Home သတင်း ထားဝယ်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ စစ်ကောင်စီတပ်သား(၂)နှစ်ဦးသေဆုံး

ထားဝယ်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ စစ်ကောင်စီတပ်သား(၂)နှစ်ဦးသေဆုံး

899
Photo: CJ

မေလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အဝင်ရှိ အိမ်ရှေ့ပြင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ဗထူးတပ်မတော်(BHA)တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ သောကြောင့် စစ်ကောင်စီတပ်သား(၂)ဦး သေဆုံးခဲ့ကြောင်း ဗထူးတပ်မတော်က ယနေ့တွင် ထုတ်ပြန်ထားသည်။

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်တွင် တည်ရှိသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် မေလ(၁၃) ရက်၊ နေ့လည်(၁၂)နာရီဝန်းကျင်ခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၆)၊ တပ်ရင်း(၂၇)နှင့် ဗထူးတပ်မတော်(BHA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗထူးတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ထက်မြက်က ပြောသည်။

၎င်းက “ထားဝယ်မြို့ရဲ့အဓိက ကျတဲ့ စစ်ဆေးရေးဂိတ်တွေထဲက တစ်ခုဖြစ်တဲ့ အိမ်ရှေ့ပြင် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်တာဗျ။ တိုက်ခိုက်မှုအတွင်းမှာတော့ စစ်ခွေး(၂)ကောင်သေသွားတယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။

လက်ရှိအချိန်တွင်လည်း အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အင်အား (၃၀)ကျော်ဖြင့် လုံးခြုံရေးတိုးမြင့်ချထားပြီး အနီးတစ်ဝိုက်မှ ဖြတ်သန်းသွားလာသော ဒေသခံပြည်သူများအား စစ်ဆေးတင်းကြပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ထားဝယ်မြို့နေဒေသခံများက ပြောသည်။

ထားဝယ်မြို့ခံတစ်ဦးက “မနေ့က ပစ်ခတ်သံတွေတော့ ကြားရတယ်။ အဲ့တာပြီးတော့ စစ်သားတွေရောက်လာပြီး စစ်ဆေးတော့တာပဲ။ ဒီနေ့ မနက်ခင်းပိုင်းအထိပေါ့။ သွားလာရတာ နောက်ပိုင်းကြပ်လာတယ်။ အပြင် မထွက်ကြ တဲ့သူတွေတောင်ရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဗထူးတပ်မတော်(BHA)က ထုတ်ပြန်ထားသည့်ထုတ်ပြန်ချက်တွင် စစ်ရေးအရှိန်တိုးမြင့်လာပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သောကြောင့် ဒေသခံများအနေဖြင့် စစ်ရေးအသိများဖြင့် နေထိုင်သွားလာကြရန်နှင့် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ပျူစောထီးများ အနေဖြင့်လည်း ပြည်သူ့ရင်ခွင် အမြန်ခိုလှုံကြရန် တိုက်တွန်းထားသည်။