Home သတင်း ဖားအံခရိုင် ကျောင်းသားလူငယ်များနှင့် စုပေါင်း၍ KRWဦးဆောင်ပြီး ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကို ပြုလုပ်

ဖားအံခရိုင် ကျောင်းသားလူငယ်များနှင့် စုပေါင်း၍ KRWဦးဆောင်ပြီး ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကို ပြုလုပ်

555

ဇွန်လ ၅ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင် အမှတ် (၁) အထက်တန်းကျောင်းတွင် ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့- KRW နှင့် ကော်သူးလေ သစ်တောဌာန-KFD တို့ ဦးဆောင်ပြီး ယနေ့ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ ( World Environment Day ) ကို ကျောင်းသူကျောင်းသားလူငယ်များနှင့် စုပေါင်းပြုလုပ်ခဲ့ကြသည်။

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်တိုက်ဖျက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးပါသောကြောင့် သဘာဝပတ်ဝန်းကျင် အသိပညာများဝေမျှပြီး ပူးပေါင်း ထိန်းသိမ်းမှုကို မြှင့်တင်လိုသည့်ရည်ရွယ်ချက်ဖြင့် ယခုလို ကျောင်းသားလူငယ်များနှင့် ပူးပေါင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးဆောင်ပါဝင်သူများက ပြောဆိုသည်။

KRW ၏ တာဝန်ရှိသူ စောဟဲစေးက “ဒီသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာ ကျနော်တို့ ကရင်လူမျိုးတွေ အတွက် အရမ်းကို အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ်။ လက်ရှိ ကျနော်တို့လူမျိုးမှာ ရှိနှင့်ပြီးသား ရိုးရာ ယဥ်ကျေးမှုဓလေ့တွေက သဘာဝတရားကြီးနဲ့ လိုက်လျောညီထွေနေထိုင်ကြသူတွေ ဖြစ်ပြီး ဒီသဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဟာ နေ့စဥ်ဘဝနဲ့ ပတ်သက်နေတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ်” ဟု အခမ်းအနားပြီး ကေအိုင်စီ သို့ ပြောဆိုခဲ့သည်။

ယနေ့ အခမ်းအနားကို KRW အဖွဲ့ဝင်ဖြစ်သော ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင် ရာလှုပ်ရှားမှု ကွန်ယက်-KESAN ၊ ကရင်လူငယ်အစည်းအရုံး-KYO နှင့် ကရင်ကျောင်းသားကွန်ယက်- KSNG တို့မှ အဓိက ပူးပေါင်းပါဝင်ခဲ့ပြီး KNU ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်း အပါအဝင် KRWမှ စောဟဲစေ နှင့် နယ်မြေခံတာ ဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ ကရင်လူငယ်များ နှင့် ဒေသခံ ကျေးရွားသားများ စုစုပေါင်း (၃၀၀) ကျော် ပါဝင်တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သက်ဆိုင်ရာ ဦးဆောင်သူ တာဝန်ရှိသူများမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမြင့်တင်ရေး ပညာပေး တိုက်တွန်းစကားများ အသီးသီးပြောဆိုခဲ့ကြသလို အခမ်းအနားပြီးနောက် တက်ရောက်လာသည့် ကျောင်းသူကျောင်းသားများကို အဖွဲ့လိုက် ခွဲ၍ ကျောင်းပတ်ဝန်းကျင်နှင့် ကျေးရွာအတွင်း အမှိုက်များ စုပေါင်း ကောက်ယူကြသလို ပညာပေး ဗီနိုင်းနှင့် ဆိုင်းဘုတ်များကိုလည်း ကျေးရွာ လမ်းစုံလမ်းဂွများတွင် စိုက်ထူခဲ့ကြ သည်။

အခမ်းအနားပါဝင်တက်ရောက်သည့် နဝမတန်းကျောင်းသား စောအောင်ကျော်ဇောက “ ဒီနေ့မှာ ကျနော်က သစ်ပင်စိုက်နည်း၊ ထိန်းသိမ်းနည်းအပြင် အမှိုက်စွန့်ပစ်မှုအကြောင်းတွေ သိခဲ့ရတယ်။ နောင်တချိန် ကိုယ်ဆရာ ပြန်ဖြစ်ရင် တပည့်တွေကို ပြန်မျှဝေပေးလို့ရတယ်။ လူငယ်တွေအနေနဲ့လည်း တစ်စမြင် တစ်စကောက် စကားအတိုင်း အမှိုက်တွေကို သေချာစနစ်တကျ စွန့်ပစ်စေချင်တယ်” ဟု ကေအိုင်စီသို့ ပြောဆိုခဲ့သည်။

အလားတူ KRW ဦးဆောင်၍လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထင်မြင်ယူဆချက်များ၊ စည်းမျဥ်းစည်းကမ်း များနှင့် ခေါင်းဆောင်များ၊ ဒေသခံများ၏ ပြောဆိုချက်များကို ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် သဘာဝ ပတ်ဝန်းကျင်နေ့မတိုင်မီ ဖော်ပြခဲ့ပြီး ယနေ့ ညနေပိုင်းတွင်လည်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကို ဂုဏ်ပြု သောအားဖြင့် “Green Forest, Bring Happiness” “သစ်တောများမှသည် ပျော်ရွှင်ငြိမ်းချမ်းခြင်းဆီသို့” ဆောင်ပုဒ်ဖြင့် အွန်လိုင်း စကားဝိုင်းဆွေနွေးပွဲတစ်ရပ်ကို ပြုလုပ်သွားသည်။

ထို့အပြင် KRW က ကြီးမှူးပြုလုပ်မည့် စကားဝိုင်းဆွေးနွေးပွဲတွင် တောမီးရှို့ခြင်းနှင့်စိုက်ပျိုးမြေ မီးရှို့ခြင်းတို့ မှဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် နိုင်ငံဖြတ်ကျော် လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ အဖြေရှာသွားမည် ဖြစ်ကြောင်းလည်း KRW ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

ဇွန်လ(၅)ရက်‌နေ့ကို ကမ္ဘာ့သဘာဝပတ်ဝန်းကျင်‌နေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအ‌ထွေ‌ထွေညီလာခံမှ ၁၉၇၂ခုနှစ်တွင် လက်မှတ်‌ရေးထိုးထုတ်ပြန်ခဲ့ပြီး (၂)နှစ်အကြာ(၁၉၇၄)ခုနှစ်တွင် အ‌မေရိကန်နိုင်ငံမှ ကမ္ဘာ‌ပေါ်တွင် ပထမဦးဆုံး အကြိမ် ပြုလုပ်ကျင်းပခဲ့သည်။