ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တော်လတီကျေးရွာနှင့် အနိမ့်ပိုင်းဒေသများရှိ လယ်များအတွင်း ရွှေခရု (Golden Apple Snail) များ ဝင်ရောက်ဖျက်ဆီးသောကြောင့် မိုးစပါးစိုက်ခင်းများစွာ ပျက်စီးလျက်ရှိသည်ဟု ဒေသခံလယ်စိုက် တောင်သူများထံမှ သိရသည်။
ရေဝပ်သော အနိမ့်ဒေသများတွင် ရွှေခရုများ ပိုမိုဝင်ရောက်ဖျက်ဆီးပြီး ပိုးသတ်ဆေး (ခရုသတ်ဆေး) များ သုံးသော်လည်း ခဏသာရပြီး မနှိမ်နင်းနိုင် ဖြစ်နေသည်ဟု သိရသည်။ ထိုဒေသအတွင်းရှိ လယ်စိုက်ကွင်းတစ်ခုလုံးတွင် ရွှေခရုများရှိနေပြီး လယ်ဧက ရာဂဏန်းနီးပါး ၎င်းရန်ကို ရင်ဆိုင်နေကြရသည်ဟု တောင်သူများက ဆိုသည်။
“ဒီဒေသမှာ ဒီကောင်တွေ ဖျက်နေတာ လယ်ဧကတော်တော်များများကုန်နေပြီ။ မနည်းတော့ဘူး။ လယ် ဧက ရာကျော်တယ်။ မျိုးပွားနှုန်းကလည်း မြန်မာခရုတွေထက် မြန်တဲ့အတွက် ပြီးခဲ့နှစ်တွေထက် ပိုများလာပြီး ပိုပိုဆိုးလာတယ်” ဟု လယ်ယာစိုက်တောင်သူတစ်ဦးက ပြောသည်။
အဆိုပါဒေသများတွင် မြစ်ချောင်းများ ပေါများပြီး မိုးများသော အချိန်များတွင် ရေသွင်း၊ ရေထုတ် ခက်ခဲ သော အနိမ့်ပိုင်းဒေသများ၌ ရွှေခရုများ နှစ်စဉ်ကျရောက်ကာ စပါးများကို ဖျက်ဆီးလျက်ရှိသည်။ ထိုခရုများ ဝင်ရောက်ဖျက်ဆီးပြီဆိုလျှင် လယ်တစ်ကွင်းလုံး တစ်ခုမျှ အဖတ်ဆယ်မရသည်အထိ ပျက်စီးလေ့ရှိသည်ဟု လယ်ယာစိုက်ပျိုးသူတစ်ဦးက ပြောသည်။
“လယ်ကွင်းထဲ ရေလေး နည်းနည်းဝင်တာနဲ့ အဲဒီရွှေခရုတွေက ကြဲကာစအပင်ပေါက်တွေကို ဝင်ကိုက်ဖျက်ဆီးတာ။ ပြောင်အောင် ကိုက်တယ်။ ကြွက်ထက်တောင် ဆိုးတယ်။ ကြွက်ဝင်တာကမှ နည်းနည်း ချန်သေးတယ်။ အဲဒီခရုတွေက သူတို့ ဝင်သွားတဲ့ လယ်ဆိုရင် တကွင်းလုံး တစ်ပင်မှ မကျန်အောင်ကို ဝင်ကိုက်တာ” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ရွှေခရုဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝှမ်းလုံးရှိ လယ်ဧက တစ်သောင်းကျော် ပျက်စီးခဲ့ရသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။ ၎င်းရွှေခရုများသည် ဒေသမျိုးရင်း မဟုတ်ဘဲ ပြည်ပမှ ဝင်ရောက်လာသည့် ကျူး ကျော်မျိုးစိတ် တစ်ခုဖြစ်ပြီး စပါးအထွက်နှုန်း လျော့ကျကာ တောင်သူဦးကြီးများ၏ အကျိုးစီးပွားကို ထိခိုက်အောင်ဖျက်ဆီးလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ပြည့်လုနီးပါးရှိခဲ့ပြီဖြစ်သည်။
ယခုအချိန်တွင်လည်း လယ်သမားများမှာ ၎င်းတို့ ရန်ကို ရင်ဆိုင်နေရပြီး စပါးစိုက်ပျိုးရန် အခက်တွေ့ နေကြောင်း သိရသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ခရုများကြောင့် မိုးစပါးအ ထွက်နှုန်းနည်းသည့်အတွက် နွေစပါးကိုသာ အဓိကထားစိုက်ပျိုးနေရကြောင်း ဒေသခံလယ်သမားများက ဆိုသည်။
စပါးစိုက်လယ်သမားတစ်ဦးက “အဲဒီကောင်တွေက တော်တော် ဆိုးတယ်။ အပင်ပေါက်တွေကို အကုန် ကိုက်ဖျက်ပစ်တာ၊ သူတို့ ဝင်တဲ့ အချိန်ဆို ၄ ဧက၊ ၅ ဧကတောင်ပဲ သူတို့ ဝင်ရင် နှစ်ရက်၊ သုံးရက်အတွင်းမှာ တစ်ပင်မှ မကျန်တော့ဘူး။ စပါးကို အသစ်ပြန်ကြဲရတယ်၊ အသစ်စိုက်ရတဲ့အထိ လယ်သမားတွေမှာ ဒုက္ခရောက်ရတယ်” ဟု ပြောသည်။
ရွှေခရုများ၏ ရန်များကြောင့် ယခုနှစ်တွင် အချိန်မီ စပါး ပြန်စိုက်ပျိုးရန်ခက်ခဲပြီး မိုးစပါးကို မစိုက်တော့သည့် လယ်သမားများရှိသလို တချို့လယ်စိုက်ပျိုးသူများက ရေမဝပ်သည့် နေရာများတွင် အပင်ပျိုးထောင်ပြီးမှသာလျှင် စိုက်ပျိုးနေကြရသည်ဟုလည်း ဒေသခံလယ်သမားများ ကဆိုသည်။
“ရွှေခရုတွေက ရေရှိတဲ့ နေရာမှာပဲ ဝင်စားတာ များတယ်။ ပြီးတော့ အပင်ရင့်သွားတဲ့ စပါးပင်တွေကို မစားတော့ဘူး။ အဲဒါကြောင့် တချို့ရေလွှတ်လို့ရတဲ့ နေရာတွေဆို ရေကုန်အောင် ဖောက်ထုတ်ရတယ်။ တချို့တောင်သူတွေကတော့ အပင်ကို အရင်ပျိုးပြီးမှ ပြန်စိုက်ရတာ ရှိတယ်။ တချို့ကတော့ ဆောင်းစပါးကိုပဲ စောင့်ပြီး စိုက်ဖို့ လုပ်ကြတယ်” ဟု စပါးစိုက်လယ်သမားတစ်ဦးက ပြောသည်။
ထိုသို့သော အခြေအနေရှိသည့် ရွှေခရုများမှာ ထိုင်ဝမ်မှ ၁၉၈၂ တွင် ဖိလစ်ပိုင်သို့ ပင်လယ်စာအဖြစ် ရောက်လာပြီး ယင်းမှတစ်ဆင့် ဗီယက်နမ် ဒါနန်းဆိပ်ကမ်း၊ ဗီယက်နမ်မှ ကုန်းတွင်းပိုင်း လာအို၊ ထိုင်း အစရှိသည့် နိုင်ငံများသို့ အဆင့်ဆင့် သယ်ဆောင်စားသောက်ခဲ့ကြသည်။ သဘာဝအလျောက် ရောက်ရှိ လာခြင်းမျိုး မဟုတ်ဘဲ လူတို့ သယ်ဆောင်ရာမှတစ်ဆင့် ရောက်လာပြီး ၁၉၈၆ တွင် အဖျက်ပိုးအဖြစ် စတင်သိရှိခဲ့ရသည်။ မြန်မာပြည်တွင်းသို့ ရွှေခရု ရောက်လာချိန်မှာလည်း အရှေ့ပိုင်းကျသော နယ်မြေ၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်များသို့ ဦးစွာ ရောက်လာခြင်းဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။



















