Home သတင်း ကျိုက်ထိုနယ်မြေရဲစခန်းမှ နယ်ထိန်းနှင့်ယာဥ်ထိန်းရဲ (၂) ဦးအား PDF နှင့်ဆက်စပ်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီး

ကျိုက်ထိုနယ်မြေရဲစခန်းမှ နယ်ထိန်းနှင့်ယာဥ်ထိန်းရဲ (၂) ဦးအား PDF နှင့်ဆက်စပ်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီး

676
Photo: CJ

မေလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့နှင့် ယာဥ်ထိန်း ရဲတပ်ဖွဲ့ဝင် (၂)ဦးအား စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ဝင်အချို့နှင့် အဆက်အစပ်ရှိသည်ဟုဆိုကာ မေလ (၅)ရက်နေ့ က ဖမ်းဆီးသွားကြောင်း ရဲစခန်းနှင့်နီးစပ်သည့်သတင်းအရင်းအမြစ်မှ သိရသည်။

၎င်း တပ်ဖွဲ့ဝင် (၂)ဦးလုံးကို စစ်ကောင်စီက ကျိုက်ထိုနယ်မြေရဲစခန်းဝင်းအတွင်းရှိနေသည့် ယမန်နေ့ညနေပိုင်းက PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ရုတ်တရတ်ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကြောရေးသို့ပို့ဆောင်ထိန်းသိမ်းထားသည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “အခုတော့ စစ်ကြောရေးပို့ထားတယ်။ သူတို့ဖုန်းထဲမှာ PDF တွေနဲ့တွဲရိုက်ထားတဲ့ပုံတွေလည်း တွေ့သွားတယ်လို့ ပြောတယ်။ ရဲစခန်းထဲမှာ လာစစ်ပြီးဖမ်းသွားတာ၊ နောက်ပြီး ထပ်ဖမ်းဖို့ရှိသေးတယ်လို့လည်း စစ်သားတွေက ပြောသေးတယ်” ဟု ရဲစခန်းနှင့်နီးစပ်သူအမျိုးသားက ပြောသည်။

ထိုရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်ဆက်တွဲအသေးစိတ်ကိုမူ ကရင်သတင်းဌာန-ကေအိုင်စီ အနေဖြင့် သက်ဆိုင်ရာနယ်မြေသတင်းအရင်းအမြစ်များထံ ဆက်သွယ်စုံစမ်းနေသလို အမှုနှင့်ပတ်သက်၍လည်း စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါ။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြ၍ စစ်ကောင်စီက အများပြည်သူပိုင် လမ်းများတွင် စစ်ဆေးရေးလုပ်ဆောင်ရုံသာမက ထောက်ပို့မှု၊ လူမှုကွန်ရက်စာမျက်နှာမှတဆင့် နိုင်ငံရေး တက်ကြွလှုပ်ရှားမှု၊ တော်လှန်ရေးအင်အားစုများနှင့် ဆက်နွယ်မှုတို့ဖြင့် စွပ်စွဲ ဖမ်းဆီးခံရသူ အများအပြားလည်းရှိနေသဖြင့် အသွားအလာသတိထားနေရကြောင်း ဒေသခံများက ဆိုထားသည်။

ထို့အတူ ပြီးခဲ့သည့် ဧပြီလ(၁၉)ရက်နေ့ကလည်း PDF သင်တန်းတက်ရန်ရောက်ရှိနေသည်ဟု ဆိုကာ အမျိုးသမီး (၁)ဦးနှင့်အမျိုးသား(၃)ဦးအား စစ်ကောင်စီကဖမ်းဆီးခဲ့သလို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် အမှုဖွင့်လှစ်အရေးယူခဲ့ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ်ရှိ မြို့နယ်အချို့တို့တွင် PDF နှင့်ဆက်စပ်သဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခံလိုက်ရသူ (၂၀၀)နှင့်အထက်တွင်ရှိနေပြီး အများစုမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည်။