Home သတင်း မြစ်ရေလျှံတက်လာမှုကြောင့် ဗန်းမော်နှင့် ရွှေကူ ဒေသခံသောင်းချီ ရေဘေးတိမ်းရှောင်နေရ

မြစ်ရေလျှံတက်လာမှုကြောင့် ဗန်းမော်နှင့် ရွှေကူ ဒေသခံသောင်းချီ ရေဘေးတိမ်းရှောင်နေရ

832
Photo: CJ

ဇူလိုင် ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် လျှံတက်လာသောကြောင့် ဗန်းမော်မြို့နှင့် ရွှေကူမြို့နယ်ရှိ ဒေသခံသောင်းနှင့်ချီပြီး ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း နေထိုင်နေရကြောင်း မြို့နေဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမအပတ်မှစတင်ပြီး မြင့်တက်လာသည့် ဧရာဝတီမြစ်ရေကြောင့် ဗန်းမော်မြို့ရှိ မြေနိမ့်ပိုင်းများဖြစ်သော ခွန်သာ၊ တပ်ကလေး၊ မြေနုနှင့် လက်ပံတန်းစသည့် ရပ်ကွက်အများစုတွင် ရေစတင်နစ်မြှုပ်နေပြီး ရေကြီးရေလျှံ မှုများနှင့် ကြုံတွေ့နေရကြောင်း မြို့နေဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “ရေကဒီလထဲမှာ ပိုပြီးများလာတယ်။ တချို့ရပ်ကွက်တွေဆိုရင် ပိတ်မိနေတဲ့ ဒေသခံတွေ တောင်ရှိတယ်။ ကယ်ဆယ်ရေးတွေလည်း တတ်နိုင်သလောက် ကြိုးစားနေကြတယ်။ ဒါပေမဲ့သူ တို့လည်း မောပြီးပေါ့။ နီးစပ်ရာ မြင့်တဲ့ဘုန်းကြီးကျောင်းတွေ မှာရှောင်နေကြရတာတော့ရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဗန်းမော်မြို့တွင် စိုးရိမ်ရေမှတ်လေးပေအထိရှိနေသည့်အပြင် ဗန်းမော်မြို့ အောက် ဘက်ပိုင်းဖြစ်သည့် ရွှေကူမြို့နယ်တွင်လည်း စိုးရိမ်ရေမှတ် သုံးပေအထက်ထိ ရောက်ရှိနေကြောင်း၊ ကယ်ဆယ်ရေးစခန်းတချို့ဖွင့်လှစ်ထားပြီး နေရာချထားနိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိနေကြာင်း လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

Photo: CJ

“ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတယ်။ နောက်ပြီးတော့ မြို့ထဲမှာ ပိတ်မိနိုင်တဲ့ နေရာတွေမှာ ကယ်ဆယ်မှုတွေလုပ်နေရတယ်။ အခုက ကားလမ်းမကြီး တွေကော အဓိကနေရာတွေ မြှုပ်ကုန်တော့ သွားရလာရတာ အခက်အခဲတော့ရှိတယ်။ စက်လှေနဲ့ဆိုတော့ စက်ဆီတွေလိုအပ်နေတယ်။ ပြီးတော့ ရေဘေးရှောင်သူတွေအတွက် အစားအသောက်လည်း လတ်တလောလိုအပ်နေတာရှိတယ်။”ဟု ၎င်း လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူက ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှ စတင်ပြီး မေခမြစ်၊ မလိခမြစ်နှင့် ဧရာ၀တီမြစ်ရေကြီးမှုကြောင့် မြစ်ကြီး နားမြို့အပါအဝင် မြစ်အထက်ပိုင်းရှိ မြို့နယ်အများစုတွင် ရေကြီးလျှံမှုများ ဆက်တိုက် ဖြစ်ပေါ် လျက်ရှိနေပြီး လူတစ်သောင်းထက်မနည်း ရွှေ့ပြောင်းနေထိုင်ရလျက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လျက်ရှိ နေပြီး ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်တို့တွင် စိုးရိမ်ရေမှတ်အထက်ရှိနေကာ နောက်လာမည့် ရက်ပိုင်းအတွင်း မိုးများနိုင်သောကြောင့် ချင်းတွင်းမြစ်ရေသည် ဆက်လက် မြင့်တက်လာနိုင်ကြောင်း ဒေသတွင်း သတင်းမီဒီယာများနှင့် မိုးလေဝသသုံးသပ်သူများ၏ ပြောဆိုချက်များအရ သိရသည်။