Home တွေ့ဆုံမေးမြန်းခန်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WPP) တာဝန်ရှိသူ မဇူးဇူးမေယွန်းနှင့် ဆက်သွယ်မေးမြန်းချက်

နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WPP) တာဝန်ရှိသူ မဇူးဇူးမေယွန်းနှင့် ဆက်သွယ်မေးမြန်းချက်

785
Photo: WPP

နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (WPP) တာဝန်ရှိသူ မဇူးဇူးမေယွန်းနှင့် ဆက်သွယ်မေးမြန်းချက်

ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

“ဘယ်လောက်ထိ ခက်ခဲနေပါစေ ကျမတို့နိုင်ငံရေးအကျဥ်းသူတွေအတွက် ဆေးဝါးနဲ့အစား အသောက်အတွက် ရအောင်ပံ့ပိုးမှာပါ။” (WPP) တာဝန်ရှိသူ မဇူးဇူးမေယွန်

စစ်တပ်အာဏာသိမ်းယူလိုက်သည့်နေ့မှ ယခု ဇူလိုင်လ(၁၀)ရက်နေ့အထိ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော အမျိုးသမီးစုစုပေါင်း (၅,၅၈၆ )ဦးရှိနေကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(AAPP)၏ မှတ်တမ်းများအရ သိရသည်။

ထိုနိုင်ငံရေးအကျဥ်းသူများအတွက် ဆေးဝါး၊ အစားအသောက်လိုအပ်ချက်နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် လက်ရှိတဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးနေသော လူမှုအဖွဲ့ အစည်းများအနက် နိုင်ငံရေးအကျဥ်းသူများအဖွဲ့(WPP)သည်လည်း တစ်ဖွဲ့အပါအဝင်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးအကျဥ်းသူ(ဟောင်း)များဖြင့် ဖွဲ့စည်းထားသော WPP ၏ အကြောင်းနှင့်တကွ အကျဥ်းထောင် များအတွင်း နိုင်ငံရေးအမှုဖြင့် ထောင်ဒဏ်ကျခံနေရသူ အမျိုးသမီးများ အကျဥ်းသားအခွင့်အရေး၊ လူ့အခွင့် အရေးချိုးဖောက်ခံနေရမှု၊ ခွဲခြားဆက်ဆံခံရမှုများကို သိရှိနိုင်ရန် WPP ၏ တာဝန်ရှိသူ မဇူးဇူးမေယွန်းသို့ ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ WPP အဖွဲ့ကို ဘယ်အချိန်က စတင်တည်ထောင်ပြီး ဘာရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာလဲ၊ ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ဆောင်နေလဲဆိုတာလည်း ပြောပြပေးပါဦး။
ဖြေ။ ကျမတို့က ၂၀၂၃ ခုနှစ်၊ ၅ လပိုင်းမှာ ထောင်ကနေလွတ်မြောက်လာတဲ့သူတွေပါ။ ဘာလို့ဒီအဖွဲ့ကိုဖွဲ့ လဲဆိုတော့ ထောင်ထဲမှာ ကမ်းလာမယ့်လက်တွေကိုမျှော်နေကြတယ်။ ယောက်ျားကိုမတွေ့လို့ မိန်းမကို ဖမ်းလာတဲ့အခါမှာ မိန်းမကကိုယ်ဝန်ကြီးနဲ့ ထောင်ထဲမှာပဲမီးဖွားရတယ်။ လသားကလေးနဲ့ ထောင်ထဲရောက်လာတဲ့မိခင်တွေလည်း အများကြီး။ ကလေးကိုချန်ခဲ့ပြီးတော့ မိခင်ကိုထောင်ထဲဆွဲ ထည့်လိုက်တာမျိုး၊ စစ်ကြောရေးကိုပို့ဆောင်ခံရတာမျိုး ခံရတဲ့အချိန်မှာ ကျမတို့အချင်းချင်းပဲ ရပ်တည်လို့ရတယ်။ ထောင်ထဲကလွတ်မြောက်လာပေမယ့်လည်း စိတ်ကထောင်ထဲမှာပဲကျန်ခဲ့တယ်။ ဆိုတော့ ကျမတို့လွတ် မြောက်လာတဲ့အချိန်မှာ တိုင်ပင်ကြတယ် ။ ထောင်ထဲမှာ ကျန်ရှိနေတဲ့ ၅ ထောင်ကျော်သော နိုင်ငံရေး အကျဥ်းသူတွေကို ကိုယ်တတ်နိုင်တဲ့အားနဲ့ထောက်ပံ့ပေးဖို့ ဖွဲ့စည်းလိုက်တာပါ။

ဖွဲ့စည်းမှုကတော့ ၂၀၂၄ ခုနှစ်၊ ၁ လပိုင်း ၁၅ ရက်နေ့ဆိုပေမယ့် ၃ လပိုင်းမှာ WPP ဆိုပြီး ရုပ်လုံးပေါ်လာတယ်။ အဲဒီအချိန်မှာ ထောင်ထဲရှိတဲ့နိုင်ငံရေးအကျဥ်းသူတွေကို ဆေးဝါးတွေပံ့ပိုးနိုင်ခဲ့တယ်။ အပြင်မှာရှိတဲ့ သူတို့ မိဘတွေကိုလည်း အရေးပေါ်ဖြစ်ရင် ဆေးဝါးကုသမှုတွေ လုပ်ပေးနိုင်ခဲ့တယ်။ အခု ၆ လပိုင်းရောက် လာတဲ့အချိန်မှာ မီဒီယာအားရော၊ မိတ်ဖက်အဖွဲ့ရဲ့အင်အားနဲ့ရော WPP ဆိုပြီးသိလာတော့ လှူဒါန်းမှု တွေလေးတွေ ပိုလုပ်လာနိုင်တယ်။ ထောင်တွင်းက နိုင်ငံရေးအကျဥ်းသူ ၅ ထောင်ကျော်ထဲက ၅၀ လောက်ကို တစ်လစီ ပံ့ပိုးပေးလာနိုင်ခဲ့တယ်။ နိုင်ငံရေးအကျဥ်းသူတစ်ဦးကို ၅ သောင်း ပံ့ပိုးမယ်ဆိုရင် ကျမတို့တစ်ယောက်ကို ၅ ထောင်နှုန်းနဲ့ဆယ်ဦးကစုပြီးမှ တစ်ဦးကိုပို့နိုင်တာ။ အဲဒါမျိုး ရေရှည်တည်တံ့နိုင်အောင်လည်း ကြိုးစားနေတယ်။ တည်တံ့ဖို့ဆိုရင်လည်း ရန်ပုံငွေရှာရင် ဘယ်လိုရှာကြမလဲပေါ့ ဒီဘက်ရောက် လာတဲ့နိုင်ငံရေး အကျဥ်းသူဟောင်းတွေက ငါးပိကြော်တို့ဘာတို့လုပ်ရောင်းပြီးတော့လည်း ရန်ပုံ ငွေရှာနေတယ်။ မြတ်လာ တဲ့ငွေသည် အပြင်မှာရှိတဲ့သူတွေကိုလည်း ပံ့ပိုးနေသလို အထဲကိုလည်း ပံ့ပိုးနေတယ် ။ ဒီလိုမျိုးနဲ့ရန်ပုံငွေကတော့ ရှာဖွေနေပါတယ်။

မေး။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့က အကျဥ်းထောင်တွေမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေ ဘယ်နှစ်ဦးရှိပြီလဲ၊ WPP က ကောက်ခံထားတဲ့အချက်အလက်ရှိရင် သိပါရစေ။
ဖြေ။ ကျမတို့က စစ်တမ်းကောက်ယူတဲ့အဖွဲ့တော့မဟုတ်ဘူး။ ကျမတို့က အကျဥ်းထောင်ထဲကသူတွေ လွတ်မြောက်ဖို့ရယ်၊ သူတို့ရဲ့ကျန်းမာရေးနဲ့စားဝတ်နေရေးကို စောင့်ရှောက်နိုင်ဖို့၊ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသူမိခင်တွေနဲ့ကလေးတွေကို ပြန်လည်စောင့်ရှောက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာ ဖြစ်တယ်။ ဒါပေမဲ့ AAPP ရယ်၊ မိတ်ဖက်အဖွဲ့ တွေရဲ့စစ်တမ်းကောက်ယူမှုအရရယ် ပြီးတော့ ကျမတို့ အဖွဲ့ရဲ့ မြန်မာြပည်ကအကျဥ်းထောင်(၃၆)ခုမှာရှိနေတဲ့ ဒေတာကောက်ယူမှုအရ အကျဥ်းချဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဥ်းသူပေါင်း (၅,၀၀၀)ကျော်ရှိပါတယ်။ လူဦးရေအတိအကျကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးမှုတွေဖြစ်နေတဲ့အတွက် မသိရသေးပါဘူး။

မေး။ နိုင်ငံရေးအကျဥ်းသူတွေရဲ့ ထောင်တွေထဲမှာ နေထိုင်မှုဘဝပုံစံက အခြားအမှုနဲ့ အကျဥ်းသူတွေထက်စာရင် ဘယ်လောက်ထိကွာခြားမှုရှိသလဲ၊ ဘယ်လိုနေထိုင်ရသလဲ။
ဖြေ။ သူတို့က နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားဆိုတာနဲ့ထောင်ထဲမှာ အခြားအမှုနဲ့ ထောင်ကျ တဲ့သူတွေထက်စာရင် ဖိနှိပ်မယ် ချုပ်ခြယ်မယ် ဆိုပြီးရှိတယ်။ ကျမတို့အထဲမှာ ထောင်ကျခဲ့တုန်းကလည်း အဲ့လိုတွေရှိခဲ့တယ်။ ခွဲခြားခံရတာပေါ့၊ ကျမတို့ကိုအခြားအမှုကျသူတွေနဲ့ ရန်တိုက်ပေးတယ်။ ဆူပူမှုမဖြစ်ဖြစ် အောင် လုပ်တယ်။ အဲဒီလုပ်လို့ အဓိကရုဏ်းဖြစ်လာပြီဆိုရင် ထောင်အာဏာပိုင်ယောက်ျားသားတွေက ကျမတို့ကိုပဲ ဝင်လုံးတာမျိုး၊ ဒဏ်ရာရပြီဆိုရင်လည်း ဆေးဝါးကုသခွင့် မပေးတာမျိုးလုပ်တယ်။ ထောင်ထဲမှာ ရှာဖွေရေးလုပ်ပြီဆိုရင်လည်း သူများထက်စာရင် ကျမတို့နိုင်ငံရေးအကျဥ်းသူတွေကို နှိုက်နှိုက်ချွတ် ချွတ်ရှာဖွေတာမျိုးနဲ့ ကာယအိန္ဒြေပျက်ပြားအောင် လုပ် ဆောင်ကြတယ်။ အဓိကကတော့ ကျမတို့ရဲ့စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာကို အရှက်ခွဲတဲ့ပုံစံမျိုးနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေ ခံခဲ့ရပါတယ်။

အင်းစိန်၊ ကျိုက်မရော၊ ဒိုက်ဦး၊ သာယာဝတီ ပြောရရင် ဒီထောင်တွေကလည်း ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ခြယ်မှုတွေများခဲ့တော့ အဲဒီထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဥ်းသူတွေက ဆိုးဆိုး ဝါးဝါးခံစားနေရတယ်။ လက်ရှိ ကျိုက်မရောကနေ ဒိုက်ဦးထောင်ကို ထောင်ပြောင်းပို့ လိုက်တဲ့အနေအထားမှာ အမျိုးသမီးတွေကို အာဏာပိုင်ယောကျားတွေက အင်အား အလုံးအရင်းနဲ့ဝင်ရိုက်တာမျိုး၊ အပ်တိုတစ်ချောင်း တောင်မရှိတဲ့အမျိုးသမီးတွေကို ဆဲရေးတိုင်းထွာပြီး ကြိုက်တဲ့သူထွက်ခဲ့ မုဒိမ်းကျင့်ပစ်မယ်လို့ ပြောတာမျိုး၊ ဒီလိုခြိမ်းခြောက်မှုတွေက လက်ရှိမှာ ပိုခံစားနေရတယ်။ စစ်ကြောရေးမှာဆိုရင်လည်း လူမသိသူမသိ မုဒိမ်းကျင့်ခံခဲ့ရတယ်၊ ရိုက်နှက်ခံခဲ့ရတယ်။ ထောင်ထဲရောက်တော့လည်း ဆေးဝါးကုသမှုမရတာတွေရှိတဲ့အပြင် လက်ရှိ ထောင်ထဲမှာ မလုပ်သင့်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ပြတယ်။

မေး။ WPP အနေနဲ့ နိုင်ကျဥ်းအမျိုးသမီးတွေအပေါ် ဘယ်လိုပုံစံနဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုက ထောင်တွင်းမှာ အများဆုံးဖြစ်ပွားနေလဲ သိပါရစေ။
ဖြေ။ ကျမတို့နိုင်ကျဥ်းအမျိုးသမီးတွေလိုအပ်တဲ့ လစဥ်သုံးပစ္စည်းတွေ ထောင်ထဲမှာလုံလောက်မှုမရှိသလို အဝတ် အစားဆိုလည်း နှစ်စုံသုံးစုံပဲယူခွင့်ပေးတယ်။ တစ်နှစ်လုံးမှာမှ လေးစုံ၊ ငါးစုံလောက်နဲ့ပဲ ရှင်သန်ခဲ့ရတာရှိတယ်။ အစားအသောက်ဆို ဒီလိုမိုးတွင်းကာလမှာ ယင်ကောင်တွေပါလာတာ အသားဟင်းတွေက ကောင်းကောင်း မကျက်တာတွေလည်း တွေ့ကြုံခဲ့ရတယ်။ ဆေးဝါးဆိုလည်း ထောင်ထဲမှာ ဘာပဲလာလာ၊ ပါရာစီတမောပေးတယ်ဆိုတာမျိုးပေါ့။ ဒိတ်လွန်တဲ့ ဆေးတွေသောက်ခိုင်းတယ်။ အဲဒီတော့ ကျမတို့ မိသားစုဝင်တွေဆီက ဆေးတောင်းခဲ့ရတာတွေရှိတယ်။ နောက်ပြီး ဒိုက်ဦးထောင်မှာဆိုရင် ကျန်းမာ ရေးဆိုးရွားတယ်။ သောက်သုံးရေဆိုမသန့်တဲ့အပြင် ချိုးရေကကြေးနီရောင်ရှိတယ်။ အဝတ်အစားကလည်း လုံလုံလောက်လောက်မရှိတဲ့အခါကျတော့ အရေပြားယားနာရောဂါတွေဖြစ်လာတယ်။ ဆံပင်တွေကျွတ်လာတယ်။ အခုလည်း အဲဒီလိုမျိုးနေပြီး တောင့်ခံနေကြရပါတယ်။

မေး။ ပြီးခဲ့တဲ့လပိုင်းမှာ ထောင်ဝင်စာတွေ့ခွင့်ကို မိသားစုဝင်ကလွဲလို့ဆိုတဲ့ ကန့်သတ်ချက်မျိုး လုပ်လာ တာတွေ့ရတယ်ဆိုတော့ WPP အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားမှာလဲ။
ဖြေ။ ကျမတို့ကတော့ ကန့်သတ်ချက်အပေါ်မှာ တတ်နိုင်သလောက်တော့ ရအောင်လုပ်ဆောင်သွားမယ်။ ဘယ်လောက်ထိ ခက်ခဲနေပါစေ ကျမတို့နိုင်ငံရေးအကျဥ်းသူတွေအတွက် ဆေးဝါးနဲ့အစား အသောက်အတွက် ရအောင်ပံ့ပိုးမှာပါ။ သူတို့ကဘယ်လောက်ပဲ ပိတ်လှောင်နေပါစေ ကျမတို့ အပြင်မှာရှိနေတဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း အမျိုးသမီးအင်အားစုတွေက ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဥ်းသူတွေအတွက် တောင့်ခံနိုင်တယ်။ အထဲမှာလည်းတောင့်ခံနေသလို အပြင်မှာလည်း စိတ်ဓာတ်ပြင်းထန်ပြီး မိခင်စိတ်ရှိတဲ့သူတွေ ရှိတယ်။ စစ်ကောင်စီကိုအမြစ်ပြတ်ဖို့ဆိုရင် ကျမတို့ပိုပြီးတောင့်ခံနိုင်ရမယ်။ အမျိုးသမီးတွေအပေါ် ဒီလိုလုပ်နေတဲ့စစ်တပ်ကိုအလိုမရှိတဲ့အတွက် အဆုံးထိတောင့်ခံသွားမှာပါ။

မေး။ နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသူတွေ အခွင့်အရေးအပြည့်အဝရရှိဖို့ ပြင်ပအဖွဲ့အစည်းတွေအနေနဲ့ ဘာတွေလုပ်ဆောင်ရမယ် ထင်ပါသလဲ။
ဖြေ။ ကျမတို့ကတော့ နိုင်ငံရေးအကျဥ်းသူတွေအတွက် ပံ့ပိုးနေတဲ့အဖွဲ့ဆိုတော့ ဒီလိုမျိုးပံ့ပိုး ပေးတဲ့ဘယ်အဖွဲ့ကိုမဆို တော်လှန်အဖွဲ့မှန်သမျှပေါ့ လက်တွဲကြိုဆိုတယ်။ ထောင်ထဲမှာရှိတဲ့သူတွေကို ပြန်ကြည့်ပေးဖို့ပေါ့။ မိတ်ဖက်အဖွဲ့အစည်းတွေဆိုလည်း ကျမတို့နဲ့ချိတ်ဆက်တယ်ပေါ့။ ဒါမျိုးဆိုကျမတို့ကြို ဆိုတယ်။ သူတို့သိချင်တဲ့ထောင်ထဲက အကြောင်းအရာတွေကို ဝေမျှဖြစ်တယ်ပေါ့။ ကျမတို့ကလည်း ပြည်သူနဲ့တသားတည်းရှိနေသလို တော်လှန်နေတဲ့ဘယ်အမျိုးသမီးဆို ကျမတို့နဲ့ပူးပေါင်းလာမယ့်အားကို လိုပါတယ်။ မီဒီယာအားလည်းလိုတာပေါ့။ အထဲကတောင် တောင့်ခံနေတာ အပြင်ကနေ သူတို့တွေရဲ့ စားဝတ်နေရေးနဲ့ကျန်းမာရေးအတွက် စောင့်ရှောက်ပေးနိုင်မယ်ဆိုရင် သူတို့တွေလည်း ကျန်းကျန်းမာမာနဲ့ပြန်လည်လွတ်မြောက် လာမှာဖြစ်ပါတယ်။