ဧပြီလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ ဌာနချုပ်အခြေချရာ နေပြည်တော်ကောင်စီနယ်မြေနှင့်နီးသည့် ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံး ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်/တပ်မဟာ(၂)တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်သည့်အတွက် အသက် (၄)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကေအဲန်ယူ တောင်ငူခရိုင်၊ သံတောင်မြို့နယ် ဘယ်ခါလေးခိုကျေးရွာထဲသို့ မေလ ၅ ရက်နေ့ ညနေ ၄နာရီဝန်းကျင်တွင် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်မှ ဗုံးသီး ၄ လုံးဖြင့် လည်းကောင်း၊ သစ်ခိုဒဲ ကျေးရွာတွင် ဗုံး၂ လုံးဖြင့် လည်းကောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပုံအရတော့ ကလေးက ခေါင်းတစ်ချက်ပဲထိပြီး ဆုံးသွားတယ်။ အသက် ၄နှစ်ပဲရှိသေးတယ်။ ဒဏ်ရာရတဲ့ သူကတော့ ၄ ယောက်ရှိတယ်။ အဲဒီ၄ယောက်က အသက်အန္တရာယ်တော့မရှိဘူး။ ဒါပေမယ့် ဒဏ်ရာတော့ နည်းကြီးတယ်။ ဘာတိုက်ပွဲမှဖြစ်တာဘဲမရှိဘူး။ ဒီလိုပဲ လာပစ်သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီလေကြာင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားရှိခိုးကျောင်းအဆောက်အဦး နှင့် လူနေအိမ်အချို့ အနည်းငယ်ထိခိုက်သွားသလို လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်လာမည်ကိုလည်း ဒေသခံဘက်မှ စိုးရိမ်နေကြကြောင်း သိရသည်။
ကေအဲန်ယူ ထိန်းချုပ်သည့် နယ်မြေများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာလျက်ရှိပြီး လူနေအိမ်အဆောက်အဦး၊ ဘာသာရေးအဆောက်အဦးနှင့် ပညာရေးအဆောက်အဦးများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရမှုများလာကြောင်း ကရင်လူမှုအဖွဲ့အစည်းများ၏ ပြုစုထားသောအချက်အလက်အရ သိရသည်။



















