မေလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ရာဇဝတ်မှုကျူးလွန်သူများနှင့်ဆက်နွယ်နေသည့် အစုအဖွဲ့နှင့်လူပုဂ္ဂိုလ်များကို စုံစမ်းဖော်ထုတ်နေသော Justice for Myanmar-JFM အဖွဲ့က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်နေ သော ကရင်နယ်ခြားစောင့်တပ် BGF/KNA နှင့် အပေါင်းအပါများအား သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ရန် မေလ (၂၂)ရက်နေ့စွဲဖြင့် ထုတ်ပြန်တောင်းဆိုလိုက်သည်။
ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တရုတ်နှင့်ဟောင်ကောင်နိုင်ငံမှ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တို့နှင့်ပူးပေါင်း၍ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့သစ်တွင် အွန်လိုင်းလိမ်လည်ဒုစရိုက်လုပ်ငန်းများ၊ တရားမဝင် ကာစီနို ရုံများ တည်ထောင် စီးပွားရှာနေသော စစ်ကောင်စီ၏မဟာမိတ် BGF/ကရင်အမျိုးသားတပ်မတော်-KNA ၏ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ကျူးလွန်သူများနှင့်အတူအရေးယူရန် JFM က တောင်းဆိုထားခြင်းဖြစ်သည်။
“BGF/KNA တပ်ဟာ ဒီရာဇဝတ်မှုတွေအတွက် အပြစ်ပေးခံရတာမရှိဘဲကျူးလွန်နေတာပါ။ စစ်ကောင်စီက ပြည်သူတွေအပေါ်လည်း အကြမ်းဖက်နေသလို ဒီလုပ်ငန်းတွေဆီကနေ အကျိူးအမြတ်ရနေပါတယ်။ BGF နဲ့သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုပါတယ်။ ဒေသအလိုက်အာဏာပိုင်တွေလည်း ဒီရာ ဇဝတ်မှုတွေမှာ သူတို့နိုင်ငံသားတွေ၊ နေထိုင်သူတွေ ကုမ္ပဏီတွေရဲ့ ပါဝင်မှုကို စုံစမ်းဖို့ပိုလုပ်ရမှာဖြစ်ပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်အတွင်း ပြောသည်။
BGF/KNA ၏ မလေးရှားနိုင်ငံသားအဖြစ်ခံယူထားသူများ ဦးဆောင်သော ရထိုက်ကုမ္ပဏီ(YIGH)နှင့် ဖက်စပ်စီးပွား ရေးအဖြစ် ရထိုက်မြို့သစ်စီမံကိန်း (ခေါ်) ရွှေကုက္ကိုလ်စီမံကိန်း ဖြင့် ရာဇဝတ်မှုအတွင်း ပတ်သက်မှုများသာမက ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီများ၊ ထိုင်းနိုင်ငံသားများတို့အကြား စီးပွားရေးဆက်နွယ်မှုကိုလည်း JFM အနေဖြင့် သုတေသနပြုစု ဖော်ထုတ်ထားကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရှိရသည်။
ထို့ကြောင့် ထိုင်းနှင့်မလေးရှားနိုင်ငံတို့မှ အာဏာပိုင်များအနေဖြင့် ၎င်းရာဇဝတ်မှုတွင် ပါဝင်ပတ် သက်နေ သူများအား အထူးစုံစမ်းစစ်ဆေးရမည်ဖြစ်သလို ၂၀၂၅ ခုနှစ်တွင် အလှည့်ကျအာဆီယံဥက္ကဋ္ဌဖြစ်လာမည့် မလေး ရှားနိုင်ငံအနေဖြင့် အပြစ်ပေးအရေးယူမှု မပြုလုပ်ပါက မြန်မာ့အကျပ်အတည်း ဆောင်ရွက်ရာတွင် လူအများ၏ ယုံကြည်မှုကို မရရှိနိုင်ကြောင်းလည်း JFM က ထုတ်ပြန်ချက်အတွင်း ထည့်သွင်းပြောဆိုသည်။

“ထိုင်းနိုင်ငံဟာ စစ်အုပ်စုနဲ့စီးပွားရေးလုပ်ငန်းတွေကနေတဆင့် နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာ ပါဖြစ် နေသလို BGF/KNA နဲ့ပတ်သက်နေတဲ့ ထိုင်းကုမ္ပဏီနဲ့နိုင်ငံသားတွေအပေါ်မှာလည်း အရေးယူဖို့ ပျက်ကွက် နေပါတယ်။ ထိုင်းရောမလေးရှားရောက မြန်မာပြည်သူတွေအပေါ် ပိုပြီးထိခိုက်စေဖို့ ခွင့်ပြု ပေးနေတာထက် အကျပ်အတည်းဖြေရှင်းရေး လမ်းကြောင်းပြောင်းလဲ လုပ်ဆောင်ဖို့လိုပါပြီ” ဟု မရတနာမောင်က ဆိုထားသည်။
JFM က သုတေသနပြုမှုအရ စံမြင့်အမည်ဖြင့်လွှဲပြောင်းအသုံးပြုနေသော BGF/KNA ၏ ဗိုလ်မှူးကြီးစောချစ်သူနှင့် ၎င်း၏မိသားစုဝင်များသည် ရှယ်ယာခွဲဝေပိုင်ဆိုင်ခြင်းဖြင့် BGF/KNA ၏ စီးပွားရေးလုပ်ငန်းကြီး(၆)ခုကို ထိန်းချုပ် ထားသလို ဆိုက်ဘာငွေလိမ်ခြံဝန်းနှစ်ခုဖြစ်သည့် Apollo Park နှင့် Yulong Bay Park တို့တွင်လည်း ရှယ်ယာရှင်များဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ထိုင်းနိုင်ငံမှ EXIM ဘဏ်၊ Bangkok ဘဏ်၊ Kasikorn ဘဏ်နှင့် Krungthai ဘဏ် ကိုယ်စားလှယ်များ၏ ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးမှုအတွက် ရွှေကုက္ကိုလ်မြို့ရှိ BGF ထံသို့ နယ်စပ်လမ်းကြောင်းမှ တဆင့် သွားရောက်ခဲ့ သည့်ခရီးစဥ်ကိုလည်း သုတေသနအတွင်း ထည့်သွင်းဖော်ပြထားသည်ဟု JFM က ဆိုသည်။
ရထိုက်လုပ်ငန်းစုနှင့် BGF တို့ ပူးပေါင်းကာ မြန်မာ-ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစု(Myanmar Yatai International Holding Group) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာနတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီရှယ်ယာကို ကမ္ဘောဒီးယားနိုင်ငံသားက ၆၇ ဒသမ ၆၈ ရာခိုင်နှုန်း၊ မလေးရှားလုပ်ငန်းရှင်နှစ်ဦးက ၁၂ ဒသမ ၃၂ ရာခိုင်နူန်း၊ BGF က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအဖွဲ့-ISP ၏ ရွှေကုက္ကိုလ်စီမံကိန်းအကြောင်း လေ့လာချက်အရ သိရသည်။
BGF သည် စစ်ကောင်စီထံမှ လစာမယူတော့ဘဲ KNA အဖြစ် သီးခြားရပ်တည်တော့မည်ဖြစ်ကြောင်း ယခုနှစ် ဆန်းပိုင်းက အတိအလင်းပြောဆိုခဲ့သော်လည်း မကြာသေးမီကဖြစ်ပွားခဲ့သည့် ကေအဲန်ယူလက်အောက်ရှိ ပူးပေါင်းတပ်များ၏ မြဝတီမြို့နယ် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီကို အထောက်အပံ့ပေးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ဆိုသည်။



















