နိုင်ငံကြီးတွေရဲ့ ပါဝင်စွက်ဖက်မှုကို ဘယ်လိုရင်ဆိုင်ကြမလဲ
မောင်ကျော်စွာ
(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)
ယနေ့ကမ္ဘာကြီးမှာ စီးပွားရေး – စစ်ရေး – နည်းပညာသာလွန်တဲ့ နိုင်ငံကြီးတွေရဲ့ တစ်နည်းမဟုတ် တစ် နည်း ပါဝင်စွက်ဖက်မှုနဲ့ ကင်းလွတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အဲဒီလို ပါဝင်စွက်ဖက်မှုကို အခြေခံ အားဖြင့် အမေရိကန်နည်းလမ်းနဲ့ တရုတ်နည်းလမ်းလို့ပဲ ခွဲခြားကြည့်ချင်ပါတယ်။
အမေရိကန်နည်းလမ်းတွေထဲမှာတော့ စစ်တပ်နဲ့ ကျူးကျော်ဝင်ရောက် တိုက်ခိုက်တဲ့နည်းကိုပါ ကျင့်သုံးလေ့ ရှိပေမယ့် တရုတ်ရဲ့နည်းလမ်းမှာတော့ စစ်တပ်နဲ့ ဝင်ရောက်တဲ့နည်းကို မတွေ့မြင်ရသေးပါဘူး။ ထို့အတူ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တဲ့နည်း (sanctions) ဆိုတာကို အမေရိကန်က ကျင့်သုံးလေ့ရှိသော်လည်း တရုတ်က အခြားနိုင်ငံ တွေအပေါ်မှာ အဲဒီနည်းလမ်းကျင့်သုံးတာမျိုး လက်တွေ့မှာ မတွေ့မမြင်မိသေးပါဘူး။ အမေရိကန်နဲ့ တရုတ် ၂နိုင်ငံရဲ့ အဲဒီလို ပါဝင်စွက်ဖက်တဲ့ ကိုယ်စီကိုယ်ပိုင်နည်းလမ်းတွေဟာ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂ စင်မြင့် သို့မဟုတ် လုံခြုံ ရေးကောင်စီစားပွဲပေါ် မှာ ထိပ်တိုက် တွေ့တတ်ကြစမြဲဖြစ်ပါတယ်။
အဲဒီလိုနည်းလမ်း ၂သွယ်ကို အကြောင်းပြုပြီး သက်ဆိုင်ရာတိုင်းပြည်ထဲက နိုင်ငံရေးအင်အားစုတွေ အကြား မှာလည်း အုပ်စု ၂စုသဖွယ် ကွဲသွားတတ်ပါတယ်။ အမေရိကန်လိုလားတဲ့အုပ်စုနဲ့ တရုတ်လိုလားတဲ့ အုပ်စု စသဖြင့်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခြေခံအားဖြင့် ညီညွတ်ငြိမ်းချမ်းနေတဲ့ တိုင်းပြည်တစ်ပြည်မှာ အမေရိကန်နည်းလမ်းနဲ့ တရုတ်နည်းလမ်းကို ရွေးချယ်ကြတဲ့အခါ ဖြစ်ပွားတတ်တဲ့ အငြင်းပွားမှုနဲ့ အမျိုးသား သွေးစည်းညီညွတ်မှုပြိုကွဲပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်မျိုးမှာဖြစ်ပွားတတ်တဲ့ အငြင်းပွားမှုဟာ အတိုင်းအတာနဲ့ အကျိုးဆက်ခြင်း ဘယ် လိုမှ မတူညီနိုင်ပါဘူး။
အမျိုးသားသွေးစည်းညီညွတ်မှု ပြိုကွဲပြီး ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ တိုင်းပြည်တစ်ခုမှာ သက်ဆိုင်ရာ အုပ် စိုးသူအစိုးရကို အမေရိကန်က ကူညီသည်ဖြစ်စေ – တရုတ်က ကူညီသည်ဖြစ်စေ အဲဒီကူညီမှုကို အဲဒီတိုင်းပြည်က အုပ်စိုးသူအစိုးရကို ပုန်ကန်ခြားနားတော်လှန်နေတဲ့ နိုင်ငံရေးပါတီနဲ့ အင်အားစုတွေက ဘယ်နည်းနဲ့မှ ကြည်ဖြူကြမှာ မဟုတ်ပါဘူး၊ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြမှာပါပဲ။ တစ်နည်းအားဖြင့် အဲဒီကူညီမှုတွေ ဟာ သက်ဆိုင်ရာတိုင်းပြည်ရဲ့ ရှိမြဲရှိဆဲပဋိပက္ခကို ပိုမိုသဲသန်နက်ရှိုင်းစွာ ကြာရှည်စွာ လောင်ကျွမ်းစေနိုင်ပါတယ်။
ဘေးကျပ်နံကျပ်ပေါင်းစုံ ရင်ဆိုင်နေရတဲ့ အုပ်စိုးသူအစိုးရကလည်း ပြည်ပအကူအညီ (ရုပ်ဝတ္တုနဲ့ စိတ်ဓာတ်) ကို ရနိုင်တဲ့နိုင်ငံကနေ ယူမှာပါပဲ။ ထို့အတူ ပုန်ကန်ခြားနားတော်လှန်နေတဲ့ အင်အားစုတွေကလည်း သူတို့ကို စာနာ ထောက်ခံမယ့် တိုင်းပြည်တွေက အကူအညီ (ရုပ်ဝတ္တုနဲ့စိတ်ဓာတ်) ကို ရယူကြမှာ မလွဲပါ။
“ရုပ်ဝတ္တု” ဆိုတာမှာ အဓိကအားဖြင့် ငွေကြေး၊ လက်နက်ခဲယမ်း၊ တည်ဆောက်ဖွံ့ဖြိုးရေး စတာတွေ ပါဝင် ပြီး “စိတ်ဓာတ်” ဆိုတာမှာတော့ မိမိဘက်က ရပ်တည်ပြီး နိုင်ငံရေးအရ အားပေးထောက်ခံမှုကို ဆိုလိုတာပါ။
နောက်တစ်ချက် ကမ္ဘာ့နိုင်ငံတွေဟာ လက်ရှိအာဏာရယူထားတဲ့ (ပုံစံအမျိုးမျိုးနဲ့ အာဏာရရှိ/ရယူထားတဲ့) အုပ်စိုးသူအစိုးရတွေနဲ့သာ အဓိကအားဖြင့် ဆက်ဆံလေ့ရှိကြပါတယ်။ ဒါကလည်း ဒီနေ့ရှိနေတဲ့ ကုလသမဂ္ဂက ချမှတ် ထားတဲ့မူတွေနဲ့အညီ ဆက်ဆံကြရတာပါလို့ ဆိုကြမှာပါပဲ။ သို့သော်လည်း အခြားတစ်ဖက်မှာတော့ အဲဒီအုပ်စိုးသူ အစိုးရကို ပုန်ကန်ဆန့်ကျင် တော်လှန်နေတဲ့ အင်အားစုတွေနဲ့လည်း နည်းလမ်းတွေ အမျိုးမျိုးသုံးပြီး (တရားဝင် မဟုတ်သော်လည်း) ဆက်ဆံမှုတွေ ထားရှိတတ်ပါတယ်။ “အကူအညီ”ပေးတတ်ကြပါတယ်။
ဒီတော့ ကျနော်တို့ဟာ နိုင်ငံကြီးတွေနဲ့ အုပ်စိုးသူအကြားက ဆက်ဆံရေးတွေကို ဘယ်လိုကြည့်မြင်ပြီး ဘယ် လို သဘောထားကြမလဲ။ လက်ရှိအုပ်စိုးသူအစိုးရတွေကလည်း သူတို့အာဏာတည်တံ့ခိုင်မြဲရေးအတွက် ပြည်ပနိုင်ငံ ကြီးတွေရဲ့ အကူအညီမျိုးစုံနဲ့ အားပေးထောက်ခံမှုတွေကို ရယူချင်ကြသလို လက်ရှိအုပ်စိုးသူအစိုးရကို ပုန်ကန်ဆန့် ကျင်တော်လှန်နေကြတဲ့ ကျနော်တို့အင်အားစုတွေကလည်း တော်လှန်ရေး မြန်မြန်အောင်ပွဲခံနိုင်ဖို့ ပြည်ပတိုင်းပြည် တွေရဲ့ အကူအညီမျိုးစုံနဲ့ အားပေးထောက်ခံမှုတွေကို ရယူချင်တာပါပဲ။
ဒီနေရာမှာ ကျနော်တို့တိုင်းပြည်ရဲ့ လက်တွေ့ပြဿနာကို တင်ကြည့်မယ်ဆိုရင် အုပ်စိုးသူ (စကစ) စစ်အုပ်စု ဟာ ဘယ်တုန်းက အနေအထားနဲ့မတူအောင် ပြည်တွင်းပြည်ပ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်တိုးနေပါတယ်။ ဒီလို ပြည်တွင်းပြည်ပ အကျပ်အတည်းမျိုးစုံကနေ ထွက်ပေါက်ရဖို့ ပြည်ပအကူအညီရဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစား နေပါတယ်။
အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ (တရုတ်၊ အိန္ဒိယ၊ ထိုင်း)တို့ရဲ့ အကူအညီကို လိုချင်နေတာပါ။ အမေရိကန် ဆီကလည်း အကူအညီလိုချင်ပါတယ်။ ရုရှဆီကရသော်လည်း သူ့အတွက် ထင်သလောက်အကျိုးရှိပုံမရပါဘူး။ သူတို့ တကယ်လိုချင်တဲ့အကူအညီက အမေရိကန်နဲ့ တရုတ်ဆီကလို့ပဲ ထင်ပါတယ်။
(စကစ)စစ်အုပ်စုက ရွေးထားတဲ့ “ရွေးကောက်ပွဲ” ဆိုတဲ့ ထွက်ပေါက်ကလည်း ကမ်းမမြင် လမ်းမမြင် ဖြစ်နေ တာပါ။ မဲစာရင်း မှန်မှန်ကန်ကန်ရရှိဖို့ ပထမခြေလှမ်းဖြစ်တဲ့ တတိုင်းတပြည်လုံး သန်းခေါင်စာရင်း ကောက်ယူဖို့ဆို တာမှာပဲ အခက်အခဲတွေမျိုးစုံနဲ့ တိုးနေတာမဟုတ်ပါလား။ ရခိုင်ပြည်နယ်မှာ ရှမ်းပြည်နယ်မှာ စစ်ကိုင်းတိုင်းမှာ ကယားပြည်နယ် ကရင်ပြည်နယ်မှာ ကချင်ပြည်နယ်မှာ ချင်းပြည်နယ်မှာ ဘယ်လိုသန်းခေါင် စာရင်းကောက်ယူကြမ လဲ။ အခြေအနေမဟန်လို့ ၆လ အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ပေမယ့် တိုးလာသမျှ သက်တမ်းတွေသာ ထပ်ထပ်လာ တယ်။ အကျပ်အတည်းတွေက လျှော့နည်းကျဆင်းမသွားဘဲ အခုလတ်တလော ဧရာဝတီမြစ်ရေတိုးလာသလို ရေစုံ မီးစုံ ပတ်လည်ဝိုင်းလာနေတယ် မဟုတ်ပါလား။
နယ်မြေတည်ငြိမ်အေးချမ်းဖို့ဆိုတာကတော့ မလွယ်ပါဘူး။ အခုပဲ ရှမ်းပြည်နယ်ထဲက ၁၀၂၇ စစ်ဆင် ရေးရဲ့ ဒုတိယလှိုင်း အဆက်က မန္တလေးတိုင်း မတ္တရာနဲ့ မိုးကုတ်ကို ခြိမ်းခြောက်နေပြီ မဟုတ်ပါလား။ မြောက်ပိုင်း ရှမ်းပြည် နယ်ရဲ့ အထင်ကရမြို့ကြီး လားရှိုးဟာ လှုပ်လှုပ်ရွရွဖြစ်နေတယ် မဟုတ်ပါလား။
အကယ်၍သာ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေဟာ အခု ဆင်နွှဲနေတဲ့ ရှမ်းပြည် နယ်နဲ့ မန္တလေးတိုင်းက တိုက်ပွဲတွေ ချိန်ကိုက်ဆက်စပ် တိုက်ပွဲဆင်လာကြမယ်ဆိုရင် (စကစ)စစ်အုပ်စုရဲ့ စစ်ရေး အနေအထားဟာ အခုထက်ပိုပြီး ဆိုးဆိုးဝါးဝါး ဘေးကျပ်နံကျပ်ဆိုက်သွားမှာ သေချာပါတယ်။
ဒီလိုဖြစ်ရပ်တွေ၊ ဖြစ်စဉ်တွေနဲ့ ရှေ့ဆင့်နောက်ဆင့်လို့ ဆိုရမလား တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရမလား မသိပါဘူး။ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဉ် (ဇွန် ၂၇ မှ ဇွန် ၃၀ ထိ) နဲ့ (စကစ) စစ်အုပ်စု ဒုဥက္ကဋ္ဌနဲ့ ဒုဝန်ကြီးချုပ် ဗိုလ်စိုးဝင်းရဲ့ တရုတ်ပြည်ခရီးစဉ် (ဇူလိုင် ၆မှ ဇူလိုင် ၉ထိ)တို့ဟာ အများသူငါ အာရုံစိုက်စရာ စိတ်ဝင် စားစရာ ဖြစ်လာပါတယ်။ ထင်ကြေးနဲ့ သုံးသပ်မှုတွေကလည်း အမျိုးစုံ ပေါ်ထွက်လာနေပါတယ်။
မြန်မာ့အရေးကို အမေရိကန်နဲ့ တရုတ် အပါအဝင် အိမ်နီးချင်းတွေက ဦးတည်ချက်အဖုံဖုံ ရည်မှန်းချက် အမျိုးမျိုးနဲ့ ပြေလည်စေချင်ကြတာကိုတော့ ကျနော်တို့ သိရှိ နားလည်ပါတယ်။ ထို့အပြင် အမေရိကန်နဲ့ တရုတ် အပါ အဝင် အိမ်နီးချင်းတွေက အတိုင်းအတာအမျိုးမျိုး နည်းလမ်းအစုံအလင်နဲ့ (တိုက်ရိုက်/တဆ့င်ခံသွယ်ဝိုက်-ဗြောင်/ လျှို့ဝှက် စဖြင့်) ပါဝင်နေကြတာကိုလည်း သိရှိထားကြပါတယ်။
ဘယ်လိုခြေလှမ်း – ဘယ်လိုအပေးအယူတွေ ရှိကြမယ်ဆိုတာတော့ တိတိကျကျ ကျနော်တို့ လက်လှမ်းမီဖို့ ခက်ပါတယ်။ ဒါကြောင့် တစွန်းတစ ပေါက်ထွက်လာတဲ့ သို့မဟုတ် တမင်တကာ ဖောက်ချပေးလိုက်တဲ့ အချက်အ လက်တချို့ကိုကြည့်ပြီး ထင်ကြေးနဲ့ ခန့်မှန်းနေကြရတာလည်း ဖြစ်နိုင်ပါတယ်။
ဆောင်းပါးအစမှာ တင်ပြခဲ့သလိုပါပဲ။ “အမေရိကန်နည်းလမ်း”မို့ မျက်စိမှိတ် ဆန့်ကျင်မယ် သို့မဟုတ် မျက်စိ မှိတ်ထောက်ခံမယ်။ “တရုတ်နည်းလမ်း”မို့ မျက်စိမှတ်ထောက်ခံမယ် သို့မဟုတ် မျက်စိမှိတ် ဆန့်ကျင်မယ်ဆိုတဲ့ တစ်ဖက်သတ် တစ်ကြောင်းတိုက် စဉ်းစားမှုမျိုး သဘောထားပုံမျိုး ကျနော်တို့မှာ မရှိသင့်ပါဘူး။
ဘယ်တိုင်းပြည်ရဲ့ အဆိုပြုချက်နဲ့ ဖြေရှင်းရေးနည်းလမ်းကိုမဆို ကျနော်တို့ဟာ နားနဲ့မျက်စေ့ကို အစွမ်းကုန် ဖွင့်ပြီး လက်လှမ်းမီသမျှ အချက်အလက်တွေကို ကောက်ယူစိစစ်ပြီး အကြောင်းနဲ့အကျိုး အဆိုးနဲ့အကောင်းကို ဆန်း စစ်ကြရမှာပါ။
အမေရိကန် – တရုတ် ဘယ်တိုင်းပြည်ရဲ့ အဆိုပြုချက်နဲ့ ဖြေရှင်းရေးနည်းလမ်းပဲ ဖြစ်နေပါစေ ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံပြည်သူများရဲ့ ရေတိုရေရှည်အကျိုးစီးပွား၊ လက်ရှိဆင်နွှဲနေတဲ့ လက်နက်ကိုင်တော်လှန် ရေးကို အတိုင်းအတာ ဘယ်လောက်အထိ အကျိုးရှိနိုင်မလဲ – အတိုင်းအတာ ဘယ်လောက်အထိ ထိခိုက်နစ်နာစေနိုင် သလဲ ဆိုတဲ့ပေတံနဲ့ မလွဲမသွေ တိုင်းတာကြည့်ပြီးတော့မှ အဲဒီအဆိုပြုချက် သို့မဟုတ် ဖြေရှင်းရေးနည်းလမ်းကို (အလုံးစုံ သို့မဟုတ် တစိတ်တပိုင်း)ကို ဆန့်ကျင်တာ/ထောက်ခံတာ ပြုလုပ်ကြရမှာပါ။ ဒီလိုမှ မဟုတ်ဘဲ အလုံးစုံ ဆန့် ကျင်မယ် – သိမ်းကျုံးထောက်ခံမယ်ဆိုတာမျိုး လုပ်လို့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
အမေရိကန် သို့မဟုတ် တရုတ် သို့မဟုတ် အခြားဘယ်တိုင်းပြည်က အဆိုပြုတဲ့ ဖြေရှင်းရေးနည်းလမ်းကို မဆို ကြည့်မြင်သုံးသပ် အကဲခတ်ရာမှာ ကျနော်တို့အင်အားစုများရဲ့ တန်းတူရည်တူညှိနှိုင်းနိုင်တဲ့ အချက်အလက်၊ အပေးအယူလုပ်နိုင်တဲ့ အချက်အလက်တွေရှိသလို ဘယ်လိုမှ အပေးအယူမလုပ်နိုင်တဲ့ အချက်အလက် တချို့ရှိတယ် ဆိုတာကိုလည်း အတိအလင်း အသိပေးကြေညာထားဖို့ လိုအပ်ပါတယ်။
လတ်တလောအားဖြင့်တော့ (ဘယ်လိုမှ အပေးအယူမလုပ်နိုင်တဲ့) အောက်ပါ အချက်အလက် ၂ခုကို တင်ပြ ထားဖို့ ကျနော်တို့အင်အားစုများဘက်က စွဲကိုင်ထားဖို့ လိုအပ်လိမ့်မယ်လို့ မြင်ပါတယ်။
ပထမတစ်ခုက “နိုင်ငံရေး – စီးပွားရေး – တပ်မတော်” နယ်ပယ်သုံးရပ်ကို အုပ်စုတစ်စု (ဝါ) လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က စိတ်ကြိုက်ခြယ်လှယ် အုပ်စီးထားတာကို ဘယ်လိုအကြောင်းအချက်နဲ့မှ လက်မခံနိုင်ပါ။
ဒုတိယအချက်က “၂၀၀၈ အခြေခံဥပဒေ” လုံးဝ ဖျက်သိမ်းပစ်ရပါမယ်။
ကျနော်တို့ဟာ ကမ္ဘာပေါ်က ဘယ်တိုင်းပြည်ကိုမဆို အစဉ်သဖြင့် ထောက်ခံအစဉ်သဖြင့် ကန့်ကွက်နေလို့ မဖြစ်ပါဘူး။ ဒီသဘောထားပုံဟာ အချိန်နဲ့အမျှ အမျိုးမျိုး၊ အဖုံဖုံ ပြောင်းလဲနေတဲ့ နှစ်နိုင်ငံနဲ့ နိုင်ငံတကာ ဆက်ဆံရေး နယ်မှာ ဘယ်လိုမှ လက်တွေ့မကျနိုင်ပါဘူး။ ကမ္ဘာပေါ်က တိုင်းပြည်တိုင်းနဲ့ တန်းတူရည်တူ ဆက်ဆံကြရမှာပါ။
ရုတ်တရက် ရှောင်တခင် ဖြစ်ပေါ်လာတတ်တဲ့ နိုင်ငံတကာနဲ့ဒေသတွင်း ဖြစ်ရပ်တစ်ခုခြင်း၊ အခြေအနေတစ်ခု ခြင်း၊ ကိစ္စတစ်ခုခြင်း၊ အကြောင်းချင်းရာတစ်ခုချင်းရဲ့ အခိုင်အမာ၊ အချက်အလက်အပေါ် မူတည်ပြီး တိုင်းပြည်နဲ့ ပြည်သူရဲ့ ရေတိုရေရှည်အကျိုးစီးပွား အထိုင်အပေါ်ကနေပဲ တည့်မတ်တည်ကြည်စွာ ရပ်တည်ပြီး ထောက်ခံတာ သို့မ ဟုတ် ကန့်ကွက်တာ သို့မဟုတ် လိုအပ်ရင် ကြားနေတာမျိုးနေကြရမှာပါ။ ကြက်ခေါင်းဆိတ်မခံ လုပ်နေတာမျိုးက လက်တွေ့မကျပါဘူး။
အုပ်စိုးသူကလည်း သူ့အာဏာတည်တံ့ခိုင်မြဲဖို့ ပြည်ပအကူအညီကို မျှော်မှန်းလက်ကမ်းသလို ကျနော်တို့က လည်း တိုင်းပြည်၊ ပြည်သူနဲ့ လက်ရှိတော်လှန်ရေးအကျိုးစီးပွားကို ရှည်ရှည်ဝေးဝေး မြော်မြင်ပြီး ပြည်ပနိုင်ငံတွေက ကျနော်တို့တိုင်းပြည်အရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေကို လက်တွေ့ကျကျ ကြည့်မြင်ဖို့၊ သုံးသပ်ဖို့ လိုအပ်သ လို တုန့်ပြန်ကြဖို့ လိုအပ်ပါတယ်။
# ဆောင်းပါးပါ သုံးသပ်ရေးသားချက်များသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။