Home သတင်း UID ကဒ်ပြုလုပ်ရာတွင် ပွဲစားအခကြေးငွေ ကျပ် ၅ သောင်းအထိ ပေးဆောင်နေရ

UID ကဒ်ပြုလုပ်ရာတွင် ပွဲစားအခကြေးငွေ ကျပ် ၅ သောင်းအထိ ပေးဆောင်နေရ

613

မေလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက်အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဖြတ်သန်းသွားလာခွင့်ရရှိရန် Unique Identification Number-UID ကုဒ်နံပါတ် ၁၀ လုံးပါ (ဒီဂျစ်တယ် မှတ်ပုံတင် စမတ်ကဒ်) ကို ပြုလုပ်ရာတွင် ပွဲစားခကြေးငွေ ကျပ် ၅ သောင်းအထိ ပေးဆောင်နေရကြောင်း ကဒ်သွားရောက်ပြုလုပ် သူများက ပြောသည်။

အဆိုပါ UID ကဒ်ပြုလုပ်ရာတွင် မြို့နယ်ဦးစီးမှူးရုံး၌ သွားရောက်တန်းစီရပြီး လူဦးရေများလွန်၍ အမြန်ရယူလိုသူများ အနေဖြင့် ဌာနဆိုင်ရာနှင့် နီးစပ်သည့် ပွဲစားဆိုသူများကို ကျပ် ၅ သောင်းပေးလျှင် တန်းစီစရာမလိုအပ်ဘဲ တုံကင်နံပါတ်ရှေ့ဆုံးကနေသွားရောက် ပြုလုပ်၍ရနေကြောင်း UID ကဒ်သွားရောက် ပြုလုပ်သူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ပွဲစားပေါက်စျေးကတော့ ၅ သောင်းအထိရှိတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူကတော့ နေပူထဲမှာ အကြာကြီး တန်းစီပြီးစောင့်ရတာပေါ့။ ပိုက်ဆံရှိတဲ့သူ ပွဲစားကိုပိုက်ဆံပေးလိုက်ရင် နံပါတ်ထိပ်ဆုံးကို ရောက်သွားတယ်။ ပြီးရင်ပွဲစားက သူ့ကိုပိုက်ဆံပေးထားတဲ့လူတွေကိုစုပြီး ရှေ့ဆုံးမှာ တန်းစီးပြီး ရင်ရပြီးလေ။ အခုလည်းပွဲစားနဲ့ လုပ်တဲ့သူတွေများလာတယ်။ ဒေသအသီးသီး လာလုပ်တာဆိုတော့ လူတွေအများကြီးပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

နယ်စပ်ဖြတ်ကျော်သွားလာခွင့်ကို မေလ ၁ ရက်နေ့မှစတင်ကာ UID (ခေါ်) စမတ်ကဒ် ပါရှိမှာသာ သွားလာခွင့်ပြုမည်ဟု စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က အသိပေးကြေညာခဲ့သည်။

နယ်စပ်ဖြတ်ကျော်ခွင့်ရရှိရန် ထိုသို့ကဒ်ပြုလုပ်ရာတွင် လဝက အရာရှိများ နှင့် ပွဲစားဆိုသူများ ကပူးပေါင်း၍ ငွေကြေးအဆမတန် တောင်းခံနေသည့်အပြင် ထိုင်းနိုင်ငံ ဘက်မှသွား ရောက်ပြုလုပ်နေသူများကိုလည်း တံဆိပ်တုံးမထုပေးဘဲ ရက်ချိန်းပြန်လည်ပေးသည့် ပုံစံများလည်းရှိကြောင်း သွားရောက်ပြုလုပ်သူများက ပြောဆိုသည်။

ထို့အတူ UID ကဒ်ကို ပွဲစားများနှင့် မပြုလုပ်ဘဲ မိမိကိုယ်တိုင်သွားရောက် ပြုလုပ်ပါက ပြုလုပ်ပေးသည့် တာဝန်ရှိသူများက ရက်ချိန်းပြန်ပေးကာ တန်းစီစောင့်ခိုင်းထားပြီး ပွဲစားနှင့်လုပ်ကိုင်သူများမှာ တစ်ရက်အတွင်း ကဒ်ရရှိသည်ဟု ထိုင်းဘက်ခြမ်း သွားရောက်ပြုလုပ်သူတစ်ဦးက ပြောသည်။

၎င်းက “ပွဲစားကိုပိုက်ဆံပေးပြီးလုပ်တဲ့သူတွေက တန်းစီရင်လည်းထိပ်ဆုံးကနံပါတ်ရတယ်။ ကဒ်လည်း တစ်ရက်တည်းနဲ့ပြီးတယ်။ ကိုယ့်ဘာကိုယ်သွားလုပ်တဲ့သူဆို အထဲကလူကြီးတွေ တော်တော်ရစ်တယ်။ အော်ဟောက် ပြီးရင်နောက်ရက်တွေ မှပြန်လာဖို့ ရက်ချိန်းပေးတယ်။ ပွဲစားလူတွေအရင်လုပ်ပြီးမှ ကျန်တဲ့သူတွေလုပ်တော့ တန်းစီပြီးစောင့်နေရတာပေါ့” ဟု ပြောသည်။

ယခုလို စမတ်ကဒ်ရရှိရန် ပွဲစားများဖြင့် လာဘ်ထိုး လုပ်ဆောင်သည့် အကျင့်ပျက် လုပ်ဆောင် ချက်များ ကြောင့် ငွေကြေးတတ်နိုင်သူများအနေဖြင့် အဆင်ပြေ ချောမွေ့ကြသော်လည်း အခြေခံနေ့စား အလုပ် သမားများ အတွက် စားဝတ်နေရေး နှင့် လုပ်ကိုင်ရေးအတွက် ခက်ခဲမှုများရှိလာကြောင်း မြဝတီမြို့ခံများက ပြောသည်။

နယ်စပ်တံတားပေါ် ဖြတ်သန်းခွင့်ရရှိနိုင်ရန် UID ကဒ် ပြောင်းလဲအသုံးပြုလာသောကြောင့် ပြစ်မှု ကျူးလွန်ထားသူများ၊ နိုင်ငံရေးလုပ်၍ အလိုရှိသူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) လုပ်ထားသော ဝန်ထမ်းများကို စုံစမ်းစစ်ဆေးတွေ့ရှိပါက တံတား ဖြတ်သန်းခွင့်မပြုဘဲ ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နိုင်ရန်အတွက် ယခုလို နည်းပညာနှင့် ချိတ်ဆက် စစ်ဆေးသော စနစ်ကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်းလည်း မြဝတီ လဝကနှင့် နီးစပ်သည့် မြို့ခံများက ပြောသည်။