထည်ဖော်ခဲ့သည်။ သစ်တောသည် မိမိတို့ နေ့စဉ်လူမှုဘ၀များနှင့် တိုက်ရိုက်ပတ်သက်နေသည် ဖြစ်ပေရာ နောင်မျိုးဆက်များ ရှင်သန်နိုင်ရေးအတွက်လည်း အဓိကဖြစ်ရာ သဘာ၀ပတ်ဝန်းကျင်ကို အကျိုး ဖြစ်စေသည့် နှစ်တိုနှစ်ရှည် သစ်ပင်များကို အတူတကွ ဝိုင်းဝန်းစိုက်ပျိုးကြရန် တိုက်တွန်းလိုပါသည်။