Home သတင်း နတ်သံကွင်းမြို့ခံများ စစ်ဘေးတိမ်းရှောင်နေရသည်မှာ ၅ လ နီးပါးရှိလာသော်လည်း နေရပ်မပြန်ရဲသေး

နတ်သံကွင်းမြို့ခံများ စစ်ဘေးတိမ်းရှောင်နေရသည်မှာ ၅ လ နီးပါးရှိလာသော်လည်း နေရပ်မပြန်ရဲသေး

612
Photo: CIDKP (KNU အုပ်ချုပ်နယ်မြေမှ စစ်ဘေးရှောင်အချို့)

မေလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃) ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်၊ နတ်သံကွင်းမြို့တွင် နှစ်ဖက်တိုက်ပွဲကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလပိုင်းမှစ၍ လက်ရှိအချိန်ထိ နေရပ်စွန့်ခွာရှောင်တိမ်းနေရသော ဒေသခံများ စစ်ရှောင်ကာလ (၅)လ နီးပါးရှိလာသော်လည်း ယနေ့အချိန်ထိ မပြန်ရဲကြသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတို့အကြား တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီက မြို့တွင်းသို့လက်နက်ကြီး နေ့စဥ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ သည့်အပြင် နတ်သံကွင်းမြို့အတွင်းသို့ ပြန်လာသူဒေသခံအချို့အား ဖမ်းဆီးမှုများရှိခဲ့သဖြင့် မြို့ခံအများစုမှာ ယနေ့ထက်ထိ နေအိမ်မပြန်ရဲကြခြင်းဖြစ်သည်။

စစ်ရှောင်အမျိုးသားတစ်ဦးက “အခုကတော့ နတ်သံကွင်းမြို့ထဲကနေ အပြင်ကိုလက်နက်ကြီးတွေပစ်တယ် ။ မြို့ထဲတော့ လက်နက်ကြီးကျတာမရှိတော့ဘူး။ မြို့ထဲပစ်ချလည်း သူတို့လူပဲရှိတာလေ ။ ဘယ်သူမှတော့ အိမ်မပြန်ရဲကြသေးဘူး။ အခု (၅)လ ပိုင်း (၂၆) ရက်နေ့ဆို မပြန်ရတာ ၅ လပြည့်တော့မယ်။ အလှူရှင်ကတော့ ဘယ်ကမှမလာဘူး။ မိသားစုလေး‌ယောက်စာ ဆန်တစ်အိတ်တော့ရဖူးတယ်။” ဟု အဆိုပါ စစ်ရှောင်အမျိုးသားက ကေအိုင်စီသို့ ပြောသည်။

တပ်မဟာ(၃)နယ်မြေတစ်ခုလုံးအားဖြင့် စစ်ရှောင်သူဦးရေ ၂ သိန်းကျော်ရှိနေသည့်အခြေအနေတွင် နတ်သံ ကွင်းမြို့စစ်ဘေးရှောင်ပြည်သူများသာမက အခြားမြို့နယ်၊ ကျေးရွာများမှ စစ်ဘေးရှောင်အားလုံး၏လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရန် ကေအဲန်ယူအပါအဝင် အရပ်ဖက်စစ်ရှောင်ကူအဖွဲ့များအနေဖြင့်လည်း အကန့်အသတ်ရှိနေကြောင်း ဒေသအခြေစိုက် စစ်ရှောင်ကူအဖွဲ့များထံမှ သိရသည်။

Photo: CIDKP (KNU အုပ်ချုပ်နယ်မြေမှ စစ်ဘေးရှောင်အချို့)

ထို့အတူ စစ်ပြေးဒုက္ခကြောင့် စိုက်ပျိုးရေးမလုပ်ကိုင်နိုင်သဖြင့် နတ်သံကွင်းမြို့ဘေးရှိ လယ်ဧကပေါင်းထောင်ချီ ဆုံးရှုံးမှုများ တွေ့ကြုံခဲ့ရသလို ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးရေးပြန်လည်လုပ်ကိုင်နိုင်ခြင်းမရှိမည်ကိုလည်း စိုးရိမ် နေရသည်ဟု လယ်စိုက်တောင်သူအချို့က ဆိုသည်။

နတ်သံကွင်းမြို့ခံလယ်စိုက်တောင်သူက “ဒီမှာက စစ်ရှောင်နေရာ သီးသန့်မရှိဘူး။ ကေအဲန်ယူလည်း ဘယ်တတ်နိုင်မလဲ၊ နတ်သံကွင်းတစ်ခုတည်းတောင် စစ်ရှောင်က နည်းတာမှမဟုတ်တာ။ နတ်သံကွင်း ဘေးနားလေးက လယ်တွေကတော့ သူ့ရာသီကတည်းက စိုက်ပျိုးရိတ်သိမ်းဖို့မလွယ်လို့လယ်ဧကထောင်ချီ ဆုံးတယ်။ ပဲတောင်ပြန်စိုက်လို့မရဘူး။” ဟု ပြောသည်။

၂၀၁၄ ခုနှစ်၊ စစ်ကောင်စီသန်းခေါင်စာရင်းအရ လူဦးရေ ကိုးထောင်နီးပါးနေထိုင်သော နတ်သံ ကွင်းမြို့အတွင်းအပြင်ရှိ ဒေသခံများမှာ ဘေးလွတ်ရာ ကျေးရွာများသာမက ညောင်လေးပင်၊ ဖြူး အစရှိ သည့်မြို့ပေါ်များအထိ သွားရောက်တိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။