Home တွေ့ဆုံမေးမြန်းခန်း ထိုင်းနိုင်ငံ Assumption University of Thailand တွင် Business Administration ဘာသာရပ်ဖြင့် ပညာသင်ယူနေသည့် LGBTQIA+ ဝသန်ဖြိုးနှင့်...

ထိုင်းနိုင်ငံ Assumption University of Thailand တွင် Business Administration ဘာသာရပ်ဖြင့် ပညာသင်ယူနေသည့် LGBTQIA+ ဝသန်ဖြိုးနှင့် မေးမြန်းချက်။

1120
Photo: ဝသန်ဖြိုး

ထိုင်းနိုင်ငံ Assumption University of Thailand တွင် Business Administration ဘာသာရပ်ဖြင့် ပညာသင်ယူနေသည့် LGBTQIA+ ဝသန်ဖြိုးနှင့် မေးမြန်းချက်။

ဇွန်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

“LGBTQIA+ ဖြစ်ရင်လည်းဖြစ်ပါစေ၊ ကိုယ့်ကိုယ်ကို လေးစားရမယ်။ သူများအကြိုက် လိုက်ဖို့မလိုဘူး။ ကိုယ်ကြိုက်ဖို့ အဓိကဖြစ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်။” LGBTQIA+ ဝသန်ဖြိုး

မိဘငွေကြေးနောက်ခံမရှိဘဲ ဒုက္ခသည်စခန်းကနေတဆင့် စီးပွားရေးပညာဘာသာရပ်နဲ့ ထိုင်းနိုင်ငံ နာမည်ကြီး တက္ကသိုလ် တစ်ခုဖြစ်တဲ့ Assumption University of Thailand မှာ ကျောင်း တက်ခွင့်ရရှိတဲ့အထိ ကြိုးစားခဲ့ရတဲ့သူကတော့ LGBTQIA+ တစ်ဦးဖြစ်တဲ့ Alexa Phyo (ဝသန်ဖြိုး)ဖြစ်ပါတယ်။

သူဟာ ယောက်ျားလေးကနေ မိန်းကလေးလို ဝတ်စားဆင်ယင်နေထိုင်ပြီး ယုံကြည်မှုရှိရှိနဲ့ ထိုင်းနိုင်ငံ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Assumption University of Thailand မှာ Business Administration တတိယနှစ် ပညာသင်ယူနေဆဲဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ချင်တာကြောင့် ကျောင်းတက်ဖို့အတွက် Scholarship ရရှိပေမယ့် လည်းတဖက်မှာတော့ အချိန်ပိုင်းဖြစ်တဲ့ ဘာသာပြန်အလုပ်၊ အင်္ဂလိပ်စာသင်တဲ့အလုပ်၊ ပို့ကုန်သွင်းကုန်အလုပ်အပြင် ဝါသနာအရ ရံဖန်ရံခါ မော်ဒယ်လျှောက်တာ ၊ ဇာတ်လမ်းတိုရိုက်ကူးတာတွေလည်း လုပ်ဆောင်လေ့ရှိပါတယ်။

ဒုက္ခသည်စခန်းကနေတဆင့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တက်နိုင်တဲ့အထိ ကြိုးစားဖြတ် သန်းခဲ့ရတဲ့ LGBTQIA+တစ်ဦး ဘဝဖြတ်သန်းမှု အခြေအနေနဲ့ပတ်သက်ပြီး Alexa Phyo (ဝသန်ဖြိုး)နဲ့ ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဦးဆုံး မိမိရဲ့ ငယ်ဘဝအကြောင်းနဲ့ ပညာသင်ယူခဲ့ရတဲ့ အခြေအနေလေး မိတ် ဆက်ပေးပါအုံး။
ဖြေ။ ။ ကျမက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသ မိတန်ကျေးရွာမှာနေခဲ့တယ်။ (၈)နှစ်အရွယ်မှာမိဘတွေနဲ့အတူ နို့ဖိုးဒုက္ခသည်စခန်းမှာ ရောက်ရှိလာတယ်။ ဒုက္ခသည်စခန်းမှာ (၆) နှစ်ကြာနေခဲ့တယ်။ ဒုက္ခသည်စခန်းမှာရောက်ချိန်က ၃ တန်းတက်တယ်။ ပြီးတော့ ဒုက္ခသည်စခန်း ဆိုတာက ရွာတစ်ရွာလောက်သာပဲရှိတော့ ကျမအမြင်လည်းမကျယ်ခဲ့ဘူး။ အဲဒီအချိန်တုန်းကတော့ အသက်ငယ်တာလည်း ပါတယ်။ ပြီးတော့ ရည်မှန်းချက်ဘာရှိလဲဆိုတာမသိဘူး။ ဒုက္ခသည်စခန်းမှာက ကျောင်းပြီးရင် ကျောင်းဆရာ၊ ဆရာမလုပ်မယ်။ ပြီးရင် ဆေးဆရာ၊ ဆရာမလုပ်မယ်ပြီးတော့ ဘာသာ ပြန်လုပ်မယ် အဲဒါတွေပဲရှိတယ်။ ၈ တန်းပြီးတော့ ၉ တန်းပြန်တက်မယ့်အချိန်မှာ အစ်မက မဲဆောက်မှာ GED လာတက်တော့ သူပြန်ခေါ်တော့ မဲဆောက်ရွှေ့ပြောင်းကျောင်းမှာ ပြောင်းလာပြီး ကျောင်း လာတက်ခဲ့တယ်။ မိဘတွေကလည်း အဲဒီအချိန်မှာ ပြည်တွင်းကို ပြန်ပြီးတော့ ပြောင်းနေသွားတယ်။

မေး ။ ။ အခုလက်ရှိ တက်နေတဲ့ တက္ကသိုလ်ကျောင်းနဲ့ ဒီတက္ကသိုလ်ကို တက်ရောက်နိုင်ဖို့ ကြိုးစားခဲ့ရပုံတွေနဲ့ပတ်သက်ပြီး ပြောပြပေးပါအုံး။
ဖြေ။ ။ မဲဆောက် ရောက်လာတဲ့အချိန်မှာတော့ ဒုက္ခသည်စခန်းထက်တော့ အမြင်တွေလည်း ပိုပြီး ကျယ်လာတယ်။ ရွှေ့ပြောင်းကျောင်းဖြစ်တဲ့ ပါရမီကျောင်း ဘော်ဒါဆောင်မှာ လာတက်ရတယ်။ ၁၀ တန်းရောက်တော့ ဆာသူးလေရွှေ့ပြောင်းကျောင်းမှာ ပြောင်းတက်တယ်။ အဲဒီမှာ ၃ လပဲကျောင်း တက်တယ်။ ဘာဖြစ်လဲဆိုတော့ ကျမကျောင်းတက်တာ ဘာအတွက်တက်တာလဲ၊ ကျမ မသိတော့ အလုပ်ပဲလုပ်ချင်တယ်။ နောက်ဆုံးကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်က အသက် ၁၆ နှစ်ပဲရှိသေးတယ်။ ထိုင်းစကားလည်း မတတ်ဘူးဆိုတော့ ဘယ်သူမှ အလုပ်မပေးချင်ဘူး။ နောက်ဆုံး ဟိုတယ်တစ်ခုမှာ အလုပ်ရသွားတော့ ၁ နှစ်ပြည့်အောင်ဝင်လုပ်လိုက်တယ်။ အဲဒီ တစ်နှစ်ပြီးတော့ ကျောင်းပြန်တက်ဖို့ ဆုံးဖြတ်လိုက်ပြီး ကျောင်းပြန်တက်တယ်။

ဆာသူးလေကျောင်းမှာ ၁၀ တန်းပြီးတယ်။ ၁၁ တန်းကတော့ CDC ကျောင်းမှာ ပြန်တက်တယ်။ ၁၁ တန်းပြီးတော့ ကျမ ၁၂ တန်းမတက်တော့ဘူး၊ GED ဝင်ဖြေဖို့ ဆုံးဖြတ်လိုက်ပြီး ချင်းမိုင်က တဆင့် ပြောင်းပြီးတက်တယ်။ ချင်းမိုင်ရောက်တောာ့ မဲဆောက်ထက် Community က ပိုပြီးကျယ်လာတယ်။ တက္ကသိုလ်တွေမှာလည်း ဝင်လေ့လာဖြစ်တယ်။ ပြီးတော့ နိုင်ငံတကာ ကျောင်းသားတွေနဲ့ စကားပြော ခွင့်ရတာတွေ ရင်းနှီးခွင့်ရလာတော့ ပိုသိပိုတွေ့လာရတယ်။ GED တစ်နှစ်ဝင်ဖြေတော့ အောင်သွားတယ်။ GED အောင်တော့ တက္ကသိုလ်တက်ဖို့ စကောလားရှစ်ရှာတဲ့အချိန်မှာ ကိုဗစ်ဖြစ်တဲ့ကာလဖြစ်တော့ ကျောင်းတွေလည်း ပိတ်တယ်။ အလုပ်လုပ်ဖို့ဆိုရင်လည်း စားသောက်ဆိုင် လုပ်ငန်းတွေလည်းတော်တာ်များများပိတ်တယ်။

ပြီးတော့ တက္ကသိုလ်စကောလားရှစ်တချို့ကလည်း ဒိုနာတွေက လျှော့ချတော့ လျှောက်ပေမယ့်လည်း စကောလားရှစ်မရဘူး။ ပထမနှစ်မှာမရဘူး၊ ဒုတိယနှစ်မှာတော့ ကျမမဲဆောက်ကိုပြန်ရောက်တယ်။ မဲဆောက်ပြန်ရောက်တော့ အလုပ်လည်းမရှိ စိတ်ဓာတ်အရမ်းကျတယ်။ ဒါပေမယ့် အလုပ်မရှိတဲ့ အချိန်မှာ ဒုတိယနှစ်မှာ စကောလားရှစ်ထပ်လျှောက်ဖို့ YouTube မှာ အင်္ဂလိပ်စာ အင်္ဂလိပ် စကားပိုလေ့လာတယ်။ ဒုတိယနှစ်မှာ စကောလားရှစ် ထပ်လျှောက်တယ်။ ထပ်လျှောက်တော့ အဲဒီ နှစ်မှာလည်း မရပြန်ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ပိုပြီးစိတ်ဓာတ်ကျခဲ့ရတယ်။ ဒါပေမယ့် တတိယ နှစ်အတွက် ထပ်စောင့်သေးတယ်။ အဲဒီအချိန်မှာထိုင်းစကားလည်း ရလာပြီးဆိုတောာ့ ကိုဗစ်ကာလ ဆေးရုံမှာ အလုပ်ဝင်လုပ်တယ်။ အလုပ်ဝင်လုပ်ပြီး တစ်နှစ်ပြည့်ခါနီးမျာ နောက်ထပ် စကော လားရှစ်ပြန်ရတော့ အမျိုးမျိုးဝင်ထပ်လျှောက်တယ်။ ဒါပေမယ့်တစ်ခုမှမရပြန်ဘူး ။ အဲဒီအချိန်မှာ အသက်က ၂၂ ရှိပြီးဆိုတော့ မဖြစ်တော့ဘူး။ ကိုယ့်ဘဝအတွက် တခြားအလုပ်တစ်ခုခုကိုပဲ ရွေးတော့မယ်ဆိုပြီးစဉ်းစားလိုက်တယ်။ နောက်ဆုံး ၄ လပိုင်းမှာ စကောလားရှစ်ပြန်ဖွင့်တာရှိတော့ ပြန်လျှောက်တော့ရသွားတယ်။ အဲဒီအချိန်မှာမှ တက္ကသိုလ်ဆက်တက်ခွင့် ရသွားတယ်။ တက္ကသိုလ်ဆက်တက်နိုင်ဖို့က ဇွဲ၊ လုံ့လ၊ ဝိရိယ အများကြီးထားရတယ်။ အလုပ်တဖက်ရှာပြီးတော့ ကိုယ့်ဘာသာကိုယ်အားကိုးရင်း အများကြီး ကြိုးစားခဲ့ရတယ်။

မေး။ ဒုက္ခသည်စခန်းနဲ့ ရွှေ့ပြောင်းစာသင်ကျောင်းကနေတဆင့် တက္ကသိုလ်တက်နိုင်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားခဲ့ရသလဲ။ မိဘဆွေမျိုးတွေရဲ့ ပံ့ပိုးမှုက ဘယ်လိုရှိလဲ။
ဖြေ။ တက္ကသိုလ်တက်နိုင်ဖို့က ကျမကို ပံ့ပိုးပေးတာ ဘယ်သူမှမရှိဘူး။ ကိုဗစ်ကာလလည်းဖြစ်တော့ အစ်မတွေကလည်း မပံ့ပိုးပေးနိုင်ဘူး။ မိဘတွေကလည်း ချမ်းသာတဲ့ အသိုင်းအဝိုင်းကလာ တာမ ဟုတ်တော့ ဘာမှမပံ့ပိုးပေးနိုင်တာကိုလည်း နားလည်ပေးတယ်။ ဒါပေမယ့် သူတို့ဆီက အဓိက လိုအပ်တာက အားပေးစကားတစ်ခုထဲပါပဲ။ တက္ကသိုလ်တက်နိုင်ဖို့ အနှစ်နှစ် ကြိုးစားခဲ့ရတယ်၊ လျှောက်ခဲ့ရတယ်။ ဘေးနားမှာရှိနေတဲ့ သူငယ်ချင်းတွေတောင် ကျမအစားသူတို့က မောရတယ်။ ဒါပေ မယ့် ကျမ စကောလားရှစ်ရတဲ့တက္ကသိုလ်ကလည်း Top အထဲမှာ ပါတယ်။ စျေးလည်း အရမ်းကြီးတဲ့ တက္ကသိုလ်ဆိုတော့ ကျမအစ်မတွေ သူငယ်ချင်းတွေက သူတို့ ဝမ်းသာပေးရတယ်။ ဘာဖြစ်လဲဆိုတော့ ကျမက ဒုက္ခသည်စခန်းကနေလာတာ တက္ကသိုလ်ဆိုတာဘယ်လိုလဲ မမြင်ဖူးဘူး ၊ မတွေ့ဖူးဘူး ခြေအနေကနေ ဒီလိုထိုင်းနိုင်ငံ နာမည်ကြီးတဲ့တက္ကသိုလ်မှာ တက်ခွင့်ရတော့မိဘတွေ အစ်မတွေကလည်း ဂုဏ်ယူကြတယ်။

မေး။ ။ မိဘဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ပညာရေး နောက်ခံမရှိဘဲ LGBTQIA+ တစ်ဦးအနေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်မျိုးမှာ တက်ရောက်နိုင်ဖို့အတွက် ကြိုးစားရတဲ့အခါမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲစိန်ခေါ်မှုတွေက ဘာတွေလဲ။
နောက်ခံလည်း မရှိဘူး။ ဒုက္ခသည်စခန်းကနေလာရတဲ့သူတစ်ဦးဖြစ်တဲ့အတွက် ကိုယ့်ရဲ့ဘေးနားမှာ ပံ့ပိုးမယ့်လူမရှိဘူး။ အရာရာတိုင်းက ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားနေရတယ်။ နောက်တစ်ခုက ကျမက LGBTQIA+ တစ်ဦးလည်းဖြစ်တယ်ဆိုတော့ ပိုပြီးတော့ စိန်ခေါ်မှုများတယ်။ ငယ်ငယ်ကတည်းက စပြီး ကိုယ့်ရဲ့ နေထိုင်မှုပုံစံ ပြောင်းဖို့ မိဘ ညီအစ်ကိုမောင်နှမတွေရဲ့ ဖိအားပေးတာခံရတယ်။ ပြီးတော့ ပတ်ဝန်းကျင်တွေကလည်း အခြောက်အခြောက်ဆိုပြီး ကဲ့ရဲ့ပြောဆိုတယ်။ ပြောချင်တာက ဆင်းရဲတဲ့ဒဏ်တစ်ခုထဲမကဘဲ အဲဒီလိုကဲ့ရဲ့ ဖိနှိပ်တဲ့ဒဏ်ကိုလည်း ခံနေရသေးတယ်။ အဲဒီလို ခံရတဲ့ အချိန်မှာ မိသားစုတွေကလည်း ကိုယ့်ဘက် မရပ်တည်ပေးဘဲ ဘေးလူဘက်မှာနေတော့ ကျမ အတွက်ပိုပြီး စိန်ခေါ်မှုများခဲ့တယ်။ မိန်းမလည်း မဟုတ်၊ ယောက်ျားလည်း မဟုတ်ဖြစ်တော့ ကျောင်းပြီးသွားရင်လည်း ဘယ်သူမှနင့်ကို အလုပ်ပေးမှာမဟုတ်ဘူးဆိုပြီး ပြောဆိုခံခဲ့ရတယ်။

ကျမငယ်ငယ်တုန်းကတော့ ကိုယ်က ယောက်ျားလေးပဲ၊ ဒီလိုဖြစ်ဖို့လည်း လက်မခံနိုင်ဘူး။ ဘာလို့ လဲဆိုတော့ ကိုယ်ကြီးပြင်းတဲ့ နေရာကလည်း အရမ်းကိုသေးတဲ့ လူမှုအသိုင်းအဝိုင်းဆိုတော့။ မိန်းမ မဟုတ်ရင် ယောက်ျားပဲ၊ အဲဒီနှစ်မျိုးပဲရှိတယ်။ နေတဲ့အသိုင်းအဝိုင်းကလည်း ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာပဲရှိတော့ မိန်းမဟုတ်၊ ယောကျ်ားမဟုတ်ဘဲနေရင် အဲဒါက ရှေးဘဝအပြစ်လုပ်လို့ ရလာတဲ့အကုသိုလ်ကံကြောင့်ဆိုပြီး အဲလို မြင်နေကြတယ်။

အဲဒါကြောင့် ဒုက္ခသည်စခန်းမှာနေတုန်းက မိန်းမလား ယောကျ်ားလား၊ Gay လားဆိုတာ ကိုယ့်ကိုယ်ကို သေချာမသိဘူး။ မဲဆောက်ရောက်လာတဲ့အချိန်မှာလည်း အစ်ကိုအစ်မဆီကနေ ဖိအားပေးမှုလည်း အများကြီးခံရတယ်။ အမျိုးထဲမှာ ဒီလိုနေတာတစ်ယောက်မှမရှိဘူး၊ အမျိုးသိက္ခာကို အရှက်ခွဲတာလား အဲလို ဆူခံခဲ့ရတယ်။ အစ်ကိုကတော့ ယောက်ျားလိုမနေရင် ကျောင်းတက်ဖို့ မုန့်ဖိုးတွေ မထောက်ပံ့ ပေးဘူးဆိုပြီး အဲလိုပြောခဲ့တယ်။ အဲဒီအချိန်တုန်းက တော်တော်စိတ်တိုခဲ့တယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ဆို တော့ မထောက်ပံ့လည်းနေပါစေ ကိုယ့်ဘဝ၊ ကိုယ့်ဘာသာကိုယ်ပဲရှင်သန်ရပ်တည်မယ်ဆိုပြီး ပြန်ပြောခဲ့တယ်။ နောက်ဆုံးမောင်နှမတွေဆိုတော့ သူတို့ဆီက ပြန်ဆက်သွယ်လာခဲ့တယ်။

မေး။ ။ မိန်းကလေးလို ပြန်ဝတ်ဆင်ပြီးနေတာ ဘယ်လောက်ကြာပြီလဲ။ မိန်းကလေး လိုပုံစံပြောင်းလိုက်တော့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ လက်ခံနိုင်မှုကကော ဘယ်လိုရှိလဲ။
ဖြေ။ ။ ၂၀၂၁ မှ ကျမဒီလို မိန်းကလေးလိုမျိုး စပြီးနေတယ်။ အဲဒီအချိန်မှာတော့ ကျမအစ်မက ဘန် ကောက်မှာ ကျောင်းတက်ပြီးဆိုတော့ သူလည်း အမြင်တွေကျယ်လာပြီးဆိုတော့ ဒီလိုဖြစ်တည်မှုကို နားလည်ပေးလာတယ်။ ဒါပေမယ့် မိဘနဲ့ အစ်ကိုတွေက လက်မခံနိုင်သေးဘူး။ တစ်ခုကတော့ သူတို့နဲ့က အနီးကပ်နေတာမဟုတ်တော့ တစ်ခါတစ်လေ ဖုန်းထဲမှာခေါ်ရင် ဘာလို့ ဆံပင်ရှည်ထားတာလဲအလှပြင် တာဘယ်သွားမလဲ၊ အဲလောက်ပဲ ပြောတော့တယ်။ ကျမက မဲဆောက်ရောက်လာတဲ့နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုပဲရပ်တည်နိုင်အောင်ကြိုးစားတယ်ဆိုတော့ သူတို့လည်း အဲလောက်မပြောတော့ဘူး။ မိန်းကလေးဟော်မုန်းဆေးလည်းသောက်ထားတော့ အသားအရေမျက်နှာက မိန်းကလေးနဲ့တူလာတော့ မိဘတွေက လက်ခံလာပေမယ့်လည်း ပတ်ဝန်းကျင်ပြောစကားတွေတော့ သူတို့ ကြားရတာတွေတော့ ရှိတာပေါ့။

ငယ်ငယ်တုန်းက ကျောင်းတက်တဲ့အချိန်တုန်းကတော့ သူငယ်ချင်းမိန်းကလေးတွေနဲ့ပဲ ပေါင်းတာ များတယ်။ ကိုယ့်က ဘာအပြစ်မှ လုပ်ထားတာမရှိတော့ ကိုယ့်ကို အရမ်းတိုက်ခိုက်ပြောဆိုတာတွေတော့ သိပ်မခံရဘူး။ ဒါပေယ့် စိတ်အရမ်းပင်ပန်းခဲ့ရတယ်။ ကိုယ့်စိတ်က မိန်းကလေးလိုဖြစ်ပေမယ့်လည်း အပြင်ပန်းက ယောက်ျားတစ်ယောက်လိုပဲနေရတယ်။ ဘာလို့လဲဆိုရင် ဥပမာ တကယ့် ယောက်ျားစစ်စစ်ဖြစ်တဲ့သူတစ်ဦးက မိန်းကလေးလိုပဲ နေထိုင်ပြောဆိုကြည့်ကြည့်လိုက် ၊ တစ်နှစ်လုံး နေရရင် သူတို့လည်း စိတ်ပင်ပန်းရမှာပဲ ကိုယ်လည်းအဲလိုပဲ။ မိန်းကလေးစိတ်ရှိပေမယ့်လည်း ယောကျ်ားလို နေရတော့ အရမ်းစိတ်ပင်ပန်းရတယ်ပေါ့။ အလုပ်လုပ်တဲ့အချိန်မှာတော့ ဖိအား သိပ်မရှိဘူး။ ဘာဖြစ်လဲဆိုရင် ထိုင်းလူမှုအသိုက်အဝန်းထဲမှာ LGBT တွေကို သူတို့က လက်ခံပေးတော့ ပြဿနာသိပ်မရှိဘူး။ ဒါပေမယ့်အလုပ်လျှောက်တဲ့အချိန်မှာတော့ တချို့က မိန်းကလေးနဲ့ယောက်ျားလေးပဲ လက်ခံတယ်၊ အရည်အချင်းဘယ်လောက်ရှိရှိ မိန်းကလေး ယောက်ျားလေးမဟုတ်ရင် လျှောက်လို့မရဘူး။ အဲအလုပ်မျိုးဆိုရင်တော့ မတန်ဘူးလို့ပဲ သတ်မှတ်ပြီး ကျမက မလျှောက်တော့ဘူး၊ ဝေးဝေးရှောင်တယ်။

မေး။ ။ LGBTQIA+ တစ်ယောက်ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တွေရဲ့ ပုတ်ခတ်ပြောဆိုမှုတွေကြောင့် စိတ်ဓာတ်ကျပြီး ယောက်ျားတစ်ယောက်လိုမျိုးပဲ ပြန်ပြောင်းလဲပစ်ချင်တာတွေရှိလား။
ဖြေ။ ။ ဒီလိုဖြစ်တည်မှုရှိတော့ ငယ်ငယ်တုန်းကတော့ စိတ်ဓာတ်ကျတဲ့အခါရှိတယ်။ အသက် ငယ်တဲ့အချိန်မှာ မိဘတွေဖိအားပေးလာရင် ယောကျ်ား စစ်စစ်လိုနေမယ်ဆိုပြီး ကြိုးစားခဲ့တယ်။ ဒါပေမယ့် ၃ ရက်လောက်ပဲ လုပ်နိုင်တယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပျောက်ကွယ်လိုက်ချင်တယ်။ ပျောက်ကွယ်သွားမှ မိသားစုတွေ စိတ်မညစ်တော့ဘဲနေမယ်ဆိုပြီး အဲလိုဖြစ်တာရှိတယ်။ ငယ်ငယ် တုန်းက ဖိအားပဲခံစားရတယ်။ ကိုယ်ဘာဖြစ်ချင်တာလဲမသိဘူး။ မိန်းမလား၊ ယောက်ျားလားတောင် ကိုယ့်ကိုယ်ကို မသိဘူး။ အခုက ကိုယ့်ကိုယ်ကို လက်ခံတယ်၊ ကိုယ့်ဘဝနဲ့ကိုယ်တော့ ပျော်ရွှင်သွားပြီး ။ အဓိက ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်တယ်။ ပြီးတော့ ထိုင်းနိုင်ငံမှာကလည်း လူလက်ခံတဲ့အတွက် ကျမအတွက် အဆင်ပြေတယ်။

မေး။ ။ ဒီလို ဖြစ်တည်မှုကို လက်ခံတဲ့သူရှိသလို လက်မခံနိုင်သေးတဲ့သူတွေလည်းရှိတဲ့အပေါ်မှာ ကိုယ့်ရဲ့အမြင် ပြောပြပေးပါအုံး။
ဖြေ။ ။ အဓိက အသိပညာဗဟုသုတ ကြွယ်ဝမှုနဲ့ဆိုင်တယ်။ တချို့ကတော့ မိန်းကလေးဖြစ်ရင် မိသား စုအိမ်မှုကိစ္စလုပ်ရမယ်၊ နိုင်ရမယ်အဲလောက်ပဲတွေးတယ်။ ကိုယ်လိုလူက သူတို့ အရှေ့ရောက်ရင် သူတို့ လက်မခံနိုင်ဘူး။ သူတို့နေလာတာ နှစ်ပေါင်းကြာပြီး ဒီလိုမျိုးဆိုရင် သူတို့ လက်ခံလို့မရ ဘူး အဲလိုရှိတယ်။ ဥပမာ -အဆင့်ဆင့် ကျောင်းတက်ခဲ့တဲ့လူတွေက ပတ်ဝန်းကျင်အမျိုးမျိုးလူ အမျိုးတွေ့ရတောာ့ သူတို့ လက်ခံနိုင်တယ်။ ဒါပေမယ့် နိုင်ငံကြီးအချို့ ပညာတတ်တဲ့ လူတချို့တွေတောင်မှ တချို့က ကျမတို့လိုမျိုးလူတွေကို လက်မခံနိုင်ကြတဲ့လူတွေလည်း အများကြီးရှိသေးတယ်။ အဓိကတော့ ကွဲပြားမှုကို စာနာနားလည်တတ်ဖို့ပဲ လိုအပ်တယ်။

ဖွံ့ဖြိုးမှုမရှိတဲ့နေရာ ဥပမာ ရွာမှာတို့ ဒုက္ခသည်စခန်းမှာနေတဲ့ LGBTQIA+တွေက ဘယ်လို ဖြတ် ကျော်နေရလဲဆိုတာ ကျမနားလည်တယ်။ မိဘမောင်နှမဆီက၊ သူငယ်ချင်းဆီက ပတ်ဝန်း ကျင်ဆီက ပေးတဲ့ ဖိအားဘယ်လောက်ခံနေရမလဲဆိုတာ သိတယ်။ အဲဒါကြောင့် အားပေးချင်တာက ကိုယ့်ကိုယ်ကို ဘာလဲ သိရမယ်။ ပြီးတော့ကိုယ်ဘာကိုကြိုက်လဲ၊ အဲဒီကြိုက်တာက ယောက်ျားမိန်း မကြိုက် တာမဟုတ်ဘဲ ဘာလုပ်ရတာကိုကြိုက်လဲ၊ ဘယ်သွားရတာကိုကြိုက်လဲ သူများကိုယ့် ကိုယ်မ လေးစားရင်လည်း ဘာမှမဖြစ်ဘူး။ LGBTQIA+ ဖြစ်ရင်လည်းဖြစ်ပါစေ၊ ကိုယ့်ကိုယ်ကို လေးစားရမယ်။ သူများအကြိုက် လိုက်ဖို့မလိုဘူး။ ကိုယ်ကြိုက်ဖို့ အဓိကဖြစ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်။ အကောင်ကြီးကြီးဖြစ်ပြီး အခြောက်လုပ်ရလားဆိုပြီး ပြောရင်လည်း ဂရုမစိုက်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ကိုယ့်အကြိုက်ကိုပဲ ဦးစားပေးလုပ်သွားပြီးရင် ကိုယ့်ဘာသာ ကိုယ်ရပ်တည်နိုင်ဖို့ လုပ်ဆောင်ပါ။ ကိုယ့်ဘာကိုယ်ရပ်တည်နိုင်ရင် ဘယ်သူမှ ကိုယ့်ကို လာပြောလို့ မရဘူး။

မေး။ ။ ဒုက္ခသည်စခန်းမှာ ကြီးပြင်းလာခဲ့သူတစ်ဦးဖြစ်တဲ့အတွက် စခန်းထဲက လူငယ်တွေကို ဘယ်လို အားပေးစကားပြောချင်ပါသလဲ။
ဖြေ။ ။ အရင်တုန်းကတော့ လူမှုကွန်ရက်သုံးမရသေးဘူး။ အခုတော့ လူငယ်တိုင်း အင်တာနက်သုံး တတ်တယ်။ သုံးတတ်ရင်ကိုယ့်အတွက်ပဲ။ မဟုတ်တာတွေဘဲ လိုက်ကြည့်ရင် ကိုယ်လဲ မဟုတ်တာတွေပဲ ဖြစ်မယ်။ စာပေအပိုင်း အသိပညာဗဟုသုတအပိုင်းကြည့်ရင်တော့ ကိုယ်လည်း အသိပညာ ဗဟုသု တရလာမယ်။ နောက်ပြီး အိပ်မက်ကြီးကြီးမက်ဖို့လိုတယ်။ အိပ်မက်ကြီးကြီးမက်မှ ကိုယ်သွား မယ့်ပန်းတိုင်အတွက် အားပိုစိုက်မယ်။ အိမ်မက်သေးသေးမက်ရင်ကိုယ်တိုင်က အားနည်းနည်း ပဲစိုက်မယ်။

စာဖတ်နိုင်ရင် စာများများဖတ် ကျမက စာအရမ်းမဖတ်တဲ့အထဲမှာပါတယ်။ ဒါပေမယ့် ကျမအွန်လိုင်း သုံးတော့ အသုံးကျတဲ့ ဗီဒီယိုဗဟုသုတတွေပဲ ကြည့်တယ်။ Editing ဝါသနာပါလား အဲဒီလိုင်းဝါ သနာပါရင် Editing ဗီဒီယိုတွေ များများကြည့် အဲလိုတွေပေါ့။ အဲဒါကြောင့် ဒုက္ခသည်စခန်းမှာ နေလည်း အွန်လိုင်းခေတ်ဖြစ်တဲ့အတွက် ဘယ်နေရာမှာ ဘာရှိလဲ၊ သိရတဲ့ခေတ်ရောက်ပြီးဆိုတော့ ကိုယ့်အတွက် ပညာရတဲ့ဟာ ရှာဖွေကြိုးစားဖို့ တိုက်တွန်းအားပေးချင်ပါတယ်။

———
မှတ်ချက်။ ။

* (LGBTQIA+) လိင်စိတ်တိမ်းညွှတ်မှု၊ လိင်ဝိသေသခံယူမှု၊ လိင်အသွင်အပြင် ဖော်ပြမှုနှင့် လိင်ဝိသေသ လက္ခာရပ်များ( SOGIESC) အရ ကွဲပြားသည့်သူများအားလုံးကို လွှမ်းခြုံဖော်ပြသည့် အတိုကောက်စကားလုံးဖြစ်သည်။